
ရန်ကုန် မေ ၁၁
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကျန်ရှိနေသည့် ပြည်တွင်းအားကစားအဖွဲ့များအနေဖြင့် မေ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
အရှေ့တောင်အာရှအားကစား (ဆီးဂိမ်း) ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကာယဗလအားကစားပြိုင်ပွဲ တွင် ၅၅၊ ၆၅၊ ၇၀၊ ၈၀၊ ၈၅ ကီလိုတန်း၊ အလွတ်တန်း ပြိုင်ပွဲ ၊ အမျိုးသမီးကာယဗလပြိုင်ပွဲ (Women Body building)၊ အမျိုးသား+အမျိုးသမီး( Miss Pair )စုံတွဲပြိုင်ပွဲ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
“အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ အရည်အသွေး ကောင်းတယ်။ ကျွန်တော်တို့ အဓိကယှဉ်ရမှာက ထိုင်းနဲ့ ဗီယက်နမ်ပါ။ အဲဒီ နှစ်နိုင်ငံကတော့ အင်ပြည့် အားပြည့်ပါပဲ။ အဲဒီနှစ်နိုင်ငံကိုတော့ အဓိကထား ယှဉ်ပြိုင်ရမှာပါ။ မြန်မာကာယဗလအဖွဲ့ကတော့ မေ ၁၄ ရက်ကနေစပြီး ပြိုင်ပွဲစတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရွှေ၊ ငွေ ၊ကြေး သုံးခုစလုံးကို မျှော်လင့် ထားပါတယ်”ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ နိုင်ငံတကာဒိုင်လူကြီး ဦးနေလင်းက ပြောသည်။
ထို့ပြင် ဂေါက်သီး(Golf) ၊ ပီတန်း၊ E-sports ၊ ကာယဗလ၊ ဘိလိယက်နှင့် စနူကာ၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ မြားပစ်အားကစားအဖွဲ့များတွင် နည်းပြ များ၊ အုပ်ချုပ်သူများ၊ အားကစားသမားများ ထွက်ခွာ သွားရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယ မြို့တော်၀န်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးများ၊ အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။
အဆိုပါ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဟနွိုင်းမြို့နှင့် အခြားမြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး