စိန်ရတုလွတ်လပ်ရေးအကြို တစ်နိုင်ငံလုံးငြိမ်းချမ်းရေး

 

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး  ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ဦးတည်ချက် ၉ ရပ် အနက်မှ   နိုင်ငံရေးဦးတည်ချက်   တစ်ရပ်ပင်ဖြစ်ပြီး အလေးအနက်အကောင်အထည်ဖော်လျက်ရှိသည့်  ဦးတည်ချက်လည်းဖြစ်သည်။

 

မိမိတို့နိုင်ငံတွင် မတူကွဲပြားသည့် သမိုင်း နောက်ခံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာစကားများရှိကြသည့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်တို့ အတူတကွ နေထိုင်နေကြခြင်းဖြစ်သည်။ မည်မျှ ပင် မတူကွဲပြားသည်ဟု   ဆိုစေကာမူ    တစ်မြေတည်းနေ တစ်ရေတည်းသောက် နေထိုင်ခဲ့ကြခြင်း၊ သွေးသားတော်စပ် မှုများရှိနေခြင်း၊ သမိုင်းကြောင်းကံကြမ္မာ  အတူတကွသာ ဖြစ်ခြင်းဟူသော အမှန်တရားများလည်း ငြင်းကွယ်၍မရအောင် ရှိနေသည်သာဖြစ်သည်။

 


နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်လပ်လာခဲ့ပြီးသည့် နောက်တွင် နယ်ချဲ့တို့ ဖန်တီးခဲ့သည့်  သံသယမျိုးစေ့တို့မှာ လည်း လူမျိုးစုအသီးသီးတို့ကြားတွင် အပင်ပေါက်လာခဲ့သည်။ ကိုလိုနီခေတ်မတိုင်မီက ပဒေသရာဇ် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရတော့မည့် အခြေအနေများ ဖြစ်ပေါ်လာချိန်တွင် တိုင်းရင်းသားများအကြား သွေးကွဲရေး လှုပ်ရှားမှုများကို  ကိုလိုနီအရာရှိများက   အကြိတ်အနယ် ဆောင်ရွက်ခဲ့ကြပြီး မြေပြန့်နှင့် တောင်တန်းအကြား သံသယ များ ဝင်လာရေးအတွက် လူမျိုးကြီး၊ လူမျိုးငယ်အယူအဆများ ပြင်းထန်လာစေရန် ဖန်တီးခဲ့ကြသည်ကို သမိုင်းတွင် ပြန်လည် လေ့လာတွေ့ရှိနိုင်သည်။         ယင်းသံသယများကြောင့်ပင် လွတ်လပ်ပြီးကာလ   ဆက်လက်စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်တံ့ခိုင်မြဲအောင်၊ ဖွံ့ဖြိုး တိုးတက်အောင်  တက်ညီလက်ညီတည်ဆောက်ကြရမည့် အစား   လက်နက်ကိုင်ပဋိပက္ခများ    ပေါ်ပေါက်လာခဲ့ရသည်။ အကျိုးရလဒ်အဖြစ် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမှာ အောက်တန်း နှင့်  နောက်တန်းဆီသို့ တစ်စတစ်စ ရောက်ရှိသွားခဲ့ရသည်။

 


လက်ရှိအချိန်တွင်    သမိုင်း၏   အပြောင်းအလဲများနှင့် အတူ မိမိတို့၏နိုင်ငံကို  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်         အားလုံးညီခဲ့ကြပြီဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်၊   ညီရင်းအစ်ကို    မောင်ရင်းနှမ စိတ်ဓာတ်မွေးမြူကာ    တန်းတူရည်တူ၊   အေးအတူပူအမျှ အတူတကွနေထိုင်ရန်၊ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ပြီး အကျိုးစီးပွားမျှဝေခံစားရန်ဟူသော သဘောထားများလည်း ရှိပြီးဖြစ်သည်။   မြန်မာနိုင်ငံ၏   လွတ်လပ်ရေးသက်တမ်း ၇၄  နှစ်တာကာလအတွင်း    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် လက်နက်ကိုင်ပဋိပက္ခများနှင့်သာ  ဝင်္ကပါလမ်း လျှောက်နေ ခဲ့ရပြီး ဒေသများစွာတို့တွင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှုတို့နှင့် ဝေးနေဆဲ။ လာမည့်နှစ်တွင် မြန်မာ့လွတ်လပ် ရေးသည်    ၇၅  နှစ်မြောက်     စိန်ရတုအခါကာလသို့ပင် ရောက်တော့မည်ဖြစ်သည်။

 


ယခုနှစ်သည် စိန်ရတုလွတ်လပ်ရေး၏ အကြိုနှစ်ဖြစ်သည့် အလျောက် လွတ်လပ်ရေး၏ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေး၏ အနှစ်သာရများကို   တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး ခံစားကြရစေရန်အတွက် မိမိတို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်။   ၂၀၂၂  ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရက   တစ်နိုင်ငံလုံး  ငြိမ်းချမ်းသာယာ ရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးကို   လိုလားသူအပေါင်းက   အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်    သမိုင်းမော်ကွန်း ဝိုင်းဝန်းရေးထိုးနိုင်ကြပါစေကြောင်း။         ။