
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၆ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉
တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေ ကြေညာ ထားတာရှိပါတယ်။ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ် တွေနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ဒီနေ့ဆွေးနွေးသွားမယ့်
အကြောင်းအရာက ကိုဗစ်ရောဂါရဲ့ ဗီဇပြောင်းမျိုးကွဲတွေ မြန်မာနိုင်ငံနဲ့ ကမ္ဘာပေါ်မှာတွေ့ရှိနေရတဲ့ အနေအထားတွေကို ဦးစွာအကျဉ်းချုံး တင်ပြပါမယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနအနေ နဲ့ ကိုဗစ် - ၁၉ ရောဂါ မျိုးဗီဇပြောင်းလဲတာတွေကို ထုတ်ပြန်ခဲ့တာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်မှာ ပထမအကြိမ် ထုတ်ပြန်ခဲ့တာက ဇွန်လ ၃ ရက်မှာ တပ်မတော်ဆေးသုတေသနတပ်ဖွဲ့ ဓာတ်ခွဲ ခန်းနဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတို့က ရတဲ့အဖြေတွေအရ ကလေးမြို့က တစ်ဦး၊ မြိတ်မြို့က သုံးဦး၊ မန္တလေး မြို့က လေးဦး၊ တမူးမြို့က နှစ်ဦးနဲ့ ရန်ကုန်မြို့က ပြည်ပပြန် တစ်ဦး စုစုပေါင်း မျိုးဗီဇပြောင်းပိုးတွေ့ တဲ့သူ ၁၁ ဦးရှိခဲ့ကြောင်း ဖြစ်ပါတယ်။
စုစုပေါင်း ၁၁ ဦး တွေ့ရှိ
ဒီမျိုးဗီဇပြောင်းပိုးတွေ့ရှိမှုမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စိုးရိမ်ဖွယ်ရှိတဲ့ မျိုးဗီဇပြောင်းလဲမှု Variant of Concern (VOC) အနေနဲ့ ‘အယ်လ်ဖာ’ နှစ်ဦးနဲ့ ‘ဒယ်လ်တာ’ ငါးဦး၊ စိတ်ဝင်စားဖွယ်ကောင်းပြီး နောက်ပိုင်းပြင်းထန် လာနိုင်တဲ့ စောင့်ကြည့်ရမယ့်အနေအထားရှိတဲ့ Variant of Interest (VOI) အနေနဲ့ ‘ကပ်ပါ’ လေးဦး စုစုပေါင်း ၁၁ ဦး တွေ့ရှိပါတယ်။
ဇူလိုင်လထဲမှာ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကနေ နောက်တစ်သုတ် အဖြေရတဲ့အခါ ‘ဘီတာ’ ဗိုင်းရပ်စ်ကိုပါ တွေ့ရှိရ ကြောင်း သိရှိခဲ့ရပါတယ်။ ဩဂုတ်လ ၃၁ ရက် သတင်းထုတ်ပြန်ချက်မှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကို နေပြည်တော် ငါးဦး၊ ရန်ကုန် နှစ်ဦး၊ မန္တလေး နှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့ကနေ တစ်ဦးစီ စုစုပေါင်း ၁၅ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲ တွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေ နဲ့ သတင်းထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ‘အယ်လ်ဖာ’၊ ‘ဘီတာ’၊ ‘ဒယ်လ်တာ’နဲ့ ‘ကပ်ပါ’ တို့ကို ရှေးဦးစွာ တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်မျိုးကွဲက အများဆုံးဖြစ်ပွား တာ တွေ့လာရပါတယ်။
ဒီလိုမျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိက အုပ်စုနှစ်ခု ခွဲခြား သတ်မှတ်ထားပါတယ်။ နံပါတ်တစ် အုပ်စုက စိုးရိမ် ဖွယ်ကောင်းပြီး ကူးစက်မှုနှုန်း အလွန်မြန်တဲ့အတွက် စောင့်ကြပ်ကြည့်ရှုရမယ့် မျိုးဗီဇပြောင်းလဲမှုကို Variant of Concern လို့ သတ်မှတ်ပါတယ်။ နံပါတ်နှစ် အုပ်စုက စိတ်ဝင်တစားနဲ့ စောင့်ကြပ် ကြည့်ရှုရပြီး မကြာခင်မှာ Variant of Concern ထဲမှာ ပါဝင်နိုင်တဲ့ အလားအလာရှိတဲ့ ဗိုင်းရပ်စ်တွေ ကို Variant of Interest လို့ သတ်မှတ်စောင့်ကြည့် ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(US CDC)အနေနဲ့ စောင့်ကြည့် တာကို Variant of High Consequence ဆိုပြီး နောက်တစ်မျိုး ထပ်တိုးပါတယ်။ Variant of High Consequence က ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှု ကြောင့် လက်ရှိ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်တစ်ခုလုံးကို ပြောင်းလဲသွားနိုင်ကာ ကျန်းမာရေးဆိုင်ရာ ပြဿနာအများကြီးရှိနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ထွက်လာပါက Variant of High Consequence ဆိုပြီး သတ်မှတ် မှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ပေါ်ထွက်နေ တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေက Variant of High Consequence လို့ သတ်မှတ်ရမယ့် ဗိုင်းရပ်စ် တစ်ခုမှ မရှိသေးပါဘူး။
ပြောင်းလဲလာနိုင်
စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ Variant of Interest အဖြစ် စာရင်းဝင်ဖို့အတွက် (၁) မူလ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးပြောင်းလာပြီး ရောဂါ ကူးစက်မှုနဲ့ ပြင်းထန်မှုအပေါ် ပြောင်းလဲလာနိုင် တယ်၊ (၂) ကာကွယ်ဆေးတွေ ထိုးနှံထားခြင်းနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရခြင်းတို့ကြောင့် ရရှိထား တဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ပြန်လည်ပြီး ရှောင်လွှဲနိုင်တဲ့အစွမ်းရှိလာနိုင်မယ်၊ (၃) ရောဂါ ကုသရေးနဲ့ ရောဂါရှာဖွေရေးမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိလာတယ် (၄) ကူးစက်မှုတွေက လည်း အချိန်နှင့်အမျှ နေရာဒေသအလိုက် များလာ တယ်လို့ သတ်မှတ်ရင် Variant of Interest ထဲကို စာရင်းသွင်းဖို့ စတင်စောင့်ကြည့်ပါတယ်။ Variant of Interest ထဲမှာ စာရင်းဝင်နေပြီဖြစ်တဲ့ ဗိုင်းရပ်စ် အနေနဲ့ကလည်း ခုနကတင်ပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံကြောင်းသက်သေခိုင်လုံလာတယ်၊ ကူးစက်မှု တွေက နိုင်ငံနှင့်ဒေသတွေ တော်တော်များများကို ကူးစက်ပြန့်ပွားလာတယ်၊ ရောဂါအနေနဲ့ ပြင်းပြင်း ထန်ထန် ဖြစ်ပွားတာ တွေ့ရှိလာရပါတယ်။ ဒီလို အစွမ်းတွေပြလာတယ်ဆိုရင် Variant of Concern လို့ စိုးရိမ်စွာနှင့်စောင့်ကြည့်ရမည့် ဗိုင်းရပ်စ်မျိုး ကွဲစာရင်းထဲကို တစ်ဆင့်မြှင့်ပြီး ထည့်သွင်း သတ်မှတ်ပါတယ်။ Variant of Concern တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ စတင် တွေ့ရှိတဲ့ မူလကိုရိုနာဗိုင်းရပ်စ်ထက်ပိုပြီး ကူးစက် တဲ့နေရာနဲ့ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်တဲ့ အပေါ်မှာ သိသိသာသာ အစွမ်းထက်ကြပါတယ်။
ပိုမိုမြင့်မားစေ
Variant of Concern တွေထဲမှာ အရင်ဆုံးပါတဲ့ ‘အယ်လ်ဖာ’ ဗိုင်းရပ်စ်က မူလဗိုင်းရပ်စ်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်ပြီး ဆေးရုံတက်ရတဲ့နှုန်းနဲ့ ရောဂါကြောင့် သေဆုံးတာ ပိုမိုမြင့်မားစေပါတယ်။ ကာကွယ်ဆေးတွေရဲ့ အာနိသင်ထက်မြက်မှုအပေါ် ကို ပြင်းပြင်းထန်ထန် သက်ရောက်မှုမတွေ့ခဲ့ရဘူး၊ ဒုတိယစာရင်းထဲပါတဲ့ ‘ဘီတာ’ ဗိုင်းရပ်စ်က မူလ ဗိုင်းရပ်စ်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကူးစက်ပြီး အသက် ၆၀ အောက်တွေမှာ ဆေးရုံတက်ရတဲ့ နှုန်းနဲ့ ရောဂါကြောင့် သေဆုံးတာ ပိုမိုမြင့်မားစေ ပါတယ်။ ရောဂါဖြစ်ပြီးသူတွေမှာ ထွက်တဲ့ Neutralizing Antibodies လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲ ကနေ တကယ့်ရောဂါကို ချေဖျက်နိုင်တဲ့ပဋိပစ္စည်း ကို ရှောင်လွှဲနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါ ဖြစ်ပြီးသူတွေမှာ ‘ဘီတာ’ကြောင့် ရောဂါပြန်ဖြစ်နိုင် ပါတယ်။ ဒီလိုပဲ ကာကွယ်ဆေးအချို့ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ‘ဘီတာ’က စိုးရိမ် ရတဲ့စာရင်းအထဲမှာ ပါလာတယ်။
‘ဂါမာ’ မျိုးဗီဇ
နောက်တတိယ Variant of Concern တစ်ခု ‘ဂါမာ’ မျိုးဗီဇကို P.1.1, P.1.2 လို့ ခေါ်ပါတယ်။ ‘ဂါမာ’က ဘရာဇီးနိုင်ငံက အစပြုပြီး စတွေ့တာ ဂျပန်နိုင်ငံမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လမှာ ဘရာဇီးကလာတဲ့သူ လေးယောက်မှာ စတွေ့ ပါတယ်။ ‘ဂါမာ’ မျိုးဗီဇက Neutralizing Antibodies ကို ချေဖျက်နိုင်တယ်။ ကာကွယ်ဆေး ထိုးထားသူနဲ့ ရောဂါဖြစ်ပွားပြီးသူမှာ ပြန်ပြီး ဖြစ်ပွားနိုင်ခြေများပါတယ်။ မူလဗိုင်းရပ်စ်ထက် စာရင် ပိုပြီးရောဂါပြင်းထန်မှုနဲ့ ဆေးရုံတက်ရောက် ရမှုတွေ များပါတယ်။
စတုတ္ထ Variant of Concern တစ်ခုက ‘ဒယ်လ်တာ’ မျိုးဗီဇဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ပေါ်လာတဲ့အခါ ပထမ Variant of Concern တွေ ဖြစ်တဲ့ ‘အယ်လ်ဖာ’ ၊ ‘ဘီတာ’ ၊ ‘ဂါမာ’ တို့တောင် ‘ဒယ်လ်တာ’နဲ့တွေ့တဲ့အခါ သိပ်အစွမ်းမပြနိုင်တော့ ဘူး ဖြစ်သွားပါတယ်။ ‘ဒယ်လ်တာ’က VOC ထဲမှာ ထိပ်ဆုံးလောက်ကို ဖြစ်သွားတယ်။ ကူးစက်မှုနှုန်း က နှစ်ဆကနေ သုံးဆအထိမြန်တယ်။ လူကြီးတွေ အပြင် လူငယ်တွေကိုပါ အများအပြား ကူးစက်စေ နိုင်တယ်၊ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုလည်း ကျနိုင်တယ်။
Neutralizing Antibodies လို့ ခေါ်တဲ့ ရောဂါဖြစ်ပြီးသားသူတောင် အတိုင်းအတာတစ်ခု အထိပဲ ခံနိုင်ရည်ရှိမယ်။ ကာကွယ်ဆေးထိုးထားပြီး သူတွေမှာလည်း ဒီရောဂါပိုးဝင်လာရင် ရောဂါ ပြင်းပြင်းထန်ထန် မဖြစ်တာလောက်ပဲရှိနိုင်တယ်။ ကာကွယ်ဆေးထိုးထားပြီးသူကနေ ပိုးသယ်ဆောင် ပြီး အခြားသူကို ဆက်လက်ကူးစက်သွားစေနိုင်တာ တွေ့လာရပါတယ်။ ‘ဒယ်လ်တာ’ကို B.1.6.1.7.2 ၊ A.Y.1 A.Y.2 A.Y.3 လို့လည်း ခေါ်ပါတယ်။ ‘ဒယ်လ်တာ’ နောက်မှာ ဆက်ပြီး ‘ Delta plus’ ဆိုပြီးထွက်လာသေးတယ်။ ‘Delta plus’ က ‘ဘီတာ’နဲ့ ‘ဂါမာ’မှာရှိတဲ့ ဂုဏ်သတ္တိတွေ သယ်လာ ပါတယ်။ ကံကောင်းတဲ့အချက်က ‘ဒယ်လ်တာ’လိုပဲ ပြုမူတယ်။ ‘ဒယ်လ်တာ’ တွေများတဲ့ အခါ ‘ Delta plus’ က သိပ်ပြီးခေါင်းထောင်လို့မရဘူးဆိုတော့ ‘Delta plus’ ရဲ့ ကူးစက်မှုက နောက်ပိုင်းမှာ သိပ်ပြောကြတာ မတွေ့ရပါဘူး။
‘ဒယ်လ်တာ’ရဲ့ ထူးခြားချက်
‘ဒယ်လ်တာ’ရဲ့ ထူးခြားချက်က မျိုးဗီဇပြောင်း တဲ့နေရာ ကြီးကြီးမားမား အနည်းဆုံး နှစ်နေရာရှိလို့ Double Mutant လို့လည်းခေါ်ကြတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုက ‘ဒယ်လ်တာ’ အပေါ်မှာ ရှိနေတုန်းဖြစ်ပါတယ်။ ကာကွယ်ဆေး တွေက ‘ဒယ်လ်တာ’ ကူးစက်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ပြီး ရောဂါပြင်းပြင်း ထန်ထန်ဖြစ်ပွားမှုကို ထိထိရောက်ရောက် အကာ အကွယ်ပေးနိုင်စွမ်း ရှိနေတုန်းဖြစ်ပါတယ်။
Variant of Concern လေးမျိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဩဂုတ်လ ၃၁ ရက် Weekly Epidemiology Update မှာ ‘အယ်လ်ဖာ’က နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ၊ ‘ဘီတာ’က ၁၄၁ နိုင်ငံ၊ ‘ဂါမာ’ က ၉၁ နိုင်ငံ၊ ‘ဒယ်လ်တာ’ က နိုင်ငံ ၁၇၀ ကို ရောက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီလေးမျိုးထဲက သုံးမျိုးကို တွေ့ရပါ တယ်။ ဒီလေးမျိုးကနေ နောက်တစ်ဆင့်တက်တဲ့ US CDC က သတ်မှတ်ထားတဲ့ Variant of High Consequence ဘဝကို တက်မသွားတာက ကံကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မျိုးပြောင်းနေသည်ဖြစ်စေ လက်ရှိကာကွယ်ဆေး တွေ၊ ရောဂါ ရှာဖွေတဲ့၊ ကုသတဲ့စနစ်တွေက အဲဒီ မျိုးကွဲတွေအပေါ် အများကြီးထိရောက်မှုရှိနေသေး တယ်ဆိုတာ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာတွေ မှာ ပြောနေသလို ဗိုင်းရပ်စ်က တကယ်ကို ပုံစံ ပြောင်းသွားပြီ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး ရှာလို့ တောင် မတွေ့တော့ဘူးဆိုတာ မရှိသေးပါဘူးဆိုတာ ရှင်းပြချင်ပါတယ်။ လက်ရှိ အနေအထားအရ Variant of High Consequence List ထဲပါတဲ့ ဗိုင်းရပ်စ်မရှိသေးဘူးဆိုတာ တင်ပြလိုပါတယ်။
စိတ်ဝင်တစား စောင့်ကြည့်ရမည့်စာရင်း (Variant of Interest) မှာ နောက်ဆုံးပါဝင်လာတဲ့ ‘မြူ’ နဲ့ဆိုရင် ငါးမျိုးရှိပါပြီ။ အရင်ဆုံးပါတာက ‘အီတာ’ က B.1.5.2.5 လို့ခေါ်ပါတယ်။ ယူကေနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာတွေ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့်စာရင်းထဲကို ၂၀၂၁ ခုနှစ် မတ်လမှာ ထည့်သွင်းထားပါတယ်။ ထူးခြားချက်က သူ့ရဲ့ ဆူးချွန်တွေမှာ မျိုးပြောင်းလဲ မှုတွေဖြစ်တဲ့အခါ လူလုပ်ပဋိပစ္စည်းတွေနဲ့ ကုသတဲ့ အခါ ထိရောက်မှုအားနည်းတာကို တွေ့ရပါ တယ်။
‘အိုင်ရိုတာ’ ဗိုင်းရပ်စ်
နောက်တစ်ခု ‘အိုင်ရိုတာ’ ဗိုင်းရပ်စ်ပါ။ နယူးယောက်မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ တွေ့တယ်။ သူ့ကို B.1.5.2.6 လို့ ခေါ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စောင့်ကြည့်ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် မတ်လမှာ ပါဝင်တယ်။ သူက ပဋိပစ္စည်းတွေနဲ့ ကုသတာနဲ့ ကာကွယ်ဆေး တွေရဲ့ ထိရောက်နိုင်စွမ်းတွေကို လျော့ကျစေတာ၊ ရောဂါဖြစ်ပြီးသားသူတွေမှာ ပြန်ပြီးဖြစ်နိုင်တာ တွေကို ရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။
နံပတ် (၃) ‘ကပ်ပါ’ မျိုးဗီဇပါ။ မြန်မာနိုင်ငံမှာ တွေ့ထားပါတယ်။ သူ့ကို B.1.6.1.7.1 လို့ခေါ် ပါတယ်။ ‘ဒယ်လ်တာ’ နဲ့ သိပ်မကွာဘူး။ အိန္ဒိယ နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ တွေ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ Variant of Interest စာရင်းသွင်းတယ်။ ဆူးချွန်မှာ မျိုးပြောင်းပြီး ပဋိပစ္စည်းတွေနဲ့ ကုသတဲ့အခါ ထိရောက်မှုအားနည်း တာကို တွေ့ရပါတယ်။ တချို့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျဖွယ်ရှိပါတယ်။
‘လမ်ဘဒါ’ ဗိုင်းရပ်စ်
နောက်တစ်ခုက ‘မြူ’ မတိုင်ခင် ထွက်လာတဲ့ နံပတ်(၄) ‘လမ်ဘဒါ’ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဆိုရှယ် မီဒီယာပေါ်မှာ အတော်လေးပြန့်ပြီး လူသိများပါ တယ်။ B.1.1.1.3.7 သို့မဟုတ် C.37 လို့ ခေါ်ပါတယ်။ ပီရူးနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလောက် မှာ တွေ့ခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့်စာရင်းထဲကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ထည့်သွင်းထားတယ်။ တချို့ကာကွယ် ဆေးတွေရဲ့ထိရောက်မှုကို လျော့ကျနိုင်ဖွယ်ရှိတယ်။ ရောဂါလက္ခဏာသိပ်မပြဘဲ ကူးစက်တာမျိုးတွေ ရှိတယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ ကူးစက်တဲ့ ပမာဏက ‘ဒယ်လ်တာ’နဲ့ယှဉ်ရင် အတော်နည်းပါ တယ်။ ‘ဒယ်လ်တာ’ က ၈၀ / ၉၀ ရာခိုင်နှုန်းလောက် အမေရိကမှာ အများဆုံးကူးစက်ချိန်မှာ သူက တောင်အမေရိကမှာ ၂ ရာခိုင်နှုန်းလောက်ပဲရှိတော့ တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စိုးရိမ်ဖွယ်ရာစာရင်း Variant of Concern ထဲကို မထည့်သေးတာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက နံပတ်(၅) ‘မြူ’ပါ။ B.1.6.2.1, B.1.6.2.1.1 လို့ခေါ်တယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကိုလံဘီယာနိုင်ငံမှာ စတွေ့ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် စာရင်းထဲကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ထည့်သွင်း ထားတယ်။ သူက နိုင်ငံပေါင်း ၃၉ နိုင်ငံကို ရောက်နေ ပြီဖြစ်ပါတယ်။ ‘မြူ’ က အီကွေဒေါနဲ့ ကိုလံဘီယာ တို့မှာ ကူးစက်မှုတွေများတာကို တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ယူအေအီးက ပြန်လာတဲ့ အမျိုးသမီး ကနေ တွေ့ရပါတယ်။ စက်တင်ဘာလ ၂ ရက်မှာ ဂျပန်ကလည်း သူ့နိုင်ငံမှာ ‘မြူ’ တွေ့တယ်လို့ ကြေညာတယ်။ သူကလည်း အချို့ကာကွယ်ဆေးတွေ နဲ့ ထိရောက်မှုကို လျော့ကျစေဖွယ်ရှိတယ်။ ဒါပေမယ့် အခုထိ ‘ဒယ်လ်တာ’ရဲ့ ကူးစက်မြန် ပြင်းထန်ခြေလှမ်း ကို မီမယ့်ပုံမပေါ်ဘူးဆိုတာ တွေ့ရပါတယ်။
စုစုပေါင်း ကိုးမျိုး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ Variant of Concern ဗိုင်းရပ်စ်က လေးမျိုး၊ စောင့်ကြည့်ရမယ့်အနေအထား မှာရှိတဲ့ Variant of Interest ဗိုင်းရပ်စ်က ငါးမျိုး စုစုပေါင်း ကိုးမျိုး ဖြစ်ပါတယ်။ ဒီစာရင်းထဲကို မဝင်ပေမယ့် နောက်ထပ်စောင့်ကြည့်နေတာတွေ ရှိပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန် (CDC) က စာရင်းသွင်းတာချင်း တစ်ခုနဲ့ တစ်ခု မတူပါဘူး။
မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုးကားရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မျိုးဗီဇ ဒီထက်ပိုပြီးပြောင်းလာမလား စောင့်ကြည့် နေတဲ့ ဗိုင်းရပ်စ် Alerts for Further Monitoring က ၁၁ မျိုး ရှိနေပါသေးတယ်။ ဒီအထဲကလည်း နောက်ပိုင်းမှာ Variant of Interest ဖြစ်ဖြစ်၊ Variant of Concern စာရင်းပါသွားမလား ဆက်လက် စောင့်ကြည့်နေပါတယ်။ ဗိုင်းရပ်စ်တွေ မျိုးပြောင်းခြင်းက သဘာဝဖြစ်ပါတယ်။ သူသည် ပွားများလေလေ၊ မျိုးပြောင်းလေလေဖြစ်တဲ့ အတွက် ပြောင်းတဲ့အပေါ်မှာ သတိထားပြီး စောင့်ကြည့်ရပါမယ်။ အလွန်စိုးရိမ်ကြောက်လန့် စရာမလိုပါဘူး။
‘ဒယ်လ်တာ’ ဗိုင်းရပ်စ်
ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ကို အနီးကပ် ဒုက္ခပေးနိုင်တဲ့အရာက ယခု တတိယ လှိုင်းမှာ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပါတယ်။ သူက ကူးစက်မှုကလည်း မူလကိုရိုနာဗိုင်းရပ်စ် ထက် ပိုပြီး အဆပေါင်းများစွာလျင်မြန်တယ်။ ကာကွယ်ဆေးထိုးမထားသူတွေမှာ ရောဂါ ပြင်းထန်စွာဖြစ်ပွားစေပြီး ရောဂါကြောင့် သေဆုံးမှု တွေ မြင့်မားစွာဖြစ်စေတယ်၊ ကာကွယ်ဆေးတွေ ရဲ့ ရောဂါကူးစက်မှု ကာကွယ်နိုင်စွမ်းနဲ့ ထိရောက်မှုကို လျော့ကျစေနိုင်တယ်ဆိုတော့ ‘ဒယ်လ်တာ’ ကို သတိကြီးစွာထားရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကာကွယ်ရေးနည်းလမ်းတွေကို သတိပြု ဆက်လက်လိုက်နာကြဖို့နဲ့ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုတွေကို တက်ကြွစွာ ဆောင်ရွက် ကြရမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ ကျေးဇူး တင်ပါတယ်။