
ရန်ကုန် မေ ၁၂
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် (၃၁)ကြိမ် မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များကို မေ ၁၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် တီမောအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဖိလစ်ပိုင်အသင်းကို သုံးဂိုး-နှစ်ဂိုးတို့ဖြင့် အနိုင်ရထားပြီး နှစ်ပွဲစလုံး သုံးဂိုးစီ သွင်းယူနိုင်သော်လည်း ပေးဂိုးများရှိနေသဖြင့် တီမော၊ ဖိလစ်ပိုင်အသင်းထက် ခြေစွမ်းပိုကောင်းသည့် ဗီယက်နမ်နှင့် တွေ့ဆုံ ရမည်ဖြစ်သောကြောင့် ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင် နိုင်မှသာ ရလဒ်ကောင်းရယူနိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် နှစ်ပွဲဆက် အနိုင်ရထားသော်လည်း ဆီမီး ဖိုင်နယ်တက်ရောက်ရန် လက်ကျန်နှစ်ပွဲစလုံးမှာ အရေးပါနေသည်။ မြန်မာအသင်းအနေဖြင့် ပွဲကျပ်များမကစားမီ ရသင့်သည့် ရမှတ် ခြောက်မှတ်စလုံး ရယူထားနိုင်သဖြင့် ကျေနပ်စရာကောင်းသော်လည်း ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ အုပ်စု (က)တွင် မြန်မာအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစား လေးမှတ်၊ ဗီယက်နမ် အသင်းက နှစ်ပွဲကစား လေးမှတ်၊ အင်ဒိုနီးရှားအသင်းက နှစ်ပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းက သုံးပွဲကစား သုံးပွဲစလုံး အရေး နိမ့်ကာ အမှတ်မရဘဲ အုပ်စုအဆင့်မှထွက်ရန် သေချာသွားပြီဖြစ်သည်။ ထို့ကြောင့် ယနေ့ကစားမည့် နှစ်ပွဲစလုံးမှာ ဆီမီးဖိုင်နယ် တက်ရောက် ရန် အရေးပါနေပြီး အနိုင်ရသည့်အသင်းမှာ ဆီမီးဖိုင်နယ် တက်ရောက် ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။ ယင်းလေးသင်းအနက် နောက်ဆုံးပွဲကစားရမည့် ဖိလစ်ပိုင်အသင်းမှာမူ အနိုင်ရမှသာ နောက် တစ်ဆင့်တက်နိုင်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ပြီး အရေးနိမ့် ပါက အုပ်စုအဆင့်မှထွက်ရန် သေချာသလောက် ရှိသွားမည်ဖြစ် သည်။
ရဲရင့်လွင်