လူဦးရေတိုးတက်လာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်း စသည့် အကြောင်းများကြောင့် နိုင်ငံအတွင်းရှိ မြို့ပြဒေသများတွင် လူနေ ထူထပ်လာပြီး မြို့ဧရိယာများလည်း ပိုမိုကျယ်ဝန်းလာကြသည်။ လမ်းများဖောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးတံတိုင်းများခတ်၍ ကာရံခြင်း စသည်တို့အပြင် လူများ၊ မော်တော်ယာဉ်များ စသည်တို့ကြောင့် ရှိရင်းစွဲသဘာဝအနေ အထားများ ပျက်စီးသွားခဲ့ရသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လည်း ဖြစ်ပေါ်လာရသည်။
မြို့ပြများ လူနေထူထပ် ကြီးထွားလာခြင်းအားဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများတွင် အထူးသဖြင့် မြို့တွင်းအပူချိန် မြင့်မားလာမှုကို မြို့ပြဒေသနေထိုင်သူများကိုယ်တိုင် ခံစားနေကြ ရသည်။ မြို့ကြီးပြကြီးဒေသများတွင် မြို့လယ်ပိုင်း လူနေရပ်ကွက် များ၌ မြေလွတ်မြေလပ်ဟူ၍မရှိဘဲ အဆောက်အအုံများ ပြည့်နှက်နေအောင် တည်ဆောက်ခြင်းအားဖြင့် အဆောက်အအုံ များမှ အပူဓာတ်များ ထုတ်လွှတ်ခြင်း၊ နေရောင်နှင့် အလင်း ရောင်ပြန်ဟပ်ခြင်းတို့ကြောင့်လည်းကောင်း၊ လေအေးပေးစက် အပါအဝင် လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ မော်တော် ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံများ စသည်တို့ကြောင့်လည်းကောင်း မြို့ပြများ၏ လေထုတွင် အပူချိန်များ မြင့်တက်လာရသည်။
မြို့ပြဒေသများ အပူချိန်မြင့်မားလာခြင်းအားဖြင့် မြို့နေလူထု ၏ ကျန်းမာရေးကို စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ထိခိုက်စေ သည်ဟူ၍ ပညာရှင်တို့က ပြောကြားထားသည်။ အပူချိန်မြင့်မား သည့် နွေရာသီကာလများတွင် ဖြစ်ပွားတတ်သည့် အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ အမောဖောက်ခြင်း၊ နှလုံးအောင့်ခြင်းတို့အပြင် လေထုအတွင်း ဖုန်၊ အမှုန့်၊ အခိုးအငွေ့များ၊ ဓာတ်ငွေ့များနှင့် ညစ်ညမ်းနေမှုကြောင့် အသက်ရှူလမ်းကြောင်းရောဂါများ ကိုပါ ဖြစ်ပွားစေသည်။ မြို့များတွင် အပူချိန်မြင့်မားလာမှုကို ကာကွယ် နိုင်သည့်နည်းလမ်းမှာ မြို့ပြအဆောက်အအုံ၊ လမ်းတံတားများနှင့် အချိုးညီစွာ သစ်ပင်များကို စိုက်ပျိုးခြင်းပင်ဖြစ်သည်။ မြို့ကြီး တစ်ခုလုံးကို တိုက်တာအဆောက်အအုံများ၊ လမ်းများ၊ ပလက် ဖောင်းများ၊ ယာဉ်ရပ်နားနေရာများ စသည့်ကွန်ကရစ်ထုထည် များဖြင့် ဖုံးလွှမ်းပိတ်ဆို့မထားဘဲ မြေအောက်ရေ စိမ့်ဝင်စေနိုင်မည့် မြက်ခင်းနှင့် ပန်းဥယျာဉ်များ၊ အရိပ်ရသစ်ပင်များကို သိပ္ပံနည်းကျ စိုက်ပျိုးပေးထားခြင်းအားဖြင့် အပူနှင့် အလင်းရောင်ပြန်များကို တားဆီးထိန်းသိမ်းပေးနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓာတ်ငွေ့များကို စုပ်ယူထားနိုင်ခြင်း၊ သစ်ပင်ရိပ်အောက်တွင် အအေးဓာတ်ကိုရရှိစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ လေထုအရည်အသွေးကို ကောင်းမွန်စေခြင်းတို့အပါအဝင် ကောင်းကျိုးများစွာတို့ ရရှိဖြစ်ထွန်းစေသည်။ ထို့အပြင် စိမ်းစို လန်းဆန်းသာယာအေးမြနေသည့် သစ်ပင်ပန်းမန်တို့၏ မြင်ကွင်း များက လူများ၏စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှု များကို လျော့ပါးသက်သာစေခြင်းကလည်း သစ်ပင်များက ပေးသည့် တန်ဖိုးကြီးမားလှသော အကျိုးကျေးဇူးပင် ဖြစ်သည်။
မြို့ပြဒေသများ လူနေထူထပ်လာမှုနှင့်အတူ မြို့များကြီးမား လာခြင်း၊ ချဲ့ထွင်လာခြင်းတို့မှာ အနာဂတ်တွင်လည်း ကြုံတွေ့လာ ရမည့် စိန်ခေါ်မှုများဖြစ်သည်။ မည်မျှကြီးမားချဲ့ထွင်လာသည် ဖြစ်စေကာမူ မူလဝိသေသများကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ပြီး စနစ်တကျ ကြီးမားချဲ့ထွင်လာမှုသာ ဖြစ်စေရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။