
ဆောင်းပါး
=======
စီးဆင်းနေမည့် အလင်းတန်းများ
===================
တိမ်ဝါရောင် ...တိမ်တောင်တွေ ...
စိမ်းစိမ်းစို ... အစ်ကိုတို့ရွာ ...
အခုများဖြင့်မြို့ကြီးလို ... ဓာတ်မီးရောင်ထိန် ...
ကုသိုလ်ဖြစ်ဆေးရုံ... ပွဲနဲ့လမ်းနဲ့သာသာယာ ...
စာသင်ကျောင်းတွေနဲ့ ... ရှေ့ကနဲ့မတူပါ ...
ကျေးရွာဝါဒ... ပြောင်းလဲလိုက်ကြပေါ့တစ်ခါ ...
အထက်ပါသီချင်းလေးသည် တစ်ချိန်က နာမည် ကြီးပြီး လူကြိုက်များသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ နန်းတော်ရှေ့ဆရာတင်ရေးသားပြီး ကိုအံ့ကြီးသီဆို ခဲ့သော ကျေးရွာဝါဒသီချင်းဖြစ်သည်။ နန်းတော်ရှေ့ ဆရာတင်ရေးသားခဲ့သော ရာပေါင်းများစွာသော တေးသီချင်းများအနက် “ဝါဒ” သီချင်း လေးပုဒ်ရှိခဲ့သည်။ ယင်းတို့မှာ ကျေးရွာဝါဒ၊ သူဌေးဝါဒ၊ အရမ်းသုံးဝါဒ၊ ဗမာ့ဝါဒတို့ဖြစ်သည်။ ကျေးရွာဝါဒသီချင်းသည် တိုးတက် ဖွံ့ဖြိုးလာသော ရွှေဘိုမြို့လေး၏အခြေအနေကို သီကုံး ဖော်ကျူးထားသော သီချင်းဖြစ်ကာ ထိုအချိန် စစ်ပြီး ကာလတွင် ရွှေဘိုမြို့အနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကျူးရင့်သည့်သီချင်းအဖြစ် လည်း မှတ်ယူ၍ရပါသည်။ ထိုခေတ်ထိုကာလက မြို့ကြီး ပြကြီးမဟုတ်သော ကျေးလက်၊ နယ်ဘက် အရပ်ဒေသ များအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ရန် မလွယ်ကူကြပေ။ ထို့ကြောင့် လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းသည် ထူးခြားဂုဏ်ယူ ဖွယ်ရာ ဝိသေသတစ်ခု ဖြစ်လာခဲ့ရသည်။
SCODA မီးစက်ကြီးများဖြင့် လည်ပတ်မောင်းနှင်သော မီးစက်မီး
အမှန်တကယ်အားဖြင့် ထိုခေတ်အခါက ရွှေဘိုမြို့ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းသည် နိုင်ငံတော်ဓာတ်အား စနစ်မှပေးပို့သော လျှပ်စစ်ဓာတ်အား မဟုတ်ဘဲ SCODA မီးစက်ကြီးများဖြင့် လည်ပတ်မောင်းနှင်သော မီးစက်မီးပင် ဖြစ်ပါသည်။ ရွှေဘိုမြို့အနေဖြင့် ၁၉၈၅ ခုနှစ်ခန့်ရောက်မှသာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြင့် မန္တလေး-စဉ့်ကူးမှ 33kVလိုင်း တည်ဆောက် ဓာတ်အား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အချိန်အပိုင်းအခြား၊ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်
ဆိုလိုသည်မှာ လျှပ်စစ်မီးရရှိနိုင်မှုသည် အခြေ အနေအဆင့်ဆင့်ကို ဖြတ်သန်းရသည်။ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပေးသော ဗို့အားမြင့် ဓာတ်အားလိုင်းဖြင့် တည်ဆောက် မရယူနိုင်မီ ဦးစွာ ပထမ မီးစက်အင်ဂျင်မီး၊ ရေအားဒိုင်နမိုမီး၊ ထင်းမီး၊ ဘွိုင်လာရေနွေးငွေ့ဖြင့် ထုတ်လုပ်သော ရေနွေးငွေ့ ဓာတ်အားပေးစက်မီး စသည်တို့ကို အသုံးပြုရသည်။ ယင်းသို့ အသုံးပြုရာတွင် အချိန်အပိုင်းအခြား၊ အကန့် အသတ်ဖြင့်သာ သုံးစွဲနိုင်ကြသည်။ နောက်ပိုင်းကာလ မိမိကျေးရွာဒေသသို့ ဓာတ်အားခွဲရုံကြီးများ၊ မဟာ ဓာတ်အားလိုင်းများ တည်ဆောက်သွယ်တန်းပြီးစီး၍ ဒေသတွင်း မြို့ပြ၊ ကျေးရွာများသို့ ဓာတ်အားလိုင်းများ အဆင့်ဆင့် သွယ်ယူသုံးစွဲနိုင်မှသာ နိုင်ငံတော်ဓာတ်အား စနစ်မှပေးသည့် လျှပ်စစ်မီးကို အချိန်ပြည့် သုံးစွဲနိုင်ကြခြင်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာလည်း ဓာတ်အား ထုတ်လုပ်မှု အရင်းအမြစ်အမျိုးမျိုးအပေါ် အခြေခံ၍ ထုတ်လုပ်သုံးစွဲကြရာ ထုတ်လုပ်စရိတ်သက်သာပြီး စဉ်ဆက်မပြတ် တည်ငြိမ်စွာ ဓာတ်အားပေးနိုင်သည့် ဓာတ်အားအရင်းအမြစ်သည်သာ သုံးစွဲသူအတွက် မှန်ကန် အားထားရသည့် ဓာတ်အားသုံးစွဲမှုဖြစ်နိုင်ပါသည်။
လူနေအိမ်ရပ်ကွက်များသို့
ဓာတ်အားပေးနိုင်ခြင်း မရှိခဲ့
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ် ကာလကတည်းကပင် ဓာတ်အားပေးအင်ဂျင်စက်များဖြင့် တစ်နိုင်တစ်ပိုင် အသုံးပြုလာခဲ့ကြသည်။ အထူးသဖြင့် အရင်းရှင်ကုမ္ပဏီကြီးများ၏ စီးပွားရေးလုပ်ငန်းများနှင့် ယင်းနှင့်ဆက်စပ်သော လူနေဒေသတို့တွင်သာ အသုံးပြု နိုင်ခြင်းဖြစ်ရာ အများပြည်သူ လူနေအိမ်ရပ်ကွက်များသို့ ဓာတ်အားပေးနိုင်ခြင်း မရှိခဲ့ပါ။ ဘာသာရေးအဖွဲ့အစည်း၊ ဂေါပကအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် တန်ခိုးကြီးဘုရား၊ ကျောင်း၊ စေတီများတွင် မီးစက်များ တပ်ဆင်ထွန်းညှိနိုင်ကြမှသာ ယင်းဘုရား၊ ကျောင်း၊ စေတီတို့နှင့်နီးစပ်သော လူနေရပ်ကွက် အချို့တို့က ဓာတ်အားသုံးစွဲနိုင်ကြခြင်းဖြစ်သည်။ အချို့ နေရာဒေသများတွင် စီးပွားရေးလုပ်ငန်းရှင်အချို့က ကိုယ်ပိုင်မီးစက်များနှင့် အဖိုးအခယူ၍ ဓာတ်အား
ရောင်းချမှုမျိုးရှိခဲ့သော်လည်း အနည်းအကျဉ်းမျှသာ ဖြစ်ပါ သည်။ ယနေ့ခေတ်ကဲ့သို့ အစိုးရ (သို့) ကော်ပိုရေးရှင်းကြီး များက ရပ်ရွာလူနေဒေသများသို့ တာဝန်ယူဓာတ်အား ဖြန့်ဖြူးသည့်စနစ် မပေါ်ပေါက်သေးပါ။ ၁၉၄၈ ခုနှစ် နောက်ပိုင်းရောက်မှသာ အစိုးရကတာဝန်ယူ
ဓာတ်အားဖြန့်ဖြူးပေးသည့်စနစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါ သည်။
ယင်းသို့အစိုးရက တာဝန်ယူဆောင်ရွက်ရသည့် ဓာတ်အားဖြန့်ဖြူးမှုသည်လည်း အကန့်အသတ်များစွာ ရှိပါသည်။ မြို့၊ ရပ်ကွက်၊ ကျေးလက်တို့တွင် ဓာတ်အား လိုင်းများ သွယ်တန်းမပေးပို့နိုင်မီ ရပ်ရွာအတွက် နိုင်နင်း နိုင်မည့် မီးစက်လေးများဖြင့်သာ တသီးတခြား ဓာတ်အား ပေးရခြင်းဖြစ်သည်။ ဒီဇယ်၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနွေးငွေ့သုံး အင်ဂျင်စက်များဖြင့် နေရာကွက်ကျား ဓာတ်အားပေးရမှုမျိုး ဖြစ်ပါသည်။
လောပိတ(ဘီလူးချောင်း) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
လောပိတ(ဘီလူးချောင်း) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးသည့် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၁ ရက်နောက်ပိုင်းမှသာ လောပိတ (လွိုင်ကော်)မှ ရန်ကုန်ဒေသနှင့် မန္တလေးဒေသတို့သို့ 230 kV/ 132kV မဟာဓာတ်အားလိုင်းများ အသီးသီး တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အားပေး ကွန်ရက် (Hydal Grip) အဖြစ် ပေါ်ပေါက်လာစေကာ ရေအား လျှပ်စစ်အရင်းအမြစ်ဖြင့် ဈေးနှုန်းသက်သာသည့် ဓာတ်အားကို ပြည်သူတို့ စတင်သုံးစွဲနိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ယင်းသို့ လောပိတ (ဘီလူးချောင်း) ရေအား
လျှပ်စစ် တည်ဆောက်ပြီးသော်လည်း ဓာတ်အားအရင်း အမြစ်များ စဉ်ဆက်မပြတ် ရှာဖွေဖော်ဆောင်နိုင်
ခြင်း မရှိသဖြင့် သုံးစွဲမှုမြင့်မားလာသော နောက်ပိုင်း
ကာလများတွင် ဓာတ်အားအလုံအလောက်မပေးနိုင်ခြင်း၊
ဓာတ်အားဖြန့်ဖြူးဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ တိုးချဲ့မတည်ဆောက်နိုင်ခြင်းစသည့် အခက်အခဲ များစွာရင်ဆိုင်ခဲ့ရပါသည်။ လျှပ်စစ်ကဏ္ဍသည် ဖွံ့ဖြိုး တိုးတက်သင့်သလောက် မတိုးတက်ဘဲ အများပြည်သူ တို့၏ ဓာတ်အားသုံးစွဲနိုင်မှုအချိုး (Electrification Ratio - ER%) မှာ အလွန်နည်းပါးခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ် ကဏ္ဍအနေဖြင့် ထုတ်လုပ်မှုစရိတ်အနည်းဆုံးနှင့် အရည် အသွေးရှိသောဓာတ်အားကို စဉ်ဆက်မပြတ်ပေးနိုင်ရေး သည် အလွန်အရေးပါလှပေသည်။ ဓာတ်အားထုတ်လုပ် နိုင်သည့်အရင်းအမြစ်များ မည်မျှကြွယ်ဝ၍ မည်မျှ အသုံးချ နိုင်ပြီလဲ။ ဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားလိုင်းများ မည်မျှတည်ဆောက်သုံးစွဲနိုင်ပြီလဲစသည့် အခြေခံအကြောင်း များပေါ်မူတည်ကာ လူမှုဘဝဖွံ့ဖြိုးရေးနှင့် စက်မှုဖွံ့ဖြိုးရေး ဆိုင်ရာစီမံကိန်းများကို ရေးဆွဲဖော်ဆောင် ကြရသည်။
ထို့ကြောင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အား ပို့လွှတ်မှုအပိုင်းနှင့် ဓာတ်အားဖြန့်ဖြူးမှုအပိုင်း စသည့် အပိုင်းသုံးပိုင်းတို့သည် ဟန်ချက်ညီညီ တိုးတက် တည်ဆောက်နိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ အပိုင်းတစ်ပိုင်းနောက်ကျနေပါကလည်း ဖြစ်စဉ်ကြီးတစ်ခုလုံး နောက်ကျနေဦးမည်ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားကို အမြော်အမြင်ရှိရှိဖော်ဆောင်
ဓာတ်အားထုတ်လုပ်ရေး အပိုင်းတွင်လည်း ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်နှင့်စပ်လျဉ်း၍ ရေအား၊ ကျောက်မီးသွေး၊ နေရောင်ခြည်၊ သဘာဝ ဓာတ်ငွေ့၊ LNG စသည်တို့မှ ထုတ်လုပ်ကြခြင်းအပေါ် အမြင်သဘောထားအမျိုးမျိုးနှင့် ကန့်ကွက်ပြောဆို အငြင်းပွားနေဆဲဖြစ်သည်။ မိမိနိုင်ငံ၏ စွမ်းအင်အကျပ် အတည်းအပေါ် ယထာဘူတကျကျ အခြေခံထား စဉ်းစား ရှုမြင်သုံးသပ်ခြင်းထက် မိမိနားလည်အားသန်ရာနှင့် မိမိ စိုးရိမ်ခံစားချက်တို့အပေါ် စွဲမြဲရပ်တည်ကာ ပြောဆို ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် တရိပ်ရိပ် တိုးတက်တောင်းဆိုလာသည့် ဓာတ်အား လိုအပ်ချက်များကို အမီလိုက်ထုတ်လုပ်ရန် အခက်အခဲ အဟန့်အတားများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် အချိန်ကာလနှင့်လျော်ညီသော ဓမ္မဓိဋ္ဌာန်ကျကျ တွေးမြင် နားလည်မှုများဖြင့် အမျိုးသားအကျိုးစီးပွားကို အမြော် အမြင်ရှိရှိ ဖော်ဆောင်ရန်လည်း လိုအပ်နေပါသည်။
ဓာတ်အားပမာဏ အမြောက်အမြားကို သယ်ဆောင်ပို့လွှတ်နိုင်တော့မည်
ဓာတ်အားပို့လွှတ်မှုအပိုင်းတွင်လည်း ဓာတ်အား ခွဲရုံကြီးများ၊ ဓာတ်အားပို့လွှတ်လိုင်းများပါဝင်သော ဓာတ်အား ကွန်ရက်ကြီးအဖြစ် ကြီးမားကျယ်ပြန့် ခိုင်မာ အားကောင်းဖို့ လိုပါသည်။ လျှပ်စစ်ဓာတ်အား၏ သဘောသဘာဝအရ ဓာတ်အားထုတ်လုပ်သည့် ဝေးလံ သောနေရာမှ ဓာတ်အားဖြန့်ဖြူးမည့် ခွဲရုံကြီးများသို့ သာမန်ဗို့အားစနစ်ဖြင့် ပို့လွှတ်၍ မရပေ။ ထို့ကြောင့် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော 11 kV ဓာတ်အားကို ဗို့အားမြှင့်ထရန်စဖော်မာ (Booster Transformer) ကြီးများဖြင့် 132 kV (သို့) 230 kV ဗို့အား တို့သို့ မြှင့်တင်ကာ ပို့လွှတ်ပေးကြရသည်။ သို့မှသာ သတ်မှတ်ဓာတ်အားခွဲရုံ များသို့ ရောက်ရှိချိတ်ဆက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ဓာတ်အားအမြောက်အမြားသုံးစွဲ သည့် မြန်မာနိုင်ငံတောင်ပိုင်းသို့ ပင်မဓာတ်အား အရင်းအမြစ်များ၊ ဓာတ်အားပေးစက်ရုံများ တည်ရှိရာ မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသမှ ဝေးလံရှည်လျားစွာ ဓာတ်အားပို့လွှတ်နေရသည့်အတွက် ဓာတ်အားပို့လွှတ် သယ်ဆောင်ရေးသည် ဓာတ်အားစနစ်ကြီးတစ်ခုလုံး၏ အသက်သွေးကြော ဖြစ်နေသည်။ ယခုအခါ 500 kV ဓာတ်အားလိုင်းစနစ်ကို တည်ဆောက်ပြီးစီးတော့မည် ဖြစ်ရာ ဓာတ်အားပို့လွှတ်ကွန်ရက်ကြီးအနေဖြင့် ဓာတ်အား ပမာဏ အမြောက်အမြားကို သယ်ဆောင်ပို့လွှတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ ဓာတ်အားပေးစက်ရုံများက ပို့လွှတ်လိုက်သော ဓာတ်အားများကို မဟာဓာတ်အားလိုင်းများမှတစ်ဆင့် ဒေသအသီးသီးရှိ မဟာဓာတ်အားခွဲရုံကြီးတို့ထံ ပို့လွှတ် ပေးရသည်။ ထိုခွဲရုံကြီးတို့၌ Transformer ကြီးများဖြင့် ထပ်မံဖြန့်ဖြူးမည့် ဗို့အားအဆင့်ဆင့်ဖြစ်သော 66 kV ၊ 33 kV ၊ 11 kV ၊ 6.6 kV စသည့် ဗို့အားတို့သို့ ပြန်လည်ချယူ ပြောင်းလဲကာ ဓာတ်အားလိုင်းအသီးသီးဖြင့် သုံးစွဲရာ နေရာများသို့ ထပ်မံခွဲဝေပေးကြရပါသည်။ သုံးစွဲမည့် မြို့ပြ၊ ရပ်ရွာဒေသတို့က အဆိုပါ 66 kV ၊ 33 kV ၊ 11 kV ၊ 6.6 kV ဓာတ်အားတို့ကို ရပ်ကွက်နေရာများသို့ ဓာတ်အား ဖြန့်ဖြူးသုံးစွဲနိုင်မည့် 400V ၊ 230V စသည့် ဓာတ်အား ဖြန့်ဖြူးဗို့အားရောက်အောင် ဓာတ်အားခွဲရုံငယ်လေးများ ဖြင့် ထပ်မံပြောင်းလဲဖြန့်ဖြူးကြရပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments