ဆုံးရှုံးခဲ့ရသော လူငယ့်အင်အားများ

 

 

 

တိုင်းပြည်တစ်ခု ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွား ရပ်တည် နိုင်ဖို့ဆိုသည်မှာ အရည်အချင်းပြည့်၀သော၊ ကိုယ်ကျင့် ကောင်းသော အားကောင်းမောင်းသန် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍက အရေးအကြီးဆုံးဖြစ်သည်ဟု အခိုင်အမာယုံကြည် ပါသည်။

အမှန်တရားကို ခါးသီးငြင်းဆန်သည့် အဆက်ဆက်သော အာဏာရှင်စနစ်အောက်တွင် လူငယ်ထု၏ နိုးကြားတက်ကြွမှု၊ ရဲရင့်သတ္တိရှိမှု၊ အမှန်တရားနှင့် အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခံလိုမှု အစရှိသည့် ကောင်းမြတ်သော လူငယ်စိတ်ဓာတ် တို့ ရက်စက်စွာ ချိုးနှိမ်ခံခဲ့ကြရလေသည်။

ထိုစဉ်က မတရားမှုကို ဖော်ထုတ်ဆန့်ကျင်ကြသော လူငယ်ထုမှာ နိုင်ငံက အားကိုးရမည့် ပညာရေးအရ အတော်ဆုံး၊ အထက်မြက်ဆုံး၊ တွေးတောကြံဆမှု အရင့်သန်ဆုံးဟု ဆိုရ လောက်သည့် ကျောင်းသားလူငယ် အများအပြားဖြစ်၏။ မကြာ တော့သည့် အနာဂတ်တွင် ပညာရှင်ကြီးများ၊ ပညာတတ်ကြီးများ ဖြစ်လာတော့မည့် ကျောင်းသားလူငယ်များ ဖြစ်၏။

ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင် ပညာသင်နေကြသော ကျောင်းသား အများအပြားတို့သည် အညွန့်ကျိုးခဲ့ရသည်။ ကျဆုံးသူများ၊ အကျဉ်းကျသူများ၊ ပြင်းထန်သော နှိပ်စက်မှုများကြောင့် ရာသက်ပန် ချည့်နဲ့ကာ မထူမထောင်နိုင် ဖြစ်ခဲ့ရသူများ၊ တောထဲ တောင်ထဲ ရောက်သူရောက်၊ နိုင်ငံရပ်ခြားအသီးသီးသို့ ရောက်သူ ရောက်ဖြစ်ခဲ့ရသော တော်လှန်ရေးသမားများ၊ ဒုက္ခသည်များ စသည်ဖြင့်။ ပညာသင်ရန်အကောင်းဆုံးအရွယ်၊ ပညာဖြင့် တိုင်းကျိုးပြည်ကျိုး ဝိုင်းဝန်းဆောင်ရွက်ရန် အကောင်းဆုံးအနေ အထားတို့ကို ထောင်ထဲ၊ တောထဲ၊ သေမင်း၏ရင်ခွင်ထဲတို့တွင် မြှုပ်နှံဆုံးရှုံးခဲ့ရလေသည်။

တောရောက် တောင်ရောက် ထောင်ရောက် တန်းရောက် မဖြစ်ရသူတို့အတွက် တက္ကသိုလ်ကျောင်းများကို သံတိုင်များခတ် လိုက်သည်။ အာရှတစ်လွှားက လျှမ်းလျှမ်းတောက် ပညာရေးစနစ် ထိပ်ဆုံးတန်းမှသည် အောက်ဆုံးတန်းရောက်သည်ထိ ဖြစ်ခဲ့ရ၏။

ပညာတတ်လူငယ်များကို ဆုံးရှုံးပြီးနောက် ပညာရေးစနစ် ကောင်းကို ဆုံးရှုံးကြရလေသည်။

နိုင်ငံရေးအရ လူငယ်တို့ အညွန့်ချိုးခံရပြီးသည့်နောက် အဆိုးဆုံး ဖြစ်ခဲ့သည်က မူးယစ်ဆေးဝါး။ မူးယစ်ဆေးဝါးမျိုးစုံသည် နိုင်ငံအနှံ့မှာ ရှိနေသော လူငယ်လူရွယ်တို့မှသည် နောင်တွင် ကလေးလူကြီး အားလုံးကို ပစ်မှတ်ထားသည့် ဝင်ငွေကောင်း လုပ်ငန်းဖြစ်လာသည်။

စာအုပ်ကောင်းတစ်အုပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အုပ်ရေ နှစ်ထောင်ခန့် အနိုင်နိုင် ရောင်းနေရချိန်တွင် မူးယစ်ဆေး ပြားတို့က သိန်းဂဏန်း သန်းဂဏန်းချီကာ ရွာစဉ်လှည့်တော့သည်။ မူးယစ်ဆေးဝါးမျိုးစုံ၏ နွံထဲနစ်ကာ ပြိုပျက် ယိုင်လဲချည့်နဲ့ခဲ့ကြ ရသည်မှာ အများစုက လူငယ်များသာ။

ယနေ့ထက်တိုင်လည်း မူးယစ်ဆေးဝါးပြဿနာက လျော့ပါး မသွားဘဲ တိုး၍တိုး၍လာနေသည်လားဟု ထင်ရလောက်အောင် ဖမ်းမိဆေးပြားစာရင်းက ဖော်ပြနေသည်။ မဖမ်းမိသည်က မည်မျှ လောက် များပြားနေခြိမ့်နည်း။

ဘိန်း၊ ကိုဒင်း၊ ချောင်းဆိုးပျောက်ဆေး၊ ဘိန်းဖြူတို့အစား ယာဘ၊ ရာမ၊ မြင်းဆေး၊ အိုက်စ်၊ ကုတ် စသည့်ဆေးဝါးများက ပိုမိုတွင်ကျယ် ခေတ်စားလာသည်။ မက်သမ်ဖတမင်းနှင့် ကဖင်း တို့ကို ပေါင်းစပ်ပြီး စပျစ်သီးနံ့၊ လိမ္မော်သီးနံ့၊ ချောကလက်နံ့ စသည့် ဆွဲဆောင်မှုရှိသော ရနံ့များကို ထည့်သွင်းထားသည့် မူးယစ်ဆေးဝါးဆိုသည်တို့က လူငယ်ထုအတွင်း၌ ထိုးဖောက် ဝင်ရောက်နေသည်။ အထက်တန်းကျောင်းပတ်ဝန်းကျင်သို့ ရောက်ရှိလာသည့်အမှုများကိုပါ တွေ့မြင်ရလေရာ စိုးရိမ် ရေမှတ်ကို ကျော်လွန်နေခဲ့ပြီ။

မူးယစ်ဆေးဝါးသုံးစွဲသူတို့ ဘဝနွံနစ်နေချိန်တွင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသူတို့က စည်းစိမ်ခံခွင့်ရမနေစေဖို့ ထိထိ ရောက်ရောက် တိုက်ဖျက်ချေမှုန်းရန် လိုအပ်နေပေပြီ။

လူငယ့်အားမာန်ကို တန်ဖိုးထားမည်ဆိုလျှင် သုံးစွဲသူများအား ထိရောက်သည့်ပညာပေးမှုနှင့်အတူ ထုတ်လုပ်ရောင်းချနေမှု များကိုလည်း တာဝန်ရှိသူတို့၏ ဖိဖိစီးစီးဖော်ထုတ်အရေးယူမှု တို့ လိုအပ်ပါမည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။