ဆရာများသို့ အမှတ်တရ

Type
၁

ကမ္ဘာ့ဆရာများနေ့ အကြိုဂုဏ်ပြုဆောင်းပါး

=======================

 

ဆရာများသို့ အမှတ်တရ

==================

 

ဦးညွန့်ဝေ

 

 

ကမ္ဘာ့ဆရာများ၏အစ

 

သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့၏ အတက်၊ အကျ၊ အနိမ့်၊ အမြင့်၊ ပျက်စီးမှု၊ တည်ဆောက်မှု တို့ကို ဖန်တီးနေသူ၊ ဖန်တီးနိုင်သူမှာ လောက၏ ခေါင်းဆောင်လူသားပင် ဖြစ်သည်။ လူသည် အတွေ့ အကြုံကို အခြေခံ၍ ဘဝကို မြှင့်တင်သည်။ တည်ဆောက် သည်။ ကြံဆောင်အားထုတ်သည်။ လက်၊ နှလုံးသား၊ ဦးနှောက်တို့ဖြင့် ဖန်တီးသည်။ တီထွင်သည်။

 

“သက်ရှိအားလုံးထဲတွင် လူသားသည် သင်ယူ တတ်မြောက်မှုဖြင့် တိုးတက်အောင်မြင်လာရ၏။ ထိုသင်ယူ မှုတွင် တန်ဖိုးထားတတ်မှု၊ ကျွမ်းကျင်မှုနှင့် စိတ်နေ စိတ်ထားတို့ ပါဝင်ကြပြီး မိမိတို့၏ မျိုးဆက်သစ်ကို ကူးပြောင်းပေးခြင်းသည် ပညာရေးဖြစ်၏။ ဤသို့ ကူးပြောင်းပေးသူသည် ဆရာဖြစ်၏”ဟု Campton Encyclopedia က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

 

ခေတ်အလိုက် ပညာရေးရည်မှန်းချက်ရှိသည်။ စပါတာခေတ်တွင် စစ်သားကောင်းတစ်ယောက်ဖြစ်ရန်၊ အေသင်ခေတ်တွင် ဉာဏ်နှင့်စွမ်းရည်တို့ တိုးတက် ကြီးထွားလာစေရန်၊ ရောမခေတ်တွင် ကျန်းမာရေး၊ လူမှုရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အသက်မွေးဝမ်းကျောင်း နိုင်ရေးတို့တွင် အဆင်သင့်ဖြစ်လာစေရန်တို့ ဖြစ်ကြသည်။

ပညာရေးရည်မှန်းချက်၊ ပညာရေးလုပ်ငန်းစဉ် ရှိသကဲ့သို့ ပညာရေးကို ဖော်ဆောင်သူလည်းရှိသည်။ ကမ္ဘာ့သမိုင်းတွင် ဆရာလူတန်းစားကို ဤသို့ကောက်ချက် ဆွဲသည်။

ရောမခေတ်သည် ကျွန်ခေတ်ဖြစ်၏။ ကျွန်အုပ်စု တစ်စုမှ “ပီဒါဂိုဂေါ့ (Pedagogue)” ဟူသော ကျွန်အိုကြီး တစ်ဦးက ကျွန်ပိုင်ရှင်၏ ကလေးများကို စာသင်ကြား ပေးခြင်းပြုခဲ့သည်။ ထိုမှသည် “ကျောင်းဆရာ အတတ် ပညာ”ကို ပီဒါဂိုဂီ (Pedagogy) ဟုလည်းကောင်း၊ ကျောင်းဆရာကို ပီဒါဂိုဂေါ့ ဟုလည်းကောင်း ခေါ်ခဲ့သည်။

 

ကမ္ဘာ့ကျော်ကြား ဆရာများ

 

သံသရာကို ဖြတ်ပယ်၍ နိဗ္ဗာန်သို့ ညွှန်ပြနိုင်သူ ဗုဒ္ဓ။ အမှန်တရားကို အမှားဘက်သို့ မလိုက်ဘဲ အဆိပ်ရည် သောက်ကာ အမှန်တရားဘက်မှ အသက်အသေခံ၍ ပြခဲ့သော ဆိုကရေးတီး ၏ “မတရားမှုကို မတရားမှုနှင့် တုံ့ပြန်ခြင်းဟာ ဘယ်သောအခါမှ မလုပ်သင့်ဘူး”၊ “မိမိကိုယ်တိုင် မတရားကျူးလွန်ခံရသူ ဖြစ်နေသည်ဆိုဦး၊ ဒီလို မတရားမှုကို မတရားမှုနဲ့ မတုံ့ပြန်ရဘူး” ဟူသော အယူအဆသည် “ဆရာ”၏ အယူအဆ ဆရာအတွက် သတ္တိအရည်အသွေးပင် ဖြစ်သည်။ ၎င်းသည် နိဗ္ဗာန်ကို ညွှန်ပြနိုင်သော ဗုဒ္ဓမြတ်စွာနှင့် နှစ်ပေါင်း ၂၀၀ ခန့် နောက်ကျသည်။ ဘီစီ ၃၉၉ မှာ ဖြစ်သည်။

 

ဤစိတ်သည် ဆရာစိတ် ဖြစ်သည်။ ကမ္ဘာ့သမိုင်းကို ထင်ရှားစေ၊ ပြောင်းလဲစေနိုင်သော၊ ပြောင်းလဲစေခဲ့သော ဆရာများကား လောက၏ကျေးဇူးရှင်များပင် ဖြစ်ပေ သည်။

 

ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်၊ ကွန်ဖြူးရှပ်၊ ဂျိုဟန်ဟိန်နရစ်ပက်စတာကော်ဇီ၊ ဖရိုဘယ်၊ မွန် တက်ဆိုရီ၊ ဂျွန်ဒူဝီ၊ ကောပါးနီးယပ်စ်၊ ဂယ်လီလီယို၊ နယူတန်၊ အိုင်းစတိုင်း၊ ရှိတ်စပီးယား၊ လီယိုတော်စတွိုင်း၊ မကာရင်ကို၊ ကာလီနင်၊ မော်စီတုံး၊ ဟိုချီမင်း၊ အိုဘားမား၊ ရာဘင်ဒရာနတ်တဂိုးစသူတို့သည် ကမ္ဘာ့ဇာတ်ခုံပေါ်မှ ထင်ရှားသော ကျောင်းဆရာကြီးများ ဖြစ်ကြပေသည်။

 

မြန်မာ့သမိုင်းတွင်ကား ယခင်ဘုရင်များခေတ်၌ ဘာသာရေးဆရာများသာရှိခဲ့ပြီး ဒီမိုကရေစီပညာရေးကား ဝေးကွာခဲ့ရပါ၏။ ခေတ်မီတိုးတက်သော လူ့လောက အရေးတို့အတွက် ပညာရေးစနစ်သည်ကား အနောက် နိုင်ငံမှ Mission ပုဂ္ဂိုလ်များကြောင့် ပြောင်းလဲခဲ့ရပေသည်။ လွယ်ကူစွာ ပြောင်းလဲခဲ့သည်တော့မဟုတ်။ အချိန်ယူ ဇွဲရှိ စိတ်ရှည်စွာ အားထုတ်ခဲ့ကြရပေ၏။

 

မြန်မာ့ခေတ်သစ်ပညာရေးအစ

 

၁၇၂၁ ခုနှစ် တနင်္ဂနွေမင်းလက်ထက်တွင် အီတလီ ဘုန်းတော်ကြီး Father Calchi အင်းဝသို့ စတင် ရောက်ရှိခဲ့ပြီး ဘုရားရှိခိုးကျောင်းဆောက်၍ ကျောင်းဖွင့် ပြီး ကလေးများ ကို စာသင်ပေးခဲ့သည်။

၁၇၄၀ ပြည့်နှစ်တွင် Father Nerini သည် သန်လျင်သို့ ရောက်ရှိပြီး ခရစ်ယာန်ကလေးများအတွက် ကျောင်းစတင် ဖွင့်လှစ်ခဲ့သည်။ ဟံသာဝတီရောက် မဟာဓမ္မရာဇာဓိပတိ မင်းလက်ထက်တွင် ဖြစ်သည်။

၁၇၄၉ ခုနှစ်တွင် Father Nerini သည် သန်လျင်၌ပင် ကောလိပ်ကျောင်းတစ်ခုထောင်၍ ကျောင်းသား ၄၀ ခန့် ကို ပထဝီ၊ သင်္ချာ၊ မာလိန်မှူးအတတ်ပညာ၊ သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ သင်ကြားပေးခဲ့သည်။ ၁၇၇၂ ခုနှစ်တွင် Bishop Percoto သည် သာသနာပြုဝန်ထမ်းများကို မြို့၌ ကျောင်းဆောက်၍ သင်ကြားပေးခဲ့၏။

 

၁၈၁၃ ခုနှစ်တွင် ဥရောပ၌ Chater Act ပြဋ္ဌာန်းသည်။ ထိုဥပဒေအရ ခရစ်ယာန်သာသနာပြုလုပ်ငန်းများကို လွတ်လပ်စွာဖွင့်ခွင့်ရကြသည်။

၁၈၁၅ ခုနှစ်တွင် အမေရိကန်သာသနာပြုဆရာ ယုဒသန် Adoniran Judson သည် အင်းဝနေပြည်တော် ဘကြီးတော်စစ်ကိုင်းမင်းထံ ရောက်ရှိသည်။

 

၁၈၃၈ ခုနှစ်တွင် ပထမဆုံး အင်္ဂလိပ်-မြန်မာ အလယ်တန်းကို ရမ်းဗြဲ၌လည်းကောင်း၊ တတိယကျောင်းကို စစ်တွေ၌လည်းကောင်း ဖွင့်ပေးခဲ့ကြ၏။

 

၁၈၄၇ ခုနှစ်တွင် မော်လမြိုင်၌ မိန်းကလေးကျောင်း ကို Sister of the Apparition ဂိုဏ်းက လာရောက်ဖွင့်လှစ် ပေးခဲ့၏။

 

၁၈၅၃ ခုနှစ်တွင် မောင်နကော၏ “ပထမဖတ်စာ”ကို ဒုတိယအကြိမ်ပင် ရိုက်ရလေသည်။ (ပထမအကြိမ် ရိုက်ကို ရှာမတွေ့ရသေးပေ။)

၁၈၅၅ ခုနှစ်တွင် အထက်ဗမာပြည်၌ မင်းတုန်းမင်းက “ဂါမဝါသီပွဲကျောင်း” များကို အပြီးအပိုင်ဖျက်သိမ်းခဲ့လေ သည်။

၁၈၅၉ ခုနှစ်တွင် ဒေါက်တာမတ် John Ebenger Mark ကျောင်းဆရာလုပ်ရန် မော်လမြိုင်သို့ ရောက်ရှိခဲ့သည်။

 

၁၈၆၀ ပြည့်နှစ်တွင် ရန်ကုန်စိန်ပေါလ်ကျောင်းကြီး ဖွင့်လှစ်ခဲ့သည်။ မင်းတုန်းမင်းသည် တိုင်းပြည်၏ ဗဟို သက်ဦးဆံပိုင်အုပ်ချုပ်ရေးကို ဌာန ၁၀ ဌာနခွဲ၍ “ပညာရေး နှင့် သာသနာရေး”ဌာနဟူ၍ နှစ်ခုတွဲ ဌာနတစ်ခုထားရှိ ပေသည်။

 

အရေးကြီးသော အချိုးအကွေ့တစ်ခုရောက်လာပေ သည်။ ၁၈၆၅ ခုနှစ်တွင် ဖြစ်၏။ Mr.Hough စီစဉ်သော နယ်လှည့်ဆရာ Circuit Teacher လေးဦးတို့က မြန်မာ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ လှည့်လည် ၍ စာအုပ်များဝေငှခြင်း၊ သင်နည်းကူညီသင်ကြားပို့ချခြင်း များ စတင်ပြုလုပ်ခဲ့ကြသည်။

 

မြန်မာနိုင်ငံပညာရေးဌာန

 

၁၈၆၆ ခုနှစ်ရောက်သော် အောက်မြန်မာပြည်၌ “ပညာ ရေးဌာန”ကို စတင်ဖွင့်လှစ်လိုက်သည်။ နှစ်ပေါင်း ၁၄၅ နှစ် ဝန်းကျင်ကြာခဲ့၊ အရှိန်ယူခဲ့ကြရသည်။ ပညာမင်းကြီး Director တစ်ဦးနှင့် နယ်လှည့်ဆရာ Circuit Teacher လေးဦး ရှိသည်။ ပထမဆုံး Director မှာ Mr.G Hough ဖြစ်သည်။

 

ထူးခြားသောအချက်မှာ မြန်မာယောမင်းကြီး ဦးဘိုးလှိုင် မြန်မာလိုရေးသားပြုစုသော “လိပိဒီပါ” ကျမ်း ကြေးနန်းရိုက်နည်းကျမ်းကို အင်္ဂလိပ်သံအရာရှိ Mcmahon က ၁၈၆၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ဘိလပ်သို့ ပို့ဆောင်ခဲ့သည်။

 

၁၈၇၀-၇၁ ခုနှစ်တွင် ရန်ကုန်၌ တိုင်းရင်းသား ဆရာအတတ်သင်ကျောင်း တစ်ကျောင်း စမ်းသပ်ဖွင့်လှစ် ခဲ့သည်။ အစိုးရနော်မံကျောင်း၏အစဖြစ်သည်။ ၁၈၇၄ ခုနှစ် တွင် ပထမဆုံး ပညာဝန်တစ်ဦးနှင့် ပညာအုပ်သုံးဦး စတင် ခန့်ခဲ့သည်။

 

အနောက်တိုင်းစနစ် ပညာရေးကား ကောင်းစွာ လည်ပတ်နေပြီဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် တက္ကသိုလ်အစ ဖြစ်သော ကောလိပ်ဌာနတစ်ခုကို ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ စတင်ခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် ထိုရန်ကုန်အစိုးရအထက်တန်းကျောင်း ၌ စတင်ခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် ထိုရန်ကုန်ကောလိပ်ကို ကာလကတ္တား တက္ကသိုလ်လက်အောက်၌ ထားခဲ့သည်။

 

၁၈၈၀ ပြည့်နှစ်တွင် First Arts စာမေးပွဲများ စတင် ကျင်းပခဲ့သည်။ စာစစ်ဘုတ်အဖွဲ့ (Department Board of Examination) ဖွဲ့သည်။ ကျောင်းသုံးစာအုပ်ကော်မတီ (The standing committee on school textbook) ဖွဲ့ပေးခဲ့သည်။

 

၁၈၈၁ ခုနှစ်တွင် စာမေးပွဲစနစ်ပေါ်ပေါက်လာသည်။ မူလတန်းအောက်ဆင့်၊ မူလတန်းအထက်ဆင့်၊ အလယ်တန်းဆင့်စသည်ဖြင့် စာမေးပွဲများကို မြန်မာနိုင်ငံ ပညာရေးဆင်ဒီကိတ်အဖွဲ့ (Burma Educational Syndicate) က စစ်ဆေးပေးခဲ့သည်။

မြန်မာ့ခေတ်သစ်စာမေးပွဲစနစ်ကို ၁၈၈၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ပေါ်ကတည်း ကပင် ဖြစ်သည်။ လူသာမန်အများစု၏ အခြေအနေ အမျိုးမျိုး၏ အဆင့်ကိုကြည့်၍ မေးခွန်းများတွင် အမှတ်ပြည့် (၁၀၀)၊ အောင်မှတ် သို့မဟုတ် သာမန်တို့ အတွက် အမှတ်ကို (၄၀) စနစ်ကျင့်သုံးခဲ့သည်။

 

၁၈၈၅-၈၆ ခုနှစ်တွင် အင်္ဂလိပ်တို့က မြန်မာပြည် အောက်ပိုင်းအပါအဝင် တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့သည်။ ထိုနှစ်တွင် မြန်မာပြည်၌ မူလတန်းကျောင်းပေါင်း ၅၈၁၆ ကျောင်းနှင့် အလယ်တန်းကျောင်းပေါင်း ခုနစ်ကျောင်း ရှိပြီ ဖြစ်သည်။ ပုသိမ်၊ ရွှေကျင်၊ ထားဝယ်၊ ကျောက်ဖြူ၊ သံတွဲ၊ ပြည်၊ စစ်တွေတို့တွင် ဖြစ်သည်။

 

၁၈၉၁ ခုနှစ်တွင် ပညာရေးကိုဓဥပဒေ (Burme Education Code) ပေါ်ထွက်လာသည်။

 

၁၈၉၇ ခုနှစ်တွင် တိုင်းပညာဝန်များ(Inspector of Schools)၊ လက်ထောက်တိုင်းပညာဝန်များ(A.I.S)၊ ပညာအုပ်များ(D.I.S)တိုးချဲ့ခန့်ထားခဲ့သည်။

 

ဤသို့ တစ်ဆင့်တစ်ဆင့် တိုးတက်ဖွံ့ဖြိုးလာခြင်း သည်ပင် မြန်မာ့ခေတ်သစ်ပညာရေးသမိုင်း၏ မှတ်တိုင် များ ဖြစ်လာရပေသည်။

တို့ကျောင်းဆရာတွေ

မြန်မာ့ကျောင်းဆရာအသင်းများကို အနည်းငယ် တွေ့ရှိရသည်။ ၁၉၁၅ ခုနှစ်တွင် ကျိုက္ခမီခရိုင် မော်လမြိုင် မြို့၌ ဗုဒ္ဓဘာသာ မြန်မာစာသင်ကျောင်းအုပ်များနှင့် အင်္ဂလိပ်စာသင်ကျောင်းများရှိ ဆရာများပေါင်း၍ “ဆရာအသင်း” ကို ဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရသည်။

၂၀-၁၂-၁၉၂၀ ရက်မှ ၂၉-၁၂-၁၉၂၀ ရက်အထိ တိုင်းရင်းဘာသာ မြန်မာကျောင်းများ ကွန်ဖရင့် ရန်ကုန် မြို့၌ ကျင်းပကြောင်း တွေ့ရပေသည်။

ထူးခြားချက်မှာ ၁၉-၆-၁၉၂၀ ရက်အထိ တိုင်းရင်း ဘာသာ မြန်မာကျောင်းဆရာများ ကွန်ဖရင့် ရန်ကုန်မြို့၌ ကျင်းပကြောင်း တွေ့ရပေသည်။

 

ယင်းအပြင် ၁၉-၆-၁၉၃၇ နေ့၌ ရန်ကုန်မြို့တွင် “အာစရိယသတင်းစာ” စတင်ထုတ်ဝေခဲ့ကြောင်း သိရ သည်။

၂၉-၄-၁၉၄၆ ရက်နေ့တွင် ကန်တော်ကလေး မြူနီ စီပယ်ကျောင်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံသို့ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်၍ “ပညာရေးသည် နိုင်ငံရေး ဖြစ်သဖြင့် . . .”ဟု ဟောပြောခဲ့သည်။

သို့ပါ၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ စတင်၍ UNESCO က လူသားမျိုးဆက်သစ်များ၏ အနာဂတ်လိုအပ်ချက်များကို အာမခံပေးနိုင်ရန် ဆရာ များအား ထောက်ပံ့ကူညီရေးအတွက် စည်းရုံးလှုံ့ဆော် နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပလျက် ရှိသည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရ ပါသည်။ ။

 

References;

၁။ wikipedia online

၂။ မြန်မာ့ပညာရေး သမိုင်းဝင်မှတ်တိုင်များ(ဆရာ ဦးညွန့်ဝေ/ လောကသစ်စာပေ/ ၂၀၁၄/ဇွန်)