ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံသည် စစ်မြေပြင်ဖြစ်ခဲ့ရာ စစ်အပြီးတွင် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။ စစ်မဖြစ်မီက ကိုလိုနီ နယ်ချဲ့တို့၏ စီးပွားရေးလုပ်ငန်းများမှာ မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီး သွားခြင်းကြောင့် လည်းကောင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လည်းကောင်း လုံးဝပျက်စီးသွားခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက စစ်ကြီး ပြီးသည့်နောက် ကမ္ဘာပေါ်မှာရှိသည့် နိုင်ငံများထဲမှ မိအေးနှစ်ခါနာ ဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံမရှိသေးဟု ဆိုခဲ့သည်။
စစ်ဒဏ်ကြောင့် အခြေခံအဆောက်အအုံများနှင့် စီးပွားရေးအရင်း အမြစ်များ ပျက်စီးခဲ့ရသည့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး နောက်တွင်လည်း ပြန်လည်ထူထောင်ရေးကို ကောင်းစွာလုပ်ကိုင်ခွင့် မရခဲ့ဘဲ ပြည်တွင်းသောင်းကျန်းမှု သမိုင်းကြောင်းကိုပါ ထပ်မံ ဖြတ်သန်းခဲ့ရပြန်သည်။ ထိုအခါ မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းသည့် ကရွတ်ကင်းလျှောက် သံသရာတွင်း သက်ဆင်းခဲ့ရ သည်။ တစ်ဖက်တွင်လည်း ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက် ဘဝမှာကတည်းက ဖွံ့ဖြိုးတိုးတက်မှုမရှိ ခေတ်နောက်ကျကျန်ခဲ့သည့် တောင်တန်းဒေသများတွင် နယ်ချဲ့တို့ သွေးခွဲခဲ့သည့် သံသရာတို့က တစ်စတစ်စနှင့် အမြစ်တွယ်လာခဲ့ပြီဖြစ်သည်။ တိုးတက်သော လူငယ်များ၏ ဦးဆောင်စည်းရုံးမှုဖြင့် တောင်တန်းဒေသနေ တိုင်းရင်း သားများက မြေပြန့်ဒေသ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် တစ်ခဲနက်ဆန္ဒပြုခဲ့ကြခြင်းကြောင့်သာ မြန်မာနိုင်ငံသည် လွတ်လပ် သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် မွေးဖွားလာခဲ့ရခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီးကာလ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အလျှိုအလျှိုပေါ်ပေါက်လာကြရာတွင် အကြောင်းပြချက် တစ်ရပ်မှာ ဖွံ့ဖြိုးမှုချင်းကွာခြားမှု၊ ဆူကြုံနိမ့်မြင့် ကွာခြားမှုများအပေါ် မကျေနပ်ကြခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်း နှစ်ကြိမ်ဖြစ်ခဲ့ခြင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လာခြင်း၊ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးမှု မအောင်မြင်ခြင်း စသည်တို့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလ၏ သမိုင်းပင်ဖြစ်ပြီး နိုင်ငံမဖွံ့ဖြိုးခြင်းနှင့် မငြိမ်းချမ်းခြင်း တို့၏ အကြောင်းအကျိုးဆက်နေသော အချက်များပင်ဖြစ်သည်။
“အဲဒီ ဆူကြုံအနိမ့်မြင့် ကွာခြားမှုများတဲ့အတွက်ကြောင့် ပဋိပက္ခ တွေ ကျွန်တော်တို့ ဖြစ်နေကြတယ်။ ပစ္စည်းမဲ့ဒေါသတွေ၊ ကွန်မြူနစ် စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ဒေါသတွေဖြစ်တယ်။ ငါတို့ မှာ မရှိဘူး၊ မင်းတို့မှာ ရှိတယ်။ ငါတို့မှာ မလုပ်ရဘူး၊ မင်းတို့မှာ လုပ်ရ တယ်။ ငါတို့မှာ မစားရဘူး၊ မင်းတို့မှာ စားရတယ်။ ငါတို့မှာ မဝတ်ရ ဘူး၊ မင်းတို့မှာ ဝတ်ရတယ်။ ငါတို့မှာ ပညာမသင်ရဘူး၊ မင်းတို့မှာ သင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီကွာခြားချက်ကို အနိမ့်ဆုံးဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးရမယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ ရာ မငြိမ်းချမ်းခြင်းနှင့် မဖွံ့ဖြိုးခြင်းသံသရာမှ ရုန်းထွက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ကြိုးပမ်းသွားကြဖို့ပင်ဖြစ်သည်။
မိသားစုတစ်စုအတွင်းဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြစ်စေ ဆင်းရဲမွဲတေခြင်းက ပြဿနာများစွာတို့၏ ရေသောက်မြစ်ဖြစ်သည်။ ဆင်းရဲမွဲတေခြင်းကို တိုက်ဖျက်နိုင်ရန်မှာ ဖွံ့ဖြိုးတိုးတက်အောင် အလုပ်လုပ်ကြဖို့ လိုအပ်သည်။ အလုပ်လုပ်ကြရာတွင်လည်း ဦးတည် ချက်များ ဆန့်ကျင်၍ ကိုယ်ထင်ရာကိုယ်လုပ်ကြ၍မရဘဲ မှန်ကန် သည့် ဦးတည်ချက်ဖြင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ညီညွတ်စွာ ကြိုးပမ်းကြရမှာဖြစ်သည်။ ယင်းမှထွက်ပေါ်လာသည့် အကျိုးကျေးဇူး များကို ရယူခံစားကြရာတွင်လည်း ဆူကြုံနိမ့်မြင့် မကွာခြားစေရန် အတွက် ‘‘လိုသည့်နေရာကိုဖို့ရန် ပိုသည့်နေရာမှပို့’’ ကြရမည်သာ ဖြစ်သည်။ မိသားစုဟူသည် အေးအတူ ပူအမျှပင်ဖြစ်ရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မြင့်မားလာသည်နှင့်အမျှ တောင်တန်းမြေပြန့်၊ ပြည်နယ်ပြည်မ မကွဲမပြား တစ်သားတည်းဖြစ်တည်လာမည်ဟု ယုံကြည်ပါကြောင်း။ ။