
ဆောင်းပါး
=====
စီးဆင်းနေမည့် အလင်းတန်းများ
================
ဦးဘတင်(မင်္ဂလာမြေ)
===========
(ယမန်နေ့မှ အဆက်)
ဓာတ်အားထုတ်လုပ်နိုင်မှုသည် အရေးကြီးသလို ဓာတ်အားပို့လွှတ်နိုင်မှုသည်လည်း လွန်စွာအရေးပါလှပါ သည်။ ဓာတ်အားပေးစက်ရုံကြီးများက ဓာတ်အား ထုတ်လုပ်ပေးနိုင်သော်လည်း ဓာတ်အားပို့လွှတ် မဟာ ဓာတ်အားလိုင်းများက အဆင်သင့်မဖြစ်ခြင်း၊ မပို့လွှတ် နိုင်ခြင်း၊ ပြတ်တောက်ခြင်းများကြုံတွေ့ပါက ထုတ်လုပ် မှုအပိုင်းသည် အချည်းနှီးဖြစ်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ဓာတ်အားသုံးစွဲမှု မြင့်မားကျယ်ပြန့်လာတိုင်း ဓာတ်အားထုတ်လုပ်ရေးနှင့် ဓာတ်အားပို့လွှတ်ရေး အဆောက်အအုံတို့သည် ပိုမိုတိုးချဲ့ တည်ဆောက်ပေးရ မည်ဖြစ်သည်။ ကြိုတင်တည်ဆောက်ထားကြရမည် ဖြစ်ပါသည်။
ယခု ၂၀၂၀ ပြည့်နှစ်တွင် ဓာတ်အားထုတ်လုပ်မှု၌ နိုင်ငံတစ်ဝန်း စက်ရုံအားလုံးက 3824MW အထိ တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရပြီး ယင်းပမာဏ၏ တစ်ဝက်နီးပါးမျှကို ရန်ကုန်ဒေသက သုံးစွဲနေခြင်းဖြစ်ကြောင်းလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းတွင်လည်း မြို့ပြ၊ ရပ်ရွာ၊ လူနေဒေသများသို့ လျှပ်စစ်ဓာတ်အားကို အရည်အသွေးပြည့်ပြည့်နှင့် မပြတ်မတောက် တည်ငြိမ် စွာ ဓာတ်အားပေးနိုင်ရန် ဓာတ်အားဖြန့်ဖြူးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အလွန်အရေးကြီး သည်။ 66 kV၊ 33 kV၊ 11 kV၊ 6.6 kV၊ 400V စသည့် ဓာတ်အားလိုင်းများဖြင့် လူနေဒေသတွင်းသို့ ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်း ပြည့်ဝပြီး အန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးနိုင်သည့် အရည်အသွေးများရှိရန် လိုအပ်ပါသည်။ သစ်ပင်သစ် ကိုင်း၊ အဆောက်အအုံများဖြင့် ကင်းလွတ်ကာ ဥတု သုံးပါးစလုံး ကောင်းမွန်စွာ ဓာတ်အားဖြန့်ဖြူးနိုင်သော ဓာတ်အားလိုင်းများဖြစ်ရန် အရေးကြီးပါသည်။ ထို့အတူ ဓာတ်အားဖြန့်ဖြူး ထရန်စဖော်မာများသည်လည်း အကာ အကွယ်စနစ် အပြည့်အစုံဖြင့် လူနေရပ်ကွက်များအတွင်း အန္တရာယ်ကင်းရှင်းသည့်အခြေအနေဖြင့် တည်ဆောက် ဖြန့်ဖြူးရန်လိုအပ်ပါသည်။ သို့မှသာ အန္တရာယ်ကင်းရှင်း ပြီး တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သည့်နိုင်ငံတစ်ခု အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော် လည်း ဓာတ်အားကွန်ရက်မှ ဓာတ်အားပေးနိုင်မှုသည် မြို့ပြဒေသအတွက်သာပေးနိုင်ခဲ့ပြီး ကျေးလက်ဒေသ အများစုမှာ နိုင်ငံတော်ဓာတ်အားစနစ်၏ ဓာတ်အား ဖြန့်ဖြူးရေးလိုင်းမှ ဓာတ်အားရယူသုံးစွဲနိုင်ခြင်းမရှိခဲ့ပေ။ တစ်နိုင်တစ်ပိုင် ဓာတ်အားထုတ်လုပ်သည့်စက်များဖြင့် သာ ထုတ်လုပ်သုံးစွဲနေခဲ့ကြရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အတိတ်ခေတ်ကာလများက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး ဓာတ်အားအခြေခံအဆောက်အအုံများ မတည်ဆောက်နိုင်ခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီများ မရရှိခြင်းနှင့် အမျိုးသားစည်းလုံးညီညွတ်မှု မတည် ဆောက်နိုင်ခြင်း စသည့်အကြောင်းရင်းတို့ကြောင့်ပင် ဖြစ်သည်။ ထိုအချိန်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ဧရိယာတိုးချဲ့နိုင်ဖို့ထက် လက်ရှိဖြန့်ဖြူးနေသည့် ဓာတ်အား သုံးသူများသို့ ၂၄ နာရီအချိန်ပြည့် ဓာတ်အားပေးနိုင်ရေးကိုပင် မဖြည့်ဆည်းနိုင်ဘဲ အလှည့်ကျဓာတ်အားပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့ရသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ထွန်းလာမှသာ နိုင်ငံရေး ဖြစ်စဉ်များနှင့်အတူ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး အခွင့်အလမ်းများ ရရှိဖော်ဆောင်နိုင်ခဲ့ကြသည်။ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက်လည်း ရေရှည်၊ ရေတိုစီမံကိန်းများ ချမှတ်ပြီး လူမှုစီးပွားဘဝတစ်ခုလုံးအတွက် ဓာတ်အား အပြည့်အဝပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးဧရိယာ ပိုမိုတိုးချဲ့ဓာတ်အားပေးနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ခေတ် အဆက်ဆက်ဖော်ဆောင်ပေးရမည့် သမိုင်းကြွေးကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဖော်ဆောင်နေကြောင်းကိုလည်း တွေ့မြင်နေကြရသည်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ဓာတ်အားပေးခြင်း၊ မဟာဓာတ်အား လိုင်းကြီးများ နိုင်ငံတစ်နံတစ်လျား တိုးချဲ့တည်ဆောက် ၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဝေးလံသည့် နေရာဒေသ များအထိ တိုးချဲ့ဓာတ်အားပေးခြင်း စသည်တို့ကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့သည့် အပြင် နိုင်ငံတော်အစိုးရကလည်း ပြည်ထောင်စုရန်ပုံငွေမှ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက်ပိုမိုသုံးစွဲခွင့်ပြုခဲ့ပြီး
နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီများပါ ရယူနိုင်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံကြီးများနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်နိုင်ခဲ့ကာ နိုင်ငံတော်ဓာတ်အားစနစ်မှ ကျေးလက်ဒေသများအထိ တိုးချဲ့ဓာတ်အား ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် တစ် နိုင်ငံလုံး မီးသုံးသူအိမ်ထောင်စု အရေအတွက်သည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ၅ ဒသမ ၈ သန်းအထိ တိုးတက်ရောက်ရှိ လာခဲ့ကြောင်း တွေ့ရသည်။ v စာမျက်နှာ ၁၈ မှ
ယခင်က တစ်ပြည်လုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲ နိုင်မှု (ER%) သည် ၃၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာနိုင်ခဲ့ ပြီး ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်းသို့လည်းကောင်း ရောက်ရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ သည်ကိုလည်း တွေ့ရသည်။ ယခုကဲ့သို့ လျှပ်စစ် ဓာတ်အားကို ကျေးလက်ဒေသအတော်များများအထိ သုံးစွဲလာနိုင်မှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လူမှုရေးစသည့် လူမှုစီးပွားဘဝများလည်း အပြောင်းလဲကြီးပြောင်းလဲကာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာခဲ့ကြသည်။ ကျေးလက်နေ ပြည်သူတို့၏ဘဝသည် အိပ်မက်အလားပြောင်းလဲခဲ့ပြီး လျှပ်စစ်မီးရောင်များဖြင့် ထိန်လင်းနေသော ကျေးလက်ည များကို မြင်တွေ့ကြရပြီဖြစ်သည်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစ၍ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်လာသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ယခုအခါ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် အခက်အခဲများ ဖြစ်ပေါ် စေခဲ့ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝကိုပါ ရိုက်ခတ် စေခဲ့ပါသည်။
ထိုသို့ ပြည်သူတို့ လူမှုဘဝအခက်အခဲများ ခံစားကြ ရသည့်အချိန်တွင် နိုင်ငံတော်အစိုးရ၏ စီစဉ်ပေးမှုဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် မီးသုံးသူ ပြည်သူ များအတွက် ဓာတ်အားခပေးဆောင်ရမှုများ သက်သာစေ ရန် စီးပွားရေးလုပ်ငန်းများမှအပ နေအိမ်သုံးမီတာများကို ဧပြီလမှစ၍ ဒီဇင်ဘာလအထိ လစဉ်လျှပ်စစ်ယူနစ် ၁၅၀ အား အခမဲ့သုံးစွဲခွင့်ပြုခဲ့သည်။ ပုံမှန်ဝင်ငွေမရှိသော ဓာတ်အားသုံးစွဲသူများအနေဖြင့် လျှပ်စစ်ဓာတ်အားခ အတွက် ပူပင်ရန်မလိုတော့ဘဲ ကြောင့်ကြကင်းစွာ ကပ်ရောဂါဘေးကို ရင်ဆိုင်နိုင်ခဲ့ကြသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းဇယားများ အရ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုပေါင်း ၅ ဒသမ ၈ သန်းရှိသည့်အနက် ၃ ဒသမ ၄ သန်းတို့သည် အဆိုပါ သက်သာခွင့်ကို ခံစားခွင့်ရရှိခဲ့ကြောင်းလည်း သိရသည့် အတွက် သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော ဖြေလျှော့ဝန်ဆောင်မှုမျိုးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍လည်း ခေတ်မီမီတာသုံးစွဲမှုစနစ် ဖြစ်သည့် အလိုအလျောက်ဖတ်မှတ်ကြည့်ရှု၍ အွန်လိုင်း မှပေးချေနိုင်သော ဒစ်ဂျစ်တယ်မီတာစနစ်(Advance Metering Infrastructure-AMI)ကိုလည်း မြို့ကြီး များတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ရာ မီးသုံးသူများအနေဖြင့် မိမိသုံးစွဲနေသော မီတာယူနစ်အခြေအနေကို အချိန်မရွေး တယ်လီဖုန်းဖြင့် ချိတ်ဆက်ကြည့်ရှုနိုင်ကာ ဘဏ်အကောင့်မှတစ်ဆင့် မီတာခကိုလည်း အွန်လိုင်းဖြင့် ပေးချေနိုင်တော့မည်ဖြစ် ကြောင်းလည်းသိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူ့ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရသည့်ဌာနဖြစ်သည့် အားလျော်စွာ ပြည်သူကိုဗဟိုပြုသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလာသည်ကို တွေ့မြင်ကြရသည်။ ဓာတ်အားပြတ်တောက်မှုနှင့် သိရှိလိုမှုများရှိပါက Call Center ကဲ့သို့ ပြန်ကြားဆောင်ရွက်ပေးသည့် ဌာနတို့လည်း ပေါ်ထွန်းလာခဲ့ရာ ယခင်ခေတ်အဆက်ဆက် ပြည်သူနှင့် လျှပ်စစ်ဌာနတို့အကြား အလှမ်းကွာခြားမှုများကို နီးစပ် အောင် ဆောင်ရွက်လာနိုင်ခဲ့သည်။ ထို့အတွက် ပြည်သူတို့ ၏ အခက်အခဲ၊ ဌာန၏ အခက်အခဲတို့ကို နှစ်ဦးနှစ်ဖက် သိရှိဖလှယ်နိုင်ခဲ့ကြပြီလည်းဖြစ်သည်။
လျှပ်စစ်သည် ပြည်သူတို့၏ လူမှုဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်နှင့်အညီ လျှပ်စစ်ကဏ္ဍ၏ ဖြစ်ထွန်း ပြောင်းလဲမှုတိုင်းသည် ပြည်သူတို့အား နိုင်ငံရေးအရ ရိုက်ခတ်သက်ရောက်မှုများ ရှိစေနိုင်ပါသည်။ ထိုအခြေ အနေကို အသုံးချ၍ နိုင်ငံရေးအခြေအနေပြောင်းလဲလိုသူများက လျှပ်စစ်နှင့်ကိုင်လှုပ်ရန် ကြိုးစားမှုကိုလည်း ခေတ်အဆက်ဆက် ကြုံခဲ့ကြရသည့်ဌာနတစ်ခုလည်း ဖြစ်ပါသည်။ သို့သော် ပြည်သူတို့ အကျိုးစီးပွားအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေသော လျှပ်စစ်ဌာန ၏ ဦးတည်ချက်ကို ပြည်သူလူထုက လက်ခံအားပေးလျက် ရှိကြောင်းလည်း တွေ့နေကြရပြီဖြစ်သည်။ နိုင်ငံတော်၏ စေတနာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့၏ ကြိုးပမ်းမှု များသည် ပြည်သူလူထုထံသို့ ဓာတ်အားများနှင့်အတူ ဆက် လက်စီးဆင်းနေမည်ဟု ယုံကြည်ပါသည်။
ပြည်မ၊ ပြည်နယ်၊ တောင်ပေါ်မြေပြန့် ခရီးဆန့်လျက် အခက်အခဲစိန်ခေါ်မှုများကြားမှ ရုန်းကန်တည်ဆောက် အလင်းပေးလျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို လေးစားအသိအမှတ်ပြု ကြရမည်သာဖြစ်ပြီး ၎င်းတို့၏စွမ်းဆောင်နိုင်မှုများကို ကျေးလက်ဒေသရှိ လျှပ်စစ်မီးအလင်းရောင်များက သက်သေခံလျက်ရှိကြောင်း ခံစားတွေ့မြင်မိသမျှကို ရေးသားတင်ပြအပ်ပါသည်။ ။
- Log in to post comments