
ခါတွန် သြဂုတ် ၂၇
ဆူဒန်အရှေ့ပိုင်း အာဘတ်ဆည်သည် တနင်္ဂနွေနေ့က ကျိုးကျခဲ့သောကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၆၀ ထက်မနည်းသေဆုံးခဲ့ကာ ရာနှင့်ချီပြီး ပျောက်ဆုံးလျက်ရှိကြောင်း ဆူဒန် အရာရှိတစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။
ဆည်အနီးရွာများရေလွှမ်းမိုး
ဆည်ကျိုးကျခြင်းကြောင့် ဆည်အနီးရွာများ ရေလွှမ်းမိုးခဲ့ကြောင်း ပင်လယ်နီ ပြည်နယ် ရေကော်ပိုရေးရှင်း အကြီးအကဲ အိုမာက ပြောကြား ခဲ့သည်။ ရေကာတာဒေသနှင့် အနီးဝန်းကျင်ဒေသ တွင်လည်း ကာကွယ်မှုများ ချက်ချင်းလုပ်ဆောင် ရန် လိုအပ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။ ထို့အပြင် ရေကြီးခြင်းမှ လွတ်မြောက်ရန် ကြိုးစားသူများသည် မြွေအန္တရာယ် နှင့် ပိုးမွှားအန္တရာယ်များကို သတိထားရန်လည်း ၎င်းက ပြောကြားထားသည်။
ပိတ်မိနေသူများကို ကူညီရှာဖွေ
အဓိက ဦးစားပေးလုပ်ဆောင်ရန်မှာ ရေကြီး ခြင်းကြောင့် ပိတ်မိနေသူများကို ကူညီရှာဖွေရန် ဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါ နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆည်ကျိုး ကျခြင်းကြောင့် အနီးရှိရွာများ ရေလွှမ်းနစ်မြုပ်ပြီး ရွှံ့ညွန်များ တင်ကျန်ရစ်မည်ဖြစ်သည်။
မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်းဖြစ်ပေါ်နိုင်
ဇွန်လကတည်းက စတင်ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းများ ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၃၁၇၀၀၀ နီးပါး ထိခိုက်ခဲ့သည်။ စက်တင်ဘာလလယ်အထိ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းများ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်း ထားသည်။
ဆင်ဟွာ