
ရန်ကုန် မေ ၁၀
ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲ၏ Mixed Team ပွဲစဉ် ဗိုလ်လုပွဲကို မေ ၁၀ ရက်က ကျင်းပရာ မြန်မာကြက်တောင်အသင်း ငွေတံဆိပ်ဆု ဖြင့် ကျေနပ်ခဲ့ရသည်။ ဗိုလ်လုပွဲတွင် မြန်မာနှင့် အိမ်ရှင်ကမ္ဘောဒီးယား အသင်း ယှဉ်ပြိုင်ကစားရာ ကမ္ဘောဒီးယားအသင်းက သုံးပွဲ-နှစ်ပွဲဖြင့် အနိုင်ရ ရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ Mixed Team အသင်းလိုက်ပြိုင်ပွဲဖြစ်သောကြောင့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တွင် ဟိန်းထွဋ်က ကမ္ဘောဒီးယားကစားသမားကို နှစ်ပွဲပြတ်အရေးနိမ့်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ အတွဲက နှစ်ပွဲပြတ်အရေးနိမ့်သော်လည်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအတွဲက ၂- ၁ ပွဲ ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။
အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ကမ္ဘောဒီးယားအတွဲက အနိုင်ရသဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း သည် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရပြီး ဘရူနိုင်းအသင်းနှင့် တွေ့ဆုံခဲ့ကာ သုံးပွဲ- ပွဲမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ သည်။
Mixed Team ပြိုင်ပွဲကို ကြက်တောင်ဖွံ့ဖြိုးစနိုင်ငံများအတွက် ကျင်းပပေးခြင်းဖြစ်ပြီး အင်အားကြီးနိုင်ငံများမပါဝင်ဘဲ ကျန်ငါးနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ညီမြတ်သော်တာ