အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် ရာမှ အခက်အခဲများ ကြုံတွေ့ကြရပြီး မြန်မာနိုင်ငံသို့ပြန်လိုသူ မြန်မာနိုင်ငံသားများ (အထူးသဖြင့် အမျိုးသမီးများ) ကို သက်ဆိုင်ရာ နိုင်ငံ မြန်မာသံရုံးကကူညီ၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး ရသည့် သတင်းများကို မကြာခဏတွေ့မြင်ဖတ်ရှုသိရှိကြရသည်။ မိမိနိုင်ငံသားများကို တန်ဖိုးထားကာ ၎င်းတို့၏ အခက်အခဲကို ကူညီဖြေရှင်း ဆောင်ရွက်ပေးခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံ အသီးသီးတို့တွင် ဖွင့်လှစ်ထားသည့် မြန်မာသံရုံးများမှာ အမိနိုင်ငံ တော်၏ကိုယ်စား တိုင်းတစ်ပါးရေခြားမြေခြားတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်လာသည်။ အခြားတစ်ဖက်တွင် လည်း မိမိနိုင်ငံနှင့် ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ကိုးကွယ်ယုံကြည်မှု ရာသီဥတုတို့အပါအဝင် အစစအရာရာကွာခြားလှသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ မြန်မာအမျိုးသမီးများ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းနှင့် စပ်လျဉ်း၍ မိမိနိုင်ငံမှ မထွက်ခွာမီကပင် သေချာစွာကြပ်မတ်စိစစ်ရန် လိုအပ်လျက်ရှိသည်။
ယူအေအီး၊ ဆော်ဒီအာရေဗျ စသည့် နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင် ခရီးသွားဗီဇာဖြင့် သွားရောက်ကြသူများ ပါဝင်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ခရီး သွားလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီများအဖြစ် ကြော်ငြာကြရာတွင် ‘‘ဘဝအတွက် အခွင့်အလမ်းကောင်းသည့် ခရီးစဉ်’’ များအဖြစ် နှတ်ကြောင်းပေး ဖော်ပြထားပြီး chatbox တွင် ဆွေးနွေးရန် ဖိတ်ခေါ် ထားရာ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို တိမ်းရှောင် နိုင်ရန်ဖြစ်သည်ဟု ယူဆစရာဖြစ်သည်။ အလည်အပတ်ဗီဇာဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် ခရီးသွားအေဂျင်စီ အမည်ခံထားသည့် ကုမ္ပဏီများမှာ တစ်ဖက်နိုင်ငံသို့ ခရီးသည် ရောက်ရှိသွားသည်နှင့် ၎င်း၏ တာဝန်မှာ ပြီးဆုံးသွားသည်။ အမှန် စင်စစ်မှာမူ ယူအေအီး၊ ဆော်ဒီအာရေဗျ စသည့်နိုင်ငံများတွင် ရှိနေ သည့် အလုပ်သမားပွဲစားအေဂျင်စီများနှင့် ချိတ်ဆက်၍ လူပို့နေ ကြခြင်းသာဖြစ်သည်။
အဆိုပါနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ နိုင်ငံသူအများစုမှာ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ၊ ဂဃနဏ ရရှိကြဟန်မတူ၊ သိရှိကြပုံလည်းမရ။ ဥပမာ - အိမ်အကူအလုပ် လုပ်ရမည်၊ မြန်မာငွေ မည်မျှနှင့် တန်ဖိုးတူညီသည့် လုပ်ခလစာမည်မျှရရှိမည်။ စာချုပ် ကာလ မည်မျှကြာမြင့်မည်ဆိုသည့် အချက်လောက်ကိုသာ သိရှိ ကြပုံရသည်။ တကယ်တမ်း အိမ်အကူအလုပ်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လုပ်ကိုင်ကြရသည့်အခါ အလုပ်ပင်ပန်းသည်၊ အိမ်ရှင်နှင့် ဆက်ဆံရေး အဆင်မပြေ စသည်ဖြင့်ဖြစ်လာသည်။ ထိုအခါ စာချုပ်ချုပ်ဆိုထားသည့်ကာလမပြည့်မီ ထွက်ပြေးကြရာမှ ဒုက္ခ အမျိုးမျိုးကြုံတွေ့ရသည်။ အချို့ထပ်ဆင့် ရောင်းစားခံရပြီး နောက်တစ်နိုင်ငံသို့ ပို့ဆောင်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ လေဆိပ်တွင် ရက်ပေါင်းများစွာ သောင်တင်နေခြင်း၊ အလည်အပတ် ဗီဇာဖြင့် သွားရောက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကြောင့် ရသင့်ရထိုက်သည်များကို တောင်းဆို၍မရခြင်း စသည်တို့နှင့် ရင်ဆိုင်ကြရသည်။
ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုလျှင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ဆက်သွယ်၍သာ သွားရောက်လုပ်ကိုင်ကြရန် အသိပေးမှု၊ တိုက်တွန်း နှိုးဆော်မှု မြောက်မြားစွာရှိနေသည့်တိုင်အောင် တရားမဝင်ပွဲစား များနှင့် ဆက်သွယ်လုပ်ကိုင်မှုများစွာ ရှိနေဆဲဖြစ်သည်။ မည်သည့် အလုပ်အကိုင် အမျိုးအစားကို သွားရောက်လုပ်ကိုင်သည်ဖြစ်စေ မိမိလုပ်ကိုင်ရမည့် လုပ်ငန်းခွင်နှင့်စပ်လျဉ်း၍ လေ့လာမှု၊ လေ့ကျင့် မှုတို့ လိုအပ်သလောက်ပါရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ ပွဲစား၏ ပါးစပ်ဖျားမှ ပြောသမျှကိုသာ မျက်စိမှိတ်ယုံကြည်ကြပြီး ဆင်ကန်းတောတိုး သွားရောက်ကြခြင်းကြောင့် မိမိတို့ကြိုတင် တွေးမြင်မထားမိသော အခက်အခဲများ၊ ဒုက္ခများ တွေ့ကြုံကြရခြင်း ဖြစ်သည်ကို ဆင်ခြင်၍ သင်ခန်းစာယူကြရန်လိုသည်။
သတင်းစာတွင်ပါရှိသော သတင်းများနှင့် လူမှုကွန်ရက်များတွင် တွေ့ရှိချက်များအရ ပြည်တွင်းရှိ ခရီးသွားဝန်ဆောင်မှု အမည်ခံ ကုမ္ပဏီပွဲစားများနှင့် ပြည်ပနိုင်ငံများရှိ အလုပ်သမားပွဲစား အေဂျင်စီ များ ချိတ်ဆက်၍ တရားမဝင်အလုပ်သမား ပို့ဆောင်မှုများ ပြုလုပ် နေသည်ဟု ယူဆဖွယ်များရှိနေရာ မိမိနိုင်ငံသူ နိုင်ငံသားများ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ရသည့် ဖြစ်စဉ်များ ဆက်လက်မပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့က အလေးဂရုပြုလျက် စိစစ်ကြပ်မတ် ဆောင်ရွက် ကြရပါမည့်အကြောင်း။ ။