
ရန်ကုန် ဧပြီ ၂၂
(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အုပ်စု ပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော်လီ ဘောအသင်းသည် မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘော်လီဘောအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲတွင် တစ်ကျော့ပြန်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့ နှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်း ဖြစ်သည်။ ဆီးဂိမ်း အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပသွား မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ကြသည်။ အုပ်စုပွဲများကို မေ ၉၊ ၁၀၊ ၁၁ ရက်တွင် သုံးရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး တစ်နေ့လျှင် အုပ်စုလေးပွဲနှုန်း ပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် မေ ၉ ရက်တွင် မလေးရှားအသင်းနှင့် စတင်ကစားရမည် ဖြစ်ပြီး မေ ၁၀ ရက်တွင် ထိုင်းအသင်း၊ မေ ၁၁ ရက်တွင် အင်ဒိုနီးရှားအသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး ဘော်လီဘောအသင်း သည် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ တွင် နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ယခုအကြိမ်မှသာ ပြန်လည် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ မြန်မာအမျိုး သမီး ဘော်လီဘောအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သုံးလကြာ သွားရောက် လေ့ကျင့်ထားသည်။ ရဲရင့်လွင်