
ရန်ကုန် ဧပြီ ၂၈
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ဧပြီ ၂၉ ရက် (ယနေ့) စတင်ကျင်းပ မည်ဖြစ်ပြီး အုပ်စု (က) ပွဲစဉ်များ စတင်ကျင်းပမည်ဖြစ်သည်။
ဆီးဂိမ်း အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုပွဲများကို ဧပြီ ၂၉ ရက် မှ မေ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု (ခ)တွင် ဗီယက်နမ်၊ ထိုင်း၊ မလေး ရှား၊ စင်ကာပူနှင့် လာအိုတို့ ပါဝင် နေသည်။ အုပ်စု (က) ပထမနေ့ တွင် မြန်မာအသင်း ပွဲစဉ်မပါဝင်ဘဲ ကျန်လေးသင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စုပထမနေ့အဖြစ် ဧပြီ ၂၉ ရက်(ယနေ့) မြန်မာစံတော် ချိန် ညနေ ၃ နာရီခွဲတွင် အင်ဒို နီးရှားအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်း နှင့် တီမောအသင်းတို့ စတင်ကစား မည်ဖြစ်သည်။
အုပ်စု(က)တွင် ဆီမီးဖိုင်နယ် တက်ရောက်ရန် အင်ဒိုနီးရှား၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ အခြေအနေကောင်းနေပြီး ယင်း သုံးသင်း အပြိုင်လုရဖွယ် ရှိနေ သည်။ မြန်မာအသင်းသည် ဧပြီ ၂၉ ရက် ကျင်းပမည့် အုပ်စု (က) ပထမနေ့တွင် ပွဲစဉ်မပါဝင်ဘဲ မေ ၂ ရက်မှ စတင်ကစားရမည် ဖြစ်သည်။
သို့သော် အုပ်စုလေးပွဲကို မေ ၂ ရက်မှ ၁၀ ရက်အထိ ကိုးရက်အတွင်း ကစားရမည် ဖြစ်သည်။
ကိုညီလေး