ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း မတ်လဒုတိယပတ်တွင် လေ့ကျင့်မည်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၈


မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လအတွင်းယှဉ်ပြိုင်ရမည့် ဆီးရီးယားအသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မတ်လဒုတိယပတ်တွင် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။         


မြန်မာ့လက်ရွေးစင်   အသင်း သည်  ပြည်တွင်းပြိုင်ပွဲဖြစ်သော MNL Cup ပြိုင်ပွဲ  အုပ်စုပွဲစဉ်များ ခေတ္တရပ်နားသည့်  မတ် ၁၀ ရက် နောက်ပိုင်း  စတင်လေ့ကျင့်မည် ဖြစ်ပြီး တစ်ပတ်ကျော်ပြင်ဆင်ချိန် ရရှိမည်ဖြစ်သည်။        မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည်  ဆီးရီးယား အသင်းနှင့်ပွဲအတွက်    ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ  ပထမ အကြိမ်၊   ဇန်နဝါရီ  ၂၅  ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ  ဒုတိယ အကြိမ် လေ့ကျင့်ထားပြီး ပြည်တွင်း ကလပ်အသင်းများနှင့်  ခြေစမ်းပွဲ သုံးပွဲ  ယှဉ်ပြိုင်ကစားထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲအဖြစ်  ဆီးရီးယားအသင်း နှင့် အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။           မြန်မာ့ လက်ရွေးစင်အသင်းသည်   မတ် ၂၁ ရက်တွင်   အိမ်ကွင်း၊  မတ် ၂၆ ရက်တွင် အဝေးကွင်း  ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယား  လက်ရွေးစင်အသင်း တို့၏ အိမ်ကွင်းပွဲကို မတ် ၂၁ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။     မြန်မာ့ လက်ရွေးစင်အသင်းသည်   ကမ္ဘာ့ ဖလားခြေစစ်ပွဲတွင်    နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။        မြန်မာ့ လက်ရွေးစင်အသင်းသည်    ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွင်  ဂျပန်အသင်း ကို   အဝေးကွင်း၌    ငါးဂိုးပြတ်၊ မြောက်ကိုရီးယား        အသင်းကို အိမ်ကွင်း၌  ခြောက်ဂိုး - တစ်ဂိုး ဖြင့်         အရေးနိမ့်ထားသည်။ ဆီးရီးယားအသင်းမှာမူ အိမ်ကွင်း နှစ်ပွဲဆက်          ကစားထားပြီး မြောက်ကိုရီးယား      အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရသော် လည်း ဂျပန်အသင်းကို  ငါးဂိုးပြတ် ရှုံးနိမ့်ထားသည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF