
ကျော်ကျော်
သန်စွမ်းစိမ်းစိုနေသည့် နွေနှမ်းစိုက်ခင်းများသည် တစ်မျှော်တစ်ခေါ် ရှုမဆုံးတော့သည်။ စိုက်ပျိုးရန် မြေပြင်ခြင်း၊ မျိုးစေ့ချခြင်းတို့အပြင် စိုက်ပျိုးနည်း စနစ်အဆင့်ဆင့်တို့ကို စနစ်တကျလုပ်ဆောင်ခဲ့ပြီး ၄၅ ရက်သားခန့်ရရှိနေချိန်တွင် ယခုကဲ့သို့ တွေ့မြင် ရခြင်း ဖြစ်သည်။
နွေသီးနှံအတွက် စိုက်ပျိုးရေပေးဝေ
စိုက်ပျိုးရေးတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ် သည့် စိုက်ပျိုးရေကို ချောင်းပိတ်ဆည်များမှ ရရှိ သဖြင့် မိုးစပါးအပြင် နွေစပါး၊ ပဲတီစိမ်း၊ နွေနှမ်း၊ ဆောင်းသီးနှံ မတ်ပဲ၊ ကုလားပဲ၊ နေကြာအစရှိသည့် သီးနှံများကို သီးထပ်သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားအထိ တိုးမြှင့်စိုက်ပျိုးလာနိုင်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၂၀၂၃-၂၀၂၄)ခုနှစ်၌ ယာယီချောင်းပိတ်ဆည် ၁၁ ခု တည်ဆောက်နိုင်ခဲ့ပြီး နွေသီးနှံရာသီအတွက် အကျိုးပြုဧက ၁၂၈၃ ဧကကို စိုက်ပျိုးရေပေးဝေ လျက်ရှိသည်။
အရှေ့ရိုးမနှင့် အလယ်ရိုးမအကြား၌ တည်ရှိ သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပေါင်းလောင်း (စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊ ဆင်သေချောင်းအပါအဝင် ချောင်း၊ မြောင်းများနှင့် ရေလှောင်တမံ၊ ဆည်နှင့်ကန်စုစုပေါင်း ၃၂ ခု တည်ရှိ နေသည်။ ဆင်သေချောင်း၊ နဝင်းချောင်း၊ မဒန်း ချောင်း၊ ပုလွေးချောင်းများသည် တစ်နှစ်ပတ်လုံးရေစီးဆင်းလျက်ရှိသဖြင့် တစ်ပိုင်တစ်နိုင် ယာယီ ရေထိန်းဆည်များ တည်ဆောက်ပြီး လျှပ်စစ်ရေတင်၊ ဆိုလာရေတင်များဖြင့် နွေသီးနှံ စိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိသည်။
“အရင်က အဝီစိတွင်းကနေ စက်သုံးဆီနဲ့ ရေတင်ပြီး တစ်ပိုင်တစ်နိုင် နှစ်ဧကလောက် စိုက်ပါ တယ်။ စက်သုံးဆီဈေးကြီးတဲ့အတွက် ကိုယ်ပိုင် စက်တွေနဲ့ ရေတင်ပြီး နွေသီးနှံစိုက်ပျိုးနိုင်ဖို့က တောင်သူတို့အတွက် အိပ်မက်တစ်ခုဖြစ်လာတယ်။ မိုးမျှော်ပြီး စိုက်ပျိုးရတာဆိုတော့ နွေကာလ မိုးမရ ရင် ဘာမှမစိုက်နိုင်ဘူး။ အခုလို ယာယီချောင်း ပိတ်ဆည်တွေ ပြုလုပ်ပေးတဲ့အတွက် ကျွန်တော် တို့အဖို့ စက်သုံးဆီဖိုး ငွေကုန်ကြေးကျမှုမရှိတော့ဘူး။ အခုတော့ နွေအခါမှာ ချောင်းပိတ်တမံတွေကနေ လိုတဲ့အချိန်လိုသလောက် စိုက်ပျိုးရေရပြီဆိုတော့ အတော်အားကိုးရသွားပြီ။ စိုက်ချင်သလောက်စိုက် လို့ရပြီ”ဟု ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
စိုက်ပျိုးရေကို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်း
ကမ္ဘာနှင့်အဝန်းပြောင်းလဲလာသည့် ရာသီဥတု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုလျော့နည်းလာပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ရေးမှာ တောင်သူ တို့အတွက် စိန်ခေါ်မှုအသွင်ဖြင့် ရင်ဆိုင်နေကြရ သဖြင့် နိုင်ငံတော်မှ စိုက်ပျိုးရေရရှိရေးကို နည်းလမ်း မျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေသည် စတုရန်း မိုင် ၂၇၂၄ မိုင်ရှိပြီး စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိသည်။ မြေဆီမြေနှစ် ကောင်းမွန် သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ရန် အခြေအနေကောင်းများရှိပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်နှင့်အညီ Clean City, Green City, Smart City ဖြစ်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ချောင်းပိတ်ဆည်၊ လျှိုပိတ်တမံတွေ
တည်ဆောက်ပြီး ရေသိုလှောင်ထားဖို့ ဆောင်ရွက်
“နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြား ထားတာရှိပါတယ်။ မိုးရာသီကာလမှာ ဆည်ရေ၊ မိုးရေတွေနဲ့ စိုက်ပျိုးရေလုံလောက်ပေမယ့် နွေ ကာလမှာ သီးထပ်တွေ စိုက်ပျိုးဖို့ ခက်ခဲပါတယ်။ ဒါကြောင့် သီးထပ်စိုက်နိုင်အောင် မိုးတွင်းမှာ စီးလာ တဲ့ ချောင်းရေတွေကို ဆုံးရှုံးမသွားအောင် ယာယီ ချောင်းပိတ်ဆည်တွေ၊ လျှိုပိတ်တမံတွေ တည် ဆောက်ပြီး ရေသိုလှောင်ထားဖို့ ဆောင်ရွက်ပါတယ်။ သဲချောင်းတွေမှာဆိုရင် သဲထဲမှာရှိတဲ့ ရေတွေကို မြေအောက်တမံတွေနဲ့ပိတ်ပြီး အပေါ်တက်လာတဲ့ ရေကို ထုတ်လို့ရအောင် ယာယီရေတားတမံတွေ တည်ဆောက်ပြီး ရေပေးဝေနိုင်ရေးကို နည်းလမ်း အမျိုးမျိုးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒေသတစ်ခုလုံး စိမ်းလန်းစိုပြည်သာယာဖို့အတွက် စိုက်ပျိုးရေ လုံလောက်အောင် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံကနေ ရေအရင်းအမြစ်အသစ်တွေကို ကြိုးပမ်း ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စု နယ်မြေ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
မိုးရာသီအကုန်တွင် ချောင်းများ၊ မြောင်းများမှ တစ်ဆင့် ပင်လယ်သမုဒရာအထိ စီးဆင်းသွားမည့် ရေများကို အလဟဿမဖြစ်စေရေးအတွက် ချောင်း များ၊ မြောင်းများပေါ်တွင် မိုးရေများကို သဲအိတ်များ၊ မျော၊ ဝါးကပ်၊ မိုးကာစသည်တို့ဖြင့် ယာယီ ချောင်းပိတ်ဆည်များ ပြုလုပ်၍ နွေရာသီတွင် နွေသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်နယ်မြေအတွင်းရှိ စိုက်ပျိုးမြေများ ကို တစ်နှစ်ပတ်လုံး သီးနှံများစိုက်ပျိုးပြီး စိမ်းလန်း စိုပြည်ကာ Green City ဖြစ်စေရေးနှင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးကာ သီးထပ်စွမ်းအား တိုးတက် မြင့်မားရေးအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ရေအရင်းအမြစ်အသစ်များကို စူးစမ်းဖော်ထုတ်
ထိုသို့ဆောင်ရွက်လျက်ရှိရာ လက်ရှိရေအရင်း အမြစ်သယံဇာတများကို သက်ဆိုင်ရာ ဆက်စပ် ဌာနများ၊ ရေအသုံးချသူအဖွဲ့(WUG)တောင်သူများ နှင့် ပူးပေါင်း၍ အလေအလွင့်မရှိ စနစ်တကျချွေတာ အသုံးပြုလျက်ရှိသလို ထပ်မံရရှိနိုင်သော ရေအရင်း အမြစ်အသစ်များကို စူးစမ်းလေ့လာ၍ ဖော်ထုတ် အသုံးချနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက် လျက်ရှိသည်။
“စိုက်ပျိုးရေလုံလောက်စေဖို့ ရှားစေးဖိုလျှပ်စစ် ရေတင်က ရေဆင်းဆည်ရေသောက်ဧရိယာ၊ သာစည်ကျေးရွာအနီး ရုံးပင်ချောင်း ယာယီရေ ထိန်းဆည်က မဒန်းရေသောက်ဧရိယာနဲ့ ဒိုးနွယ် ကျေးရွာအနီး ပုလွေးချောင်းယာယီရေထိန်းဆည်က ဆင်အုံကန်ကိုရေကူပြီး ချောင်းမငယ် ရေသောက် ဧရိယာကို ရေကူပေးဝေလျက်ရှိပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ တာဝန်ရှိသူက ပြောသည်။
ယာယီချောင်းပိတ်ဆည်များ တည်ဆောက် လိုက်သည့်အတွက် ယခင်က ရေထိပ်အမြင့်သည် ၁၅ ပေခန့် ရှိခဲ့ရာမှ ယခုအခါ ရေထိပ်အမြင့် ငါးပေ အထိ ရရှိလာခဲ့သည်။ ထိုသို့ချောင်းပိတ်ဆည်များမှ ရေများကို ဆိုလာစနစ်၊ လျှပ်စစ်ရေတင်စနစ်များဖြင့် ရေစုပ်ယူဖြန့်ဝေပေးလျက်ရှိသဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှု လျော့နည်းသက်သာလာခဲ့သည်။
“အခုဆောင်ရွက်ပေးနေတဲ့ ချောင်းပိတ်ဆည် တွေက ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးအမြတ် များတဲ့ Quick Win လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဆောင်ရွက်ပေးခဲ့တဲ့နေရာတွေက အရင်က မိုးစပါး တစ်သီးတောင် ရာသီဥတုဖောက်ပြန်ရင် စပါးအရ နည်းတဲ့နေရာတွေပါ။ အခုလို ချောင်းပိတ်ဆည် တွေ ဆောင်ရွက်ပေးလိုက်တဲ့အတွက် မိုးစပါး အောင်ရေ၊ ဆောင်းသီးနှံအောင်ရေ၊ နွေသီးနှံ စိုက်ပျိုးရေသာမက ပင်ဖြစ်ရေ၊ အောင်ရေတွေပါ ပေးဝေနိုင်တာကြောင့် တောင်သူတွေအနေနဲ့ အကျိုး အမြတ် အများအပြားရရှိနေပါတယ်” ဟု ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးအစီအမံများ ချမှတ် ပြီး ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက် စိုက်ပျိုးမည့်စီမံချက်ကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ချောင်း ပိတ်ဆည်များမှ ဆည်ရေရယူကာ နွေကာလတွင် ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုးနိုင်ခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုလာတော့မည်ဖြစ်သည်။
“နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုဖြစ်တဲ့ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နွေစပါး စိုက်ပျိုးတဲ့အပြင်ဘက် ဆည်ရေသောက် ဧရိယာတွေ မှာ နွေသီးနှံဖြစ်တဲ့ နွေနှမ်းတိုးချဲ့စိုက်ပျိုးဖို့ တောင်သူတွေကို တွန်းအားပေးဆောင်ရွက်ခဲ့ပါ တယ်။ အခုနွေသီးနှံမှာ နွေနှမ်းကို အဓိကထား စိုက်ပျိုးလာတဲ့အတွက် နိုင်ငံတော်ရဲ့ စားသုံးဆီဖူလုံ မှုကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တစ်ဖက်တစ်လမ်းမှ ကာကွယ်
ထို့ပြင် စိုက်ပျိုးရေသာမက သောက်ရေသုံးရေပါ အသုံးပြုနိုင်သည့်အပြင် ရေရှိသည့်အတွက် သစ်ပင် များ အောင်မြင်ဖြစ်ထွန်းကာ ရပ်ရွာဒေသစိမ်းလန်း စိုပြည်လာပြီး သစ်ပင်သစ်တောများကြောင့် ရာသီ ဥတုဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ် နိုင်လာမည်ဖြစ်သည်။
နွေရာသီရေရှားပါးမှုကို လျော့ပါးသက်သာ စေပြီး ရေကိုလိုအပ်သည့်အချိန် လိုသလို ရယူနိုင် သည့်အတွက် တောင်သူများအနေဖြင့်လည်း နှစ်သီး မှ သုံးသီးအထိ တိုးတက်စိုက်ပျိုးနိုင်လာကာ ဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်သည်။
ထို့ပြင် ဒေသအတွင်းထွက်ရှိသည့် သီးနှံများကို Dry food များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသခံတို့အတွက် အလုပ် အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင် တော့မည်ဖြစ်သည်။
ထို့ကြောင့် ချောင်းပိတ်ဆည်များ တည်ဆောက် နိုင်ခြင်း အပါအဝင် ရေအရင်းအမြစ်အသစ်များ ဖော်ထုတ်အသုံးပြုခြင်းသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အထောက် အကူ ဖြစ်စေမည့်အပြင် တစ်ဦးချင်းဝင်ငွေမှသည် တိုင်းပြည်ဝင်ငွေများ တိုးတက်ရရှိလာကာ လူမှု စီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments