လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် သော နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို အပြည့်အဝ ခံစားနိုင်ခွင့် ရှိသင့်ကြပြီဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေး များကို ဥပဒေဖြင့် ပြဋ္ဌာန်း၍ ပေးအပ်နိုင်စေကာမူ နေ့စဉ် လူမှုဘဝအတွက် လိုအပ်ချက်များ ပြည့်စုံဖူလုံစေရေး၊ တစ်နည်းအားဖြင့် တောင့်တမှုမှ ကင်းဝေးနိုင်ရေးအတွက် ဆိုလျှင်မူ လက်တွေ့ကျကျဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်သည်။
“လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ လူတိုင်း၊ နိုင်ငံတိုင်းရဲ့ လိုလားချက်၊ မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒီလိုလားချက်၊ မျှော်လင့်ချက်ကို ကျွန်တော်တို့ အရှိန် အဟုန်မြှင့်တင် ဖြည့်ဆည်းကြပါမယ်။ ကျွန်တော်တို့ တစ်တွေ လုံ့လဝီရိယ ခွန်အားစိုက်ထုတ်ဆောင်ရွက်ဖို့သာ လိုပါတယ်။ ဆန္ဒကြီးခြင်းဖြင့်၊ ကျွန်တော်တို့ ကြံသမျှ ပြီးရပါမယ်” ဟူ၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ ဂုဏ်ပြုအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ရာ နိုင်ငံသားတိုင်း၏ မျှော်လင့်ချက်ဖြစ်သော လူမှုစီးပွား ဘဝ မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဖြည့်ဆည်း ပေးမှုများနှင့်အတူ နိုင်ငံသားတိုင်းကလည်း လုံ့လဝီရိယ ခွန်အားစိုက်ထုတ် လုပ်ကိုင်ကြရမည်ဖြစ်သည်။
ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် ပြည်သူများအား လူမှုရေးနှင့် နိုင်ငံရေး အရ စနစ်တကျ စုစည်း၍ ပြည်သူလူထု၏ အသိစိတ်ဓာတ် ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ခြင်း ဖြင့်သာ အောင်မြင်နိုင်သည်ကို တွေ့ရှိကြရသည်။ ပြည်သူ များက ပူးပေါင်းပါဝင်သည်ဟုဆိုရာတွင် အကောင်အထည် ဖော် ဆောင်ရွက်သူများအဖြစ်လည်းကောင်း၊ မူဝါဒဆိုင်ရာ အဆုံးအဖြတ်ပေးမှုများတွင် ကိုယ်စားလှယ်များအဖြစ် လည်းကောင်း၊ တစ်ဦးချင်း စွန့်ထွင်ဦးစီးသူများအနေဖြင့် လည်းကောင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ပါဝင် ဆောင်ရွက်နိုင်ရန်လည်း အခြေအနေများကို ဖန်တီးပေးရန်လိုအပ်ကြောင်း ပညာရှင်များက မိန့်ဆို ကြသည်။ နမူနာအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များမတိုင် မီက ဖွံ့ဖြိုးမှုအဆင့်အတန်း လွန်စွာနိမ့်ကျခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် ပြည်သူလူထု တစ်ခဲနက် ပါဝင်လာရေးအတွက် ဖော်ဆောင်ခဲ့သည့် လူထုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လေ့လာတွေ့ရှိနိုင်သည်။
လူတိုင်း၊ နိုင်ငံတိုင်း၏ လိုလားချက်၊ မျှော်လင့်ချက်ဖြစ် သည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၏ ဦးဆောင်မှု၊ ဖြည့်ဆည်းပေးမှုနှင့်အတူ ပြည်သူ တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏ စွမ်းအားတို့ ပူးပေါင်းပါဝင်သည့် အင်အားဖြင့်သာ ဆောင် ရွက်သွားကြရမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ တွင်လည်း မိမိတို့နိုင်ငံအနေဖြင့် သာမန်ထက်သာလွန် သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်မှုတို့ လိုအပ်သည်။ အထူးအားဖြင့် “ဆန္ဒ ဝတော ကိံ နာမကမ္မံ နသိဇ္ဈတိ” ဟူသော ဘုရားဟော ပါဠိတော်နှင့်အညီ အောင်မြင် ပြီးမြောက်လိုသောဆန္ဒကို အဓိပတိတင်လျက် တွေးခေါ် ကြံဆဆောင်ရွက်ကြကာ ဆန္ဒကြီးခြင်းဖြင့် ကြံသမျှပြီး နိုင်ကြပါစေကြောင်း။ ။