စိန်ရတုမှသည် ကမ္ဘာတည်သရွေ့

 

ယနေ့သည်   အချုပ်အခြာအာဏာပိုင်  လွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏  ၇၅   နှစ်တာသမိုင်းတွင် အကြီးကျယ် အခမ်းနားဆုံးဖြစ်သည့် စိန်ရတုလွတ်လပ်ရေးနေ့ အောင်ပွဲသဘင်ကို နိုင်ငံ၏ မြို့တော်ဖြစ်သည့်    နေပြည်တော်တွင်   ဆင်ယင်ကျင်းပ သည့်နေ့ဖြစ်သည်။  နှစ်စဉ်    လွတ်လပ်ရေးနေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်း၌    ကျင်းပရခြင်းသည်     နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက်  ရာစုနှစ်နှင့်ချီ၍ အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ကာ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရား တို့ကို   အောက်မေ့သတိရကြရန်၊  အခြားကမ္ဘာ့နိုင်ငံများနှင့်တန်းတူ လွတ်လပ်သော   နိုင်ငံ၊  လွတ်လပ်သော    နိုင်ငံသားများဟူသည့် ဘဝ ကို      လေးစားမြတ်နိုး    တန်ဖိုးထားနိုင်ကြစေရန်၊   ငြိမ်းချမ်းသာယာ ဝပြောသော၊     ခေတ်မီဖွံ့ဖြိုးတိုးတက်သော    နိုင်ငံတော်ကြီးကို နိုင်ငံသားများ၊     တိုင်းရင်းသားများအားလုံးက   တစည်းတလုံး၊ တညီတညွတ်တည်း     ကြိုးပမ်းတည်ဆောက်နိုင်ကြစေရန်ဟူသည့် ရည်ရွယ်ချက်များ ပါဝင်ကိန်းအောင်းလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏   ဥပဓိရုပ်ပြည့်စုံစေရန်အတွက်   (၁) ပိုင်နက် နယ်နိမိတ်၊ (၂) ယင်းနယ်နိမိတ်အတွင်း နေထိုင်ကြသည့် ပြည်သူများ၊ (၃)   အချုပ်အခြာအာဏာနှင့်    (၄)   အုပ်ချုပ်သူအစိုးရ ဟူသော အင်္ဂါလေးရပ်နှင့်    ပြည့်စုံဖို့လိုသည်။     ယင်းအင်္ဂါလေးရပ်အနက် တစ်ခုခုချို့ယွင်းပါက  နိုင်ငံဟူသော  အဆင့်အတန်းမှ လျောကျရတော့ သည်။     နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရသည့်     မြန်မာနိုင်ငံ၏ သမိုင်းကို   ပြန်ကြည့်လျှင်ပင်    ဤသဘောကို   ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။   နိုင်ငံ၏အမည်ကို   “ဘားမား” ဟူသော မပီမသ အသံထွက်ဖြင့်  ခေါ်ဝေါ်သတ်မှတ်ခံရပြီး   နယ်ချဲ့သိမ်းပိုက်ခံထားရပြီး ဖြစ်သည့်   အိန္ဒိယ၏ပြည်နယ်တစ်ခုအဖြစ်    သွတ်သွင်းခံခဲ့ရသည့် အတွက် ထိုကာလသည်  ကမ္ဘာ့မြေပုံပေါ်တွင်     မြန်မာနိုင်ငံပျောက်ကွယ် သွားရသည့်  ကာလ၊    မြန်မာနိုင်ငံသားတို့သည်လည်း    အိန္ဒိယ၏ ပြည်နယ်သားအဖြစ် သတ်မှတ်ခံခဲ့ရသည့် ကာလဖြစ်သည်။

 


နယ်ချဲ့လက်အောက်ခံ      ကျွန်နိုင်ငံတစ်ခုထက်   အဆင့်နိမ့်သည့်  နိုင်ငံ၊ တစ်နည်းအားဖြင့်   ကျွန်သပေါက်နိုင်ငံဘဝသို့    ရောက်ရှိခဲ့ရ သည့် မိမိတို့ ဘိုးဘွားများ၏ နာကြည်းခံပြင်းမှုများနှင့် တိုင်းတစ်ပါး သားတို့၏ ဖိနှိပ်မှုများကြောင့် ထွက်ပေါ်လာသည့် တိုင်းချစ် ပြည်ချစ် စိတ်၊ မျိုးချစ်စိတ်တို့ကို    နှောင်းလူတို့  အပြည့်အဝ  နားလည်နိုင်ရန် မလွယ်။ လွတ်လပ်ရေးအတွက် ရုန်းကန်တွန်းလှန်မှုများမှ ထွက်ပေါ် လာသည့် “ကမ္ဘာမကြေ၊ မြန်မာပြည်၊  ဒါဒို့ပြည်၊  ဒါဒို့မြေ၊  ဒို့ပိုင်တဲ့မြေ” ဟူသော သီချင်းစာသားက ယနေ့တိုင် သီဆိုသူ မြန်မာနိုင်ငံသား တို့၏ ရင်ထဲတွင်    ကြက်သီးမွေးညင်းထစေသည်အထိ      ဘိုးဘွားတို့၏ တိုင်းပြည်ချစ်စိတ်၊  မျိုးချစ်စိတ်တို့က ပူးကပ်လှုံ့ဆော်နှိုးဆွပေးနေဆဲဖြစ်သည်။

 


မျက်မှောက်ကမ္ဘာတွင်  မိမိတို့သည် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော     ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်အဖြစ် ရပ်တည်လျက်ရှိသည်။  နိုင်ငံတော်ကြီး  အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့်   ကမ္ဘာ့အလယ်တွင်    ဝင့်ထည်နိုင်ရေးအတွက်   နိုင်ငံ၏စွမ်းအား သုံးရပ်ဖြစ်သည့်   နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊  ကာကွယ် ရေးစွမ်းအားတို့   တောင့်တင်းခိုင်မာစေရန် တည်ဆောက်လျက်ရှိသည်။   အခြားတစ်ဖက်တွင်လည်း   ပြည်တွင်းပြည်ပ အဖျက်အင်အားစုများက  မိမိတို့နိုင်ငံကို   ပြိုကွဲပျက်စီးစေရန်၊   အရှုံးနာလန်မထူနိုင်သည့်  နိုင်ငံ ဘဝသို့  ကျရောက်စေရန်   ဖိနှိပ်မှုများ၊ ကြံစည်ကြိုးပမ်းမှုများ၊ ဖျက်ဆီး မှုများကို အတွင်းအပြင် ပူးပေါင်း၍ ပြုလုပ်လျက်ရှိကြသည်။

 


နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး အတွက်      ကြိုးပမ်းအကောင်အထည်ဖော်ရာတွင်    လည်းကောင်း၊ ပြည်တွင်းပြည်ပ  အန္တရာယ်များမှ  ကာကွယ်ရာတွင် လည်းကောင်း ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံး  အင်အား ဖြစ်သည်ကို သတိမူကာ ဘယ်သူခွဲခွဲ  မပြိုကွဲနိုင်သော  စည်းလုံးညီညွတ်မှု ကို တစ်ခဲနက်တည်ဆောက်နိုင်ကြစေရေး မြန်မာ့အလင်းက (၇၅) နှစ်  မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆန္ဒပြုအပ်ပါကြောင်း။           
မြေကမ္ဘာ  ရှည်ကြာသည်အထိ    ပြည်မြန်မာ အဓွန့်ရှည်စွာ တည်ပါစေ သတည်း။