
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ရွှေ့ဆိုင်းထားရပြီး ယခုနှစ်ကုန်ပိုင်း တွင် ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် စင်ကာပူနိုင်ငံကို ရွေးချယ်လိုက်ပြီဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ ချုပ်သည် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန် ကြိုးပမ်းခဲ့သော် လည်း ကပ်ရောဂါကြောင့် ကျင်းပနိုင်ရန် အဆင် မပြေသဖြင့် Centralized Venue ပုံစံဖြင့် ပြောင်းလဲ ကျင်းပရန်ဆုံးဖြတ်ကာ အိမ်ရှင်နိုင်ငံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင် နိုင်ငံအတွက် စင်ကာပူ၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နောက်ဆုံးရွေးချယ်ခံခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ ချုပ်က စင်ကာပူနိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံအနေဖြင့် ဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်က တစ်နိုင်ငံတည်းကျင်းပပြီး ၂၀၀၂၊ ၂၀၀၇ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ ငါးကြိမ်မြောက်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ် ပွဲအောင်အသင်း (တီမော/ ဘရူနိုင်း)၊ အုပ်စု (B)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း သည် အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက်တွင် စတင် ကစားရမည်ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် အိမ်ရှင် စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ် သည်။
၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင် စင်ကာပူအသင်းမှာ ပြိုင်ပွဲ၏ ဒုတိယ အအောင်မြင် ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု လေးကြိမ်ရရှိထား သည်။ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရဖူးသည့်အသင်းလေးသင်းသာရှိပြီး ထိုင်းအသင်း က ငါးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်နှင့် မလေးရှားအသင်းက တစ်ကြိမ်ရရှိထားသည်။
ရဲရင့်လွင်