ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာအသင်း တီမောအသင်းနှင့် စတင်ကစားရမည်

 

ရန်ကုန်   ဧပြီ   ၁၉


(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ    ထုတ်ပြန်လိုက်ပြီဖြစ်ပြီး   မြန်မာ အသင်းသည် တီမောအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

 


အုပ်စုပွဲများကို ဧပြီ ၂၉ ရက်မှ မေ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး      ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲတွင်   အရှေ့တောင်အာရှ  ၁၁  နိုင်ငံအနက် ဘရူနိုင်းမှလွဲ၍ ကျန် ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။   အုပ်စုခွဲဝေထားမှုအရ  အုပ်စု (က) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် လာအို အသင်းတို့ ပါဝင်နေသည်။  မြန်မာအသင်းသည် အုပ်စုလေးပွဲကို ကိုးရက် အတွင်း ကစားရမည်ဖြစ်ပြီး   မြန်မာအသင်းသည်  အုပ်စုပွဲများအဖြစ် မေ ၂ ရက်တွင် တီမောအသင်း၊ မေ ၄ ရက်တွင် အင်ဒိုနီးရှားအသင်း၊ မေ  ၇  ရက်တွင်  အိမ်ရှင်ကမ္ဘောဒီးယားအသင်း၊  မေ ၁၀ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 


မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် အင်ဒိုနီးရှား၊ အိမ်ရှင်ကမ္ဘောဒီးယားတို့နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ မြန်မာ အသင်းသည် ပြီးခဲ့သည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် တစ်အုပ်စု တည်း ကျရောက်ခဲ့သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နှင့် တစ်အုပ်စု တည်း ပြန်လည်ကျရောက်နေခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့ သည့် အကြိမ်တွင် ဖိလစ်ပိုင်နှင့် တီမောကို အနိုင်ရကာ အင်ဒိုနီးရှားကို အရေးနိမ့်ခဲ့သည်။

 


ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့်မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ် အဖြစ် ဂျာမနီနိုင်ငံသား ဖိုက်အွန်ဘိုင်နာက ကိုင်တွယ်လျက်ရှိပြီး ပြိုင်ပွဲအကြိုအဖြစ် ထိုင်းနိုင်ငံ၌ တစ်ပတ်ကျော်သွားရောက်လေ့ကျင့်ကာ ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF