
ရန်ကုန် မေ ၁၄
ဆီးဂိမ်းဘောလုံး အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို မေ ၁၄ ရက်က ဆက်လက် ကျင်းပရာ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ဗီယက်နမ်နှင့် ဖိလစ် ပိုင်၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မလေးရှား ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးနေ့တွင် အိမ်ရှင် ဗီယက်နမ်အသင်းက ကမ္ဘောဒီးယားအသင်းကို ခုနစ်ဂိုး ပြတ် အနိုင်ရခဲ့သည်။ ဗီယက်နမ် အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ခြောက်ဂိုးထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
အုပ်စု(က)ပွဲစဉ်များ ပြီးဆုံး သွားပြီဖြစ်ရာ ဗီယက်နမ်အသင်း က ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီး ဖိုင်နယ် တက်ရောက်သွားပြီး ကမ္ဘောဒီးယားအသင်းမှာမူ နှစ်ပွဲ စလုံးရှုံးကာ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။
အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) စတုတ္ထနေ့တွင် ထိုင်းအသင်းက ကမ္ဘောဒီးယား အသင်းကို ငါးဂိုးပြတ်အနိုင်ရပြီး မလေးရှားနှင့် စင်ကာပူအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ စင်ကာပူ အသင်းသည် မလေးရှားကို သရေသာကစားနိုင်သဖြင့် ဆီမီး ဖိုင်နယ် တက်ခွင့်ဆုံးရှုံးခဲ့ပြီး မလေးရှားအသင်းမှာမူ သုံးပွဲဆက် ရှုံးပွဲမရှိသေးဘဲ ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာသွားခဲ့ သည်။ နာမည်ကြီးထိုင်းအသင်း မှာလည်း နှစ်ပွဲဆက်တိုက် ဂိုးပြတ် နိုင်ပွဲရယူကာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ ယခုပွဲအပြီး တွင် မလေးရှားအသင်းက သုံးပွဲ ကစား ခုနစ်မှတ်ရရှိကာ ဆီမီး ဖိုင်နယ်တက်ရောက်ရန် သေချာ သွားပြီး ထိုင်းအသင်းက သုံးပွဲ ကစား ခြောက်မှတ်၊ စင်ကာပူ အသင်းက ပွဲကုန်လေးပွဲကစား ငါးမှတ်၊ ကမ္ဘောဒီးယားအသင်းက သုံးပွဲကစား သုံးမှတ်၊ လာအို အသင်းက သုံးပွဲကစား တစ်မှတ် ရရှိထားသည်။
ထိုင်းအသင်းသည် နောက်ဆုံးပွဲတွင် အနိမ့်ဆုံး သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ နောက်ဆုံးပွဲကို မေ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မလေးရှားနှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအို အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-VFF