
နေပြည်တော် မေ ၉
(၃၂)ကြိမ်မြောက် ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ နောက်ဆုံးနေ့ ကို မေ ၉ ရက်က ဆက်လက်ကျင်းပရာ မြန်မာဗိုဗီနမ် အဖွဲ့က ငွေတစ်ခု၊ ကြေးလေးခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲသုံးရက် ဆက်တိုက် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့သော်လည်း နောက်ဆုံးနေ့တွင်မူ ရွှေဆုနှင့် လွဲချော်ပြီး ဆုတံဆိပ် ငါးခုသာ ရယူနိုင်ခဲ့သည်။
မြန်မာဗိုဗီနမ်အဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး ၅၀ ကီလိုတန်းတွင် နှင်းသက်ဝေ၊ ကြေးတံဆိပ်ဆုများကို အမျိုးသမီးနှစ်ယောက်တွဲ ဓားမြှောင်အတိုက်ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်နှင့် အိန္ဒြေဖူးအတွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ဓားရှည် အတိုက်အပြပြိုင်ပွဲတွင် စုဝတီဌေးနှင့် အိန္ဒြေဖူးအတွဲ၊ အမျိုးသမီး ဓားမြှောင်နှစ်လက်အပြပြိုင်ပွဲတွင် ခိုင်ဝါဖူးနှင့် အမျိုးသားလေးယောက်တွဲ လက်နက်ပါ အပြပြိုင်ပွဲတွင် ထွန်းဝင်းနိုင်၊ မျိုးထက်ဇော်၊ မနားကွီး နှင့် အိုက်စိုးလင်းအတွဲတို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်း ဗိုဗီနမ်ပြိုင်ပွဲကို မေ ၆ ရက်မှ ၉ ရက် အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲအမျိုးအစား ၃၀ ထည့်သွင်း ကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မြန်မာဗိုဗီနမ်အဖွဲ့က ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ၁၇ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၄ နေရာရခဲ့ပြီး အိမ်ရှင် ကမ္ဘောဒီးယားအသင်းက ရွှေ ၁၀ ခု၊ ငွေရှစ်ခု၊ ကြေး ကိုးခုဖြင့် နိုင်ငံအလိုက် ပထမနေရာ၊ ဗီယက်နမ် အဖွဲ့က ရွှေခုနစ်ခု၊ ငွေ ၁၂ ခု၊ ကြေးတစ်ခုဖြင့် ဒုတိယ၊ ထိုင်းအဖွဲ့က ရွှေငါးခု၊ ငွေသုံးခု၊ ကြေးရှစ်ခုဖြင့် တတိယနေရာ ရပ်တည်ခဲ့သည်။
ရဲရင့်လွင်