မြန်မာတို့၏ နေ့စဉ်အဓိက အစားအစာမှာ ဆန်နှင့် ဆီ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်းစစ်ကြည့်လျှင် ဆန်ဖူလုံ၍ ပိုလျှံသော်လည်း ဆီမဖူလုံသဖြင့် ပြည်ပမှ တင်သွင်းနေရသည်။ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင် သည့် မြေ၊ ရေနှင့် လူသားအရင်းအမြစ်များ ပြည့်စုံစွာ ရှိနေ သော်လည်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုက ရာနှုန်းပြည့် မဖြည့်ဆည်းနိုင်ခြင်းကြောင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ရှစ်သိန်းခန့် တင်သွင်းနေရ ခြင်းဖြစ်ရာ နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီတိုးမြှင့် ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးတို့အတွက် မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လူတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှအား ဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးလျက်ရှိပြီး နှစ်စဉ် စားသုံးရန်နှင့် လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိရာ လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရခြင်းကို ပြည်တွင်း စားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင်လည်းကောင်း၊ ပဲပုပ်နှင့် ပန်းနှမ်းတို့ကို ရှမ်းပြည်နယ် တွင် လည်းကောင်း၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး တွင်လည်းကောင်း အဓိကစိုက်ပျိုးကြခြင်းဖြစ်သည်။
စိုက်ပျိုးမြေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းသာ ဆီထွက်သီးနှံ စိုက်ပျိုးကြခြင်းဖြစ်ရာ ဆီထွက်သီးနှံစိုက်ပျိုးမှု နည်းပါးရခြင်း ၏ အကြောင်းတရားများသည် အခြားလယ်ယာသီးနှံများနှင့် နှိုင်းယှဉ်ပါက ဆီထွက်သီးနှံများက ရာသီဥတုဒဏ်မခံနိုင်ဘဲ အပျက်အစီးများမှု၊ ထွက်နှုန်းကောင်းသည့် မျိုးစေ့ရရန် ခက်ခဲမှု၊ ထွက်နှုန်းနည်းသည့်အတွက် တောင်သူများ ဝင်ငွေ နည်းမှုနှင့် အခြားနည်းပညာပိုင်း အားနည်းမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ စိုက်ပျိုးနေသည့် ဆီထွက်သီးနှံများ အနက် မြေပဲမှတစ်ပါး အခြားဆီထွက်သီးနှံများ၏ အထွက် နှုန်းများမှာ ရည်မှန်းချက်ကို မပြည့်မီဟုလည်း ဆိုသည်။ ပြည်တွင်းမှ ဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့ပြီး ပြည်ပမှ စားအုန်းဆီကို အဓိကပြန်လည်တင်သွင်းကာ နေကြာဆီ၊ ပဲပုပ်ဆီ စသည့်ဆီများကိုလည်း တင်သွင်းလျက်ရှိရာ ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့် အခြေအနေကို နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီ ဖူလုံရေးမူဝါဒချမှတ်၍ အားပေးမြှင့်တင်လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လမ်းညွှန်ချက်ပေးထားပြီး ပြည်တွင်း ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ပြည်တွင်းရှိ ဆီစက်များမှ နိုင်ငံတကာအဆင့်မီ စားသုံးဆီများ ထုတ်လုပ် နိုင်ရေး အဆင့်မြှင့်တင်မှုပြုလုပ်ရန် ဖြည့်ဆည်းဆောင်ရွက် လျက်ရှိသည်။
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် အပါအဝင် စားသုံးဆီ များ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည်နှင့်အမျှ စိုက်ပျိုးသည့် တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ အပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင် ကြသူများအတွက် ပိုမို၍ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ရာ ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ် ပြောင်းလဲနိုင်ရေး မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြရ ပါမည့်အကြောင်း။ ။