ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအဖွင့်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယား ဂိုးပြတ်နိုင်ပြီး အင်ဒိုနီးရှားလည်း သုံးမှတ်ရယူ

 

ရန်ကုန်    ဧပြီ    ၂၉


(၃၂) ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ  အုပ်စု (က) ပထမနေ့ကို ဧပြီ ၂၉ ရက်က ကမ္ဘောဒီးယား နိုင်ငံတွင် စတင်ကျင်းပရာ အိမ်ရှင်ကမ္ဘောဒီးယားအသင်း  အဖွင့်လှခဲ့ပြီး အင်ဒိုနီးရှားအသင်းလည်း သုံးမှတ် စတင်ရယူနိုင်ခဲ့သည်။    

 


အုပ်စု  (က)  ပထမနေ့တွင်   မြန်မာ အသင်းပွဲစဉ်မပါဝင်ဘဲ ကျန်လေးသင်း ယှဉ်ပြိုင်ကစားခဲ့ကာ   အင်ဒိုနီးရှား အသင်းက  ဖိလစ်ပိုင်အသင်းကို သုံးဂိုး ပြတ်၊ အိမ်ရှင်ကမ္ဘောဒီးယားအသင်းက တီမောအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ သည်။ အိမ်ရှင်ကမ္ဘောဒီးယားအသင်းမှာ မူ  တီမောကို ဂိုးပြတ်သွင်းပြီး အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် မျက်နှာပန်းလှ သွားခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင် အဖြစ်  ပထမဆုံးလက်ခံကျင်းပသည့် ကမ္ဘောဒီးယားအသင်းအနေဖြင့် ရလဒ် ကောင်းရယူနိုင်ရန် ကြိုတင်ပြင်ဆင် ထားပြီး အဖွင့်ပွဲတွင် ရလဒ်ကောင်းရယူ ခဲ့ခြင်းဖြစ်သည်။  

 


တီမောအသင်းမှာမူ ပွဲအစပိုင်းသာ       ကမ္ဘောဒီးယားကို  ယှဉ်ကစားနိုင်ကာဂိုးများပေးလိုက်ရပြီး     နောက်ပိုင်း ရုန်းကန်ခဲ့ရသည်။     ကမ္ဘောဒီးယား အသင်းသည်   ပွဲစကတည်းက တိုက်စစ် ဖွင့်ကစားခဲ့ပြီး  ၃၉၊  ၄၅   မိနစ်တွင်   ချူဆန်တီ၊  ၇၄   မိနစ်တွင် ရာတာနာ၊ ၈၃ မိနစ်တွင် ပီဆော့သ်တို့က သွင်းယူ ခဲ့သည်။

 


အင်ဒိုနီးရှားအသင်းသည် ပွဲပြီးခါနီး တွင်    သွင်းယူသည့်ဂိုးများဖြင့်  ဂိုးပြတ် အနိုင်ရခဲ့ပြီး         အဖွင့်လှခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ပထမပိုင်း ပြီးခါနီးတွင်  မာစီလီနိုသွင်းယူသည့် ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ကျန်အနိုင်ဂိုး နှစ်ဂိုးကိုမူ ဒုတိယပိုင်းပြီးခါနီးတွင် ရရှိခဲ့ ခြင်းဖြစ်သည်။    

 


အင်ဒိုနီးရှားအသင်းအတွက် အနိုင် ဂိုးများကို နာကျင်အချိန် ပိုတွင် ဖာဂျာ နှင့် အီဖန်တို့က သွင်းယူခဲ့သည်။
ဧပြီ  ၃၀ ရက် (ယနေ့) တွင် အုပ်စု (ခ) ပထမနေ့အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနှင့် စင်ကာပူ၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်နှင့်        လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-sea games 2023