
နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်အတွင်း ဆူပူအကြမ်း ဖက်သူ လူအုပ်စုများသည် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့် တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းအနီး ကျိုက်လတ်-ဖျာပုံကားလမ်း၏ ဝဲဘက်ဘေး၌ လည်းကောင်း၊ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် အမှတ်(၁) ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအနီး ကျိုက်လတ်- ဖျာပုံ ကားလမ်း၏ ယာဘက်ဘေး၌ လည်းကောင်း၊ နံနက် ၁၁ နာရီ တွင် အမှတ်(၃) ရပ်ကွက် (၄)လမ်း နှင့် (၅)လမ်းကြားရှိ မြို့နယ်ပညာ ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအတွင်း၌ လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာအသီးသီး၌ လက်လုပ် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ကျိုက်လတ်မြို့ အမှတ်(၁)ရပ်ကွက် ကျိုက်လတ်-ဖျာပုံကားလမ်းဘေးရှိ ကိုဗစ်-၁၉ ယာယီစစ်ဆေးရေးဂိတ်၌ ပေါက်ကွဲ မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်း ဖြစ်နေရာ၌ ပေါက်ကွဲရာမှ ကျန်ရှိ သည့် PVC ပိုက် အပိုင်းအစများနှင့် Kenbo ဖုန်းဓာတ်ခဲခြောက် တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါစစ်ဆေးရေးဂိတ်၌ တာဝန် ဆောင်ရွက်နေသည့် ဒေါင့်ကြီးကျေး ရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်း၊ ရာအိမ်မှူး ဦးမျိုးညွန့်၊ ဇော်မျိုးဦး၊ ကျေးလက်ကျန်းမာရေးဝန်ထမ်း မမျိုးမျိုးအေးနှင့် အမှတ်(၁၅)ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီ မောင်းသူ မျိုးခိုင် (၂၇)နှစ် (ဘ)ဦးစိန်မြင့်တို့တွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင် ရေး ကျိုက်လတ်မြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့အတူ ည ၈ နာရီ ၁၀ မိနစ် ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်း မြို့ မြို့သစ်ရပ်ကွက်ရှိ ငါးသိုင်း ချောင်း တိုက်နယ်ဆေးရုံ၏ မြောက်ဘက် ဦးကဲလမ်းပေါ်၌ လည်းကောင်း၊ ည ၈ နာရီ မိနစ် ၂၀ တွင် အဆိုပါပေါက်ကွဲသည့် နေရာမှ ပေ ၃၀ ခန့်အကွာ၌ လည်းကောင်း၊ ည ၈ နာရီခွဲတွင် ဆေးရုံ၏ တောင်ဘက် အောင်ဇေယျလမ်းပေါ်၌ လည်း ကောင်း၊ ည ၈ နာရီ ၄၅ မိနစ်တွင် ဆေးရုံအရှေ့၌ လည်းကောင်း လက်လုပ်ဗုံး လေးလုံး အသီးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၅ နာရီ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ မြောက်ပိုင်းရပ်ကွက်လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်း ဝင်ပေါက်ဝဲဘက်ခြမ်း အုတ်တံတိုင်း အောက်ခြေ တစ်ပေကျော်ခန့် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိ မှုမရှိကြောင်း သိရသည်။
ထို့အတူ နံနက် ၆ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး ထီးလင်း မြို့ အမှတ်(၂) ရပ်ကွက် ဂန့်ဂေါ လမ်းရှိ မြို့နယ်ပညာရေးမှူး ဒေါ်အေးလှ၏ နေအိမ်ခြံစည်းရိုး အပြင်ဘက်အနီး၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်အသံဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန် သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်