စိန်ခေါ်မှုအားလုံးအတွက် တစ်ခုတည်းသောအဖြေ

 

သယံဇာတပြည့်စုံကြွယ်ဝ၍ တည်နေရာအချက်အချာကျပြီး ဥတုသပ္ပါယ   မျှတသည့်နိုင်ငံ၊  သင့်တင့်မျှတသည့်လူဦးရေ၊ မြေနှင့်ရေ    အရင်းအမြစ်တို့ကြောင့်   စားရေရိက္ခာအတွက် မည်သည့်အခါမျှ မကြောင့်ကြရသည့်နိုင်ငံ၊ အရှေ့တောင်အာရှ နိုင်ငံများတွင် ဒုတိယအကျယ်ဝန်းဆုံးသော နိုင်ငံဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်  အဓိကတိုင်းရင်းသား လူမျိုးကြီး ရှစ်မျိုး၊ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ၁၃၀ ကျော်တို့ အတူတကွ  စုပေါင်းနေထိုင်ကြရာ နိုင်ငံဖြစ်သည့် အလျောက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ရေး သည် နိုင်ငံ၏   ပစ္စုပ္ပန်အတွက်ရော   အနာဂတ်အတွက်ပါ လွန်စွာအရေးကြီးလှကြောင်း  သတိပေးတိုက်တွန်းနှိုးဆော် လိုသည်။

 


မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးကို ကြည့်မည်ဆိုပါက နိုင်ငံတိုင်းသည် မိမိတို့၏အတိုင်းအတာအလျောက် အင်အား တည်ဆောက်ထားရန်လိုအပ်ကြောင်း     တွေ့ရှိနိုင်သည်။ ပြည်တွင်း   နိုင်ငံရေး၊    စီးပွားရေး၊   ကာကွယ်ရေးအင်အား များ ခိုင်မာတောင့်တင်းမှသာလျှင်  နိုင်ငံတကာတွင် ရင်ပေါင် တန်းနိုင်မည်ဖြစ်ရာ      ပြည်တွင်းအင်အားခိုင်မာအောင်၊ တောင့်တင်းအောင်   မဖြစ်မနေတည်ဆောက်ကြရသည်။ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်ကို ပြန်ကြည့် လျှင်ပင်    ပြည်ပနိုင်ငံများ၏   အုပ်စုဖွဲ့ဖိအားပေးမှုများကို ပါတီလည်းမတူ၊ မူဝါဒလည်း ကွဲပြားခြားနားကြသည့် အစိုးရ နှစ်ဖွဲ့လုံး  ခံစားခဲ့ကြရသည်ကို   တွေ့နိုင်သည်။   ဤသည်မှာ ပထဝီနိုင်ငံရေးအရ     မျက်မှောက်ကမ္ဘာ့အခြေအနေတွင်  အချက်အချာဖြစ်လာနေသည့်ရပ်ဝန်းတွင်  တည်ရှိနေသော မိမိတို့နိုင်ငံအဖို့    မည်သည့်အစိုးရတက်လာသည်ဖြစ်စေ    ရင်ဆိုင်ကြရမည့်စိန်ခေါ်မှုတစ်ရပ်    ဖြစ်နေဦးမည်ဖြစ်သည်။   တစ်ဆက်တည်းမှာပင်    ပြည်တွင်းနိုင်ငံရေး   မတည်မငြိမ် ဖြစ်စေရန်၊  လက်နက်ကိုင်ပဋိပက္ခများ  ဆက်လက်ရှည်ကြာနေ စေရန်  ပြည်ပမှဖန်တီးလှုံ့ဆော်မှုများ၊ မီးလောင်ရာလေပင့်  သွေးခွဲရန်တိုက်  လုပ်ရပ်များကို ပုံစံအမျိုးမျိုးဖြင့် တွေ့ကြုံကြ ရဦးမည်လည်းဖြစ်သည်။

 


နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေး စသည့်ခေါင်းစဉ်များအသုံးပြုကာ စွပ်စွဲမှုအမျိုးမျိုးဖြင့် နိုင်ငံနှင့်    လူမျိုး၏ပုံရိပ်ကို   ဆိုးရွားအောင်ပြုလုပ်နေကြ သည်။ အမျိုးသားယဉ်ကျေးမှုနှင့်  ဘာသာအယူဝါဒ ယုံကြည် ကိုးကွယ်မှုတို့   ချည့်နဲ့အားနည်းသွားအောင်  နည်းလမ်း ပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်နေကြသည့်အပြင် နိုင်ငံ၏  ကာကွယ်ရေးအင်အားစုဖြစ်သော  တပ်မတော်နှင့်   ပြည်သူ လူထု၊  တိုင်းရင်းသားလူမျိုးစုများအကြား    အမုန်းတရားများ ဖြစ်ပေါ်ရေးနှင့်  ရန်မီးပွားသည်ထက်ပွားအောင်၊   တည်ငြိမ်မှု ပျက်ပြားသည်ထက်  ပျက်ပြားအောင်၊    ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ထက် နောက်ကျအောင် ပြည်ပနှင့် ပြည်တွင်း အဖျက်အင်အားစုများက  ပြုလုပ်လျက်ရှိကြရာ  မိမိတို့ တိုင်းရင်းသားပြည်သူများအားလုံးက နိုင်ငံနှင့် လူမျိုးအတွက် ကျရောက်လာနိုင်သည့်    အန္တရာယ်ကို    ရှင်းရှင်းလင်းလင်း  မြင်တွေ့နိုင်ကြရန် လိုသည်။ 

 


ကမ္ဘာ့နိုင်ငံရေး  အခြေအနေများအရဖြစ်စေ၊ မိမိတို့၏ နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်ဖြစ်စေ တစ်ခုတည်းသော အဖြေမှာ ငါတို့အားလုံး မြန်မာဟူသော ပြည်ထောင်စုသားစိတ်ဓာတ်နှင့် ခွဲခြားမရ နိုင်သည့် စည်းလုံးညီညွတ်မှုပင် ဖြစ်ပါကြောင်း။      ။