
ရန်ကုန် မေ ၂
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၂ ရက် က အိုလံပစ်ဘောလုံးကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။
အဆုံးသတ်မသေချာ
မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် တီမော အသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အနိုင်သုံးမှတ် ရယူနိုင်ခဲ့သော်လည်း ကျဉ်းမြောင်းသည့်ရလဒ်ဖြင့် သာ အနိုင်ရခဲ့သည်။ မြန်မာအသင်းအနေဖြင့် အဆုံးသတ်မသေချာခြင်း၊ ပထမပွဲတွင် အရေးနိမ့် ထားသည့် တီမောအသင်း၏ ရုန်းကန်မှုများကြောင့် ဒုတိယပိုင်းတွင်သွင်းယူသည့် တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အနိုင်ရရန် တိုက်စစ်မြှင့်
မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် မလေးရှားကလပ် ဆီလန်ဂေါအသင်း၌ ကစားနေ သည့် ဟိန်းထက်အောင်အပါအဝင် ပြည့်ဖြိုးသူ (ဂိုး)၊ ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ ကောင်းထက်ပိုင်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ခွန်ကျော်ဇင်ဟိန်း၊ စွမ်းထက်၊ ဥက္ကာနိုင်တို့ဖြင့် လူစုံခဲ့ သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးရနိုင် သည့် အခွင့်အရေးသုံးကြိမ်ထက်မနည်း ရခဲ့သော် လည်း အသုံးမချနိုင်ခဲ့ပေ။ ဟိန်းထက်အောင်နှင့် ခွန်ကျော်ဇင်ဟိန်းတို့ အပိုင်အခွင့်အရေးများ အသုံး မချနိုင်ခဲ့သလို ၂၄ မိနစ်တွင် တီမောအသင်း ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘောကန်ခွင့် ရရှိရာ ဟိန်းထက်အောင် ကန်သွင်းသော်လည်း တိုင်ထိထွက်သွားခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာ အသင်း အနိုင်ဂိုးရရန် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြှင့်လာခဲ့ သည်။ ၇၃ မိနစ်တွင် မြန်မာအသင်း အနိုင်ဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ပြန်လျှံ ထွက်လာသော ဘောလုံးကို နောက်ခံလူ သက်ဟိန်းစိုးက ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပွဲ အင်ဒိုနီးရှားနှင့်ကစားရမည်
ဒုတိယပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ကမ္ဘောဒီးယားအသင်းက နှစ်ပွဲကစား လေးမှတ် မြန်မာနှင့် အင်ဒိုနီးရှားအသင်းက တစ်ပွဲကစား တစ်ပွဲ နိုင် သုံးမှတ်၊ ဖိလစ်ပိုင်အသင်းက တစ်မှတ်ရထားကာ တီမောအသင်းမှာမူ နှစ်ပွဲစလုံး အရေးနိမ့်ထား သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မေ ၄ ရက် တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း - ရဲရင့်လွင်
ဓာတ်ပုံ - seagames 2023