
ရန်ကုန် စက်တင်ဘာ ၂
(၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်း ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စသည် ယခုနှစ်အတွင်းပြုလုပ်မည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပေါက်စသည် ယခုနှစ် မေလကကျင်းပသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ပြီး လက်ရှိတွင် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။ ပေါက်စသည် လက်ရှိလေ့ကျင့်ရာတွင်လည်း ရမှတ်များ ကောင်းမွန်နေပြီး တစ်ကြိမ်တည်းရမှတ် ၁၀၀၀ ကျော် ထိုးနိုင်သည့်အကြိမ်များလည်းရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ပေါက်စကို ယခုနှစ်အတွင်းပြုလုပ်မည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲနှစ်ခုနှင့် စင်ကာပူအိုးပင်း ဘိလိယက်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မင်းနိုင်က အတည်ပြုခဲ့သည်။
ပေါက်စသည် အောက်တိုဘာလဆန်းတွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် IBSF ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲနှင့် နိုဝင်ဘာတွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် WPBSA ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ( IBSF) က ပြုလုပ်သည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲမှာ မြန်မာကစားသမား များ ပုံမှန်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ပရော်ဖက်ရှင်နယ် ဘိလိယက်နှင့် စနူကာအဖွဲ့အစည်း ( WPBSA) ပြုလုပ်သည့် ကမ္ဘာ့ ဘိလိယက်ပြိုင်ပွဲမှာမူ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်။ ပေါက်စသည် WPBSA ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲမတိုင်မီ စင်ကာပူနိုင်ငံ၌ကျင်းပမည့် စင်ကာပူအိုးပင်းပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေါက်စသည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် အထူးလက်စွမ်းပြခဲ့ပြီး ဆီးဂိမ်းဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်သည့် ပထမဆုံး မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရဲရင့်လွင်