
ပရီမီယာလိဂ်ပွဲစဉ် (၁၀) ၏ အကောင်းဆုံးပွဲစဉ်ဖြစ် သည့် နူနိုဆန်းတို့စ်၏ စပါးအသင်းနှင့် ဆိုးလ်ရှား၏ မန်ယူအသင်းတို့ပွဲစဉ်ကို ယမန်နေ့က စပါးအိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက စီရော်နယ်ဒို၊ ကာဗာနီ၊ ရက်ဖို့ဒ်တို့၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး-ဂိုးမရှိဖြင့် စပါးအသင်းကို အနိုင်ရရှိခဲ့သည်။
အိမ်ရှင်စပါးအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်တွင် ဘန်လေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ကာရာဘောင်ဖလားပြိုင်ပွဲ နောက်တစ်ဆင့်သို့
တက်ရောက်ထားနိုင်သော်လည်း ယနေ့ပွဲစဉ်တွင် မန်ယူအသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နိုင်ပွဲရရှိရေး ဦးတည်လာသည့် မန်ယူအသင်းအနေဖြင့် ပွဲစသည်နှင့် စပါးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် မန်ယူအသင်းမှ စီရော်နယ်ဒို၊ ကာဗာနီ၊ ဖာနန် ဒက်စ်တို့ အပေးအယူ အချိတ်အဆက်မိမိဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့ သည်။ ထို့အပြင် တိုက်စစ်ကို ဦးဆောင်ပွဲထွက်လာသည့် စီရော်နယ်ဒို၊ ကာဗာနီတို့ နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် နည်းပြ ဆိုးလ် ရှားအတွက် အားတက်စရာဖြစ်ခဲ့ပြီး ဖိအားများမှလည်း သက်သာရာ ရခဲ့သည်။ ပထမပိုင်းပွဲချိန် ၃၈ မိနစ်အထိ စပါးအသင်း၏ တုံ့ပြန်ကစား ပုံကောင်းမွန်မှုကြောင့် မန်ယူအသင်း အဖွင့်ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။
သို့သော်လည်း ပွဲချိန် ၃၉ မိနစ်တွင် မန်ယူအသင်း အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ စီရော်နယ်ဒိုက သွင်းယူပေးခဲ့ သည်။ ထို့နောက် ပွဲချိန် ၄၈ မိနစ်တွင် မန်ယူအသင်းမှ စီရော်နယ်ဒို ဒုတိယဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သော ကြောင့် နစ်နာခဲ့ရသည်။
ပွဲချိန် ၆၄ မိနစ်တွင် မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့ပြီး စီရော် နယ်ဒို၏ ဖန်တီးမှုမှ ကာဗာနီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် ဆိုးလ်ရှားသည် စီရော်နယ်ဒိုကို အနားပေးကာ ရက်ဖို့ဒ်ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် မန်ယူအသင်း တတိယဂိုးရရှိခဲ့ပြီး လူစားဝင် ကစားသမား မာတစ် ၏ ဖန်တီးမှုမှ ရက်ဖို့ဒ်က သွင်းယူပေး နိုင်ခဲ့သည်။ ထို့နောက်တွင် စပါးအသင်းရော မန်ယူအသင်းပါ ထပ်မံဂိုး သွင်းယူနိုင်ခြင်း မရှိသောကြောင့် မန်ယူအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ယခုအနိုင်ပွဲကြောင့် ပရီမီယာလိဂ် ပွဲစဉ် (၁၀) အပြီးတွင် ရမှတ် ၁၇ မှတ်ရှိလာပြီး ပြိုင်ဘက် စပါးအသင်းက ၁၅ မှတ် ရရှိထားသည်။ မန်ယူအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အတ္တလန္တာအသင်းနှင့် နိုဝင်ဘာ ၃ ရက်၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ စပါးအသင်းက ကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် ဗစ်တက်စ်အသင်းနှင့် နိုဝင်ဘာ ၅ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်