စိတ်ချမ်းချမ်းသာသာဖြင့် အသက်ရှည်ရှည်နေလိုပါက သစ်တောသစ်ပင် စိုက်ပျိုးပါလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝပါသည်တဲ့

Type
5

မြင့်မောင်အေး(ရေစကြို)

အစဉ်ထာဝရ ကုသိုလ်ရနေမည့်     ထာဝရကုသိုလ် ၆ မျိုးတွင်  ဘုရားတည်၊ ကျောင်းဆောက်၊ တံတား ထိုး၊ ရေတွင်း ရေကန်တူးခြင်းအပြင် သစ်ပင်စိုက်ပျိုး မှုလည်း အပါအဝင်ဖြစ်ပါသည်။ 

 


မြန်မာပြည်နှင့် သစ်တောသစ်ပင်စိုက်ပျိုးမှု


မြန်မာပြည်သည်     အရှေ့တောင်အာရှတွင် သစ်ပင်သစ်တော   ထူထပ်စွာ   ပေါက်ရောက်သည့် နိုင်ငံဖြစ်သည်။   အမြဲစိမ်းသစ်တော၊ ရွက်ကြွေတော၊ ရာသီတော   စသဖြင့်    အမျိုးပေါင်းစုံသည့်အပြင်   ပေါက်ရောက်သည့်   သစ်ပင်များကလည်း   တန်ဖိုး ကြီးသစ်ပင်များ ဖြစ်နေပါသည်။   ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်မာများအပြင်   နံ့သာဖြူ၊    နံ့သာနီ၊ သနပ်ခါး စသောအပင်များလည်း  ပေါများစွာ ပေါက် ရောက်ပါသည်။ မြန်မာသစ်တောများသည်  အာရှ အလယ်တွင်သာမက       ကမ္ဘာ့အလယ်မှာပင် တင့်တယ်သည့် သစ်တောများဖြစ်ပါသည်။ 

 


ကျွန်းသစ်


မြန်မာကျွန်းသည်   ကမ္ဘာမှာကျော်ကြားပြီး ရှားပါးသစ်ဖြစ်ပါသည်။  မြန်မာကျွန်းအရည်အသွေး သည်    ဘယ်နိုင်ငံနှင့်မှ  မယှဉ်နိုင်အောင်   အရည် အသွေး   ကောင်းမွန်သည့်အတွက်   အင်္ဂလိပ်အုပ်စိုး သည့်ခေတ်က   ကျွန်းနှင့်ပတ်သက်၍  ဥပဒေထုတ် ထိန်းချုပ်ခဲ့သည်မှာ “သွားကြားထိုး နားပန်”အဆိုရှိ သည့်အတိုင်း သွားကြားထိုးသည့်  ကျွန်းစသေးသေး လေးနှင့် မြန်မာအမျိုးသမီးများပန်သည့် နားပေါက် ကျယ်ထဲထည့်ပန်သည့်  ကျွန်းအပိုင်းအစလေးကို ခိုးယူသုံးစွဲလျှင်ပင်  သစ်တောဥပဒေဖြင့်  အရေးယူ ခဲ့သည်များလည်းရှိသည်။     ထိုမျှချုပ်ကိုင်ပြီး ထွက်သမျှ   ကျွန်းကိုကျတော့  ဘုံဘေဘားမားလို ကုမ္ပဏီဖြင့် ရသလောက်ထုတ်ပြီး အင်္ဂလန်ပို့ခဲ့သည်။ သို့သော်   အင်္ဂလိပ်ကို   တစ်ခုတော့   ချီးကျူးရမည်။ သစ်ထုတ်သည့်နေရာတွင်  အစားထိုးပြန်စိုက်သည် တော့ရှိသည်ဟု ဆိုရပါသည်။

 


မြန်မာကျွန်း၏   ထူးခြားချက်မှာ  အရည်အသွေး ကောင်းသည်သာမက  မြန်မာကျွန်းမျိုးကို အိမ်နီး နားချင်း ထိုင်း၊  လာအို၊  အိန္ဒိယ စသည့် နိုင်ငံများတွင် စိုက်ပျိုးသည့်အခါ   မြန်မာပြည်လောက်   အရည် အသွေးမကောင်း၊  မဖြစ်ထွန်းဟု   အဆိုရှိပါသည်။ ထို့ကြောင့်  ကျွန်းသည် မြန်မာပြည်အတွက် သီးခြား ဘုရားပေးသောဆုလာဘ်ဟု ဆိုစမှတ်ပြုကြပါသည်။

 


လွတ်လပ်ရေးရပြီး         မြန်မာပြည်တွင်   သစ်တောစိုက်ပျိုးရေးကို ဘယ်လောက်အလေးပေး လုပ်ခဲ့ကြပါသလဲ။      ကြည့်ရအောင်။      “သစ်တော သစ်ပင် ချစ်ခင်သည့်လူမျိုး၊   သစ်ပင်ကို  နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး”၊   “ဇီဝမျိုးစုံ မျိုးကွဲတွေ ကြွယ်ဝစေဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့” စသော ဆိုင်းဘုတ် အမျိုးမျိုးကို နေရာတကာတွင်  စိုက်ထူထားသည်ကို တွေ့မြင်ရပါလိမ့်မည်။
သို့သော်   တစ်နှစ်တစ်နှစ်    အဖိုးတန်သစ်ပင် ဘယ်လောက်ခုတ်လှဲသည်၊        ဘယ်လောက်ပြုစု အစားထိုးပြန်စိုက်ထားသည်ဆိုသော   ပြန်တမ်း ဆိုင်းဘုတ်များတော့ မတွေ့ရပါ။  သစ်တောတစ်ဧက ခုတ်လျှင် တစ်ဧက အစားထိုးစိုက်ပျိုးပြီးမှ  နောက် တစ်ဧက   ခုတ်သည့်စနစ်         ရှိမည်ဆိုလျှင်တော့ သစ်တောတွေ       အမြဲအပြည့်   စိမ်းလန်းနေပါ လိမ့်မည်။
တကယ့်ရတနာအစစ်    သစ်ပင်တွေကိုတော့ မြန်မာပြည်သူတို့ တကယ်ချစ်ကြဖို့  လိုမည်ထင်ပါ သည်။ သစ်ပင်စိုက်ပျိုးမှုကြောင့်   သုခချမ်းသာရရှိပါ သည်ဆိုသော စကားပုံတစ်ခုလည်းရှိပါသည်။ “ခဏ ပျော်ချင်  အရက်သောက်၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်သက်လုံးပျော်ချင်ရင် ဥယျာဉ်စိုက်”   ဟူသော ဆိုရိုးစကားမှာ လွန်စွာပင် မှန်လှပါသည်။
အားကျစရာ အာရှနိုင်ငံများအတွင်း စိုက်ပျိုးရေး တွင် အားကျနမူနာယူစရာ  နိုင်ငံများအကြောင်းကို လည်း နည်းနည်းပါးပါးတော့ အသိပေး သတိပေး သည့်အနေဖြင့် ပြောပြချင်ပါသေးသည်။

 


ထိုင်းနိုင်ငံ


စိုက်ပျိုးရေးနည်းပညာတွင်  အဆင့်မြင့် ပြည့်စုံ လှပါသည်။ အုန်းပင်မှပင် မြန်မာထန်းလို အရည်ခံ၍ အုန်းထန်းလျက်    ချက်ရောင်းပါသည်။   အုန်းသည် အကောင်းဆုံး နိုင်ငံခြားတင်ပို့ကုန်  ဖြစ်နေပါသည်။ သစ်သီးဝလံ ပန်းမန်များကို  နည်းပညာသစ်များဖြင့် စနစ်တကျထုတ်လုပ်ပြီး  နိုင်ငံခြားဝင်ငွေ   ရနေပါ သည်။ ဟင်းသီးဟင်းရွက်ကိုပင်  ပြည်ပပို့ကုန်အဖြစ် ဝင်ငွေရနေပါသည်။ 
(မှတ်ချက်။   တာချီလိတ်၊   မြဝတီ၊   ကော့သောင်း စသော နယ်စပ်မြို့များသည်  ထိုင်းဘက်မှ  ဟင်းသီး ဟင်းရွက်များကို သွင်းကုန်လုပ်၍ စားသုံးနေသည်မှာ ရှက်စရာကောင်းလှပါသည်။)

 


တရုတ်နိုင်ငံနှင့် စိုက်ပျိုးရေး


တရုတ်နိုင်ငံသည်     လူဦးရေ သန်းတစ်ထောင် ကျော်ရှိသော်လည်း စိုက်ပျိုးဖြစ်ထွန်းသဖြင့် ပြည်သူ အားလုံးစားသုံးရန်အတွက် အလုံအလောက်ရှိသည့် အပြင် အရန်စပါးအဖြစ် တစ်ပြည်လုံးအတွက် သုံးနှစ် စာ အလုံအလောက်ရှိကြောင်း သိရပါသည်။ သစ်သီး ဝလံနှင့်   အထူးသဖြင့်  ပန်းမန်များကို စင်ကာပူအား ကြားခံထား၍  ဥရောပနိုင်ငံများသို့ ပို့နေပါသည်။
စာရေးသူကိုယ်တိုင်လည်း     တရုတ်ပြည်ကို သုံးခေါက်ရောက်ခဲ့ဖူးပါသည်။ စိုက်ပျိုးရေး  ဝါသနာ ပါသဖြင့် လေ့လာခဲ့ဖူးပါသည်။ 

 


တရုတ်ပြည်ဝင်စ တွေ့မြင်ခဲ့ရ


တရုတ်ပြည်ဝင်စ  ကူမင်းလေဆိပ်ဆင်းလျှင်ပင် စိုက်ပျိုးခင်းများ   ထူထပ်စွာ  တွေ့မြင်ရပါသည်။ လေယာဉ်ပြေးလမ်းမှလွဲပြီး  မြေကြီးအလကားထား သည့် လွတ်လပ်သည့်နေရာ တစ်နေရာမှ မတွေ့ရပါ။ ဟင်းသီးဟင်းရွက်ခင်းများ၊   စပါးခင်းများ၊  ပန်းခင်း များသာ တွေ့ရပါသည်။  အလားတူ မိမိရောက်ခဲ့သည့် တရုတ်ပြည်အတွင်းပိုင်း     ဒေသများတွင်လည်း မြေကြီးပေါ်တွင် အသုံးမတည့်သည့်     ချုံပုတ် ပေါင်းပင် ရှိသည့်နေရာများ   မတွေ့ရပါ။    လမ်းဘေး တစ်လျှောက်တွင်  သစ်အသုံးပြုရသည့် အပင်များသာ တွေ့ရပါသည်။ စိုက်ကွင်းများအတွင်း ဆင်းကြည့် သည့်အခါတွင်လည်း ကန်သင်းရိုးမထားပါ။ ဟိုဘက် သည်ဘက်  အပြည့်စိုက်ပျိုးထားပါသည်။ မြေကွက် ၏   ထိပ်နှစ်ဖက်တွင်သာ လူသွားလမ်း၊  ပစ္စည်း သယ် ယာဉ်သွားလမ်း    ရှိပါသည်။    တရုတ်ပြည်သည် စိုက်ပျိုးရသည့်မြေရှိသမျှ  ကွက်လပ်မကျန်အောင် စိုက်ပျိုးထားသည်ကို တွေ့ရပါသည်။
တရုတ်ပြည်၏   အခြားသော   စက်မှုလုပ်ငန်း များကို မဆိုသေးပါ။ တရုတ်လယ်သမား၊  ယာသမား များ စိုက်ပျိုးထားသည့် စိုက်ကွင်းများတွင် ပေါင်းပင် ကင်းလျက် အပင်ကြီးထွားစေရန်   မြေပြုပြင်ထား သည့်    မြင်ကွင်းကို   ကြည့်ခြင်းအားဖြင့်   တရုတ် ပြည်သူတို့  ဘယ်လောက်အလုပ်ကြိုးစားကြသည် ကို ခန့်မှန်းတွက်ချက်ရနိုင်ပါသည်။

 


ဗီယက်နမ်လယ်သမား အားကျစရာ


ဗီယက်နမ်လယ်သမားများသည်   ရှေးယခင် မပြည့်စုံခင်ကပင် ကိုယ့်အားကိုယ်ကိုးသည့်အနေဖြင့် ထွန်ယက်ရန် နွားမရှိသူက ပေါက်တူးဖြင့်  မြေကို  တူးဆွပြီး   မြေကို   တူနှင့်ထုချေ လုပ်ကိုင်ခဲ့ကြသည်။ မြေနှစ်ဧကပိုင်ဆိုင်လျှင်       သားသမီးသုံးယောက်ကို တက္ကသိုလ်ဘွဲ့ရသည်အထိ     လုပ်ကိုင်ကျွေးနိုင်ကြ သည်ဟု ဆိုသည်။
မြေနှစ်ဧကကို ဧကလိုက် စိုက်ပျိုးခြင်းမဟုတ်ဘဲ အကန့်လိုက်  စပါး၊  ပြောင်း၊ ပဲအမျိုးမျိုး၊ ငှက်ပျော၊ သင်္ဘောပါမကျန် စိုက်ပျိုးကြသည်။ တစ်ကွက်တည်း၊ တစ်ဆက်တစ်စပ်တည်း မဟုတ်သဖြင့်  အကွက်ငယ်  အလိုက် မိသားစုတစ်နိုင်လုပ်ကိုင်ကြသဖြင့် အခြား အလုပ်သမားမငှားရ၍ ကုန်ကျမှုသက်သာပါသည်။ တစ်နှစ်ပတ်လုံး  စိုက်ပျိုးနိုင်သဖြင့်  ဝင်ငွေကောင်း ကြောင်း၊  ယခုအခါ  နှစ်ဧကပိုင်  လယ်သမားသည် ထွန်စက်ပိုင်၊ ကားပိုင်၊ တိုက်ပိုင် နေနိုင်ကြပြီဟု သိရပါသည်။

 


အစ္စရေးနိုင်ငံနှင့် စိုက်ပျိုးရေး


မြေရှား၊ ရေရှား နိုင်ငံတစ်ခုက  စိုက်ပျိုးရေးကို မြန်မာနိုင်ငံလို လူပေါ၊ မြေပေါ၊ ရေပေါ နိုင်ငံက သွား ရောက်လေ့လာ အတုယူရလောက်အောင် စိုက်ပျိုး နိုင်သည်မှာလည်း အံ့ဩစရာပါပေ။
အစ္စရေးနိုင်ငံသည်  သဲကန္တာရဆန်သောမြေကို ပိုင်ဆိုင်ထားပြီး မြစ်ဆိုလျှင် နိုင်းမြစ်ကလေးတစ်ခု သာ ပိုင်ဆိုင်မှုရှိပါသည်။   ထိုမြစ်ရေကိုပင်   တခြား အာရပ်နိုင်ငံများနှင့်    ခွဲဝေသုံးစွဲရသည့်သဘော ရှိပါသည်။    

 


ရေကို  စိုက်ပျိုးရာတွင်   ချွေတာရသည်မှာ ပုလင်းဖြင့်  ရေစက်ချ၍ အလေအလွင့်မရှိအောင် အသုံးချကြသည်ဟု ဆိုပါသည်။ နိုင်းမြစ်ရေကို တန်ဖိုးရှိအောင် အသုံးချသည်မှာ စပါးစိုက်ရာတွင် ရေများအောက်သို့ စိမ့်ဝင်ဆုံးရှုံးမသွားစေရန် သဲပေါ် တွင် ပလတ်စတစ်စခင်း  အခွက်လုပ်ပြီး  ရွှံ့နှစ်ထည့် စိုက်ပျိုးသည်ဟု သိရပါသည်။

 


စိုက်ပျိုးရေးနည်းပညာ  လွန်စွာမြင့်မားသည့် အတွက်   သဲကန္တာရလို  မြေမျိုးကနေ  လိမ္မော်သီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊  ဟင်းသီးဟင်းရွက်များ ကို  စိုက်ပျိုးပြီး  ပြည်တွင်းဖူလုံရုံမက  ပြည်ပသို့ပါ တင်ပို့ရောင်းချရသည်ဟု ဆိုပါသည်။

 


တစ်ချိန်တစ်ခါက  မြန်မာပြည်၏ဖိတ်ကြားချက် အရ  အစ္စရေး  ဆည်မြောင်းစိုက်ပျိုးရေး ပညာရှင် များ   လာရောက်လေ့လာခဲ့ပါသည်။    အစ္စရေး ပညာရှင်များကို   ဧရာဝတီမြစ်ကမ်းဘေးဒေသသို့ ခေါ်ဆောင်သွားရာ    ၎င်းတို့တည်းခိုရာ   ဟိုတယ် အမှိုက်ပုံဘေး  မြေပုံထဲသို့ ပဲနီစေ့ လေး၊  ငါးစေ့အား ပစ်ချထားခဲ့ပါသည်။   ဧရာဝတီမြစ်တစ်လျှောက် ကြည့်ပြီး ဤမှာလောက်ကောင်းသည့် ဆည်မြောင်း မျိုးကို နည်းပညာကောင်းကောင်းနှင့် အသုံးချသွား လျှင်    မည်သည့်ဆည်မြောင်းမှ  ထပ်ပြုလုပ်စရာ မလိုဘဲ  ဆည်ရေတင်ဖြင့်   မြစ်၏  ဘယ်ညာတွင် မိုင်ပေါင်းများစွာ   နွေမိုးဆောင်း   စိုက်ပျိုးရနိုင်ပါ သည်ဟု အကြံပြုပါသည်။

 


လေးငါးရက်ကြာ၍  ရိပ်သာပြန်ရောက်သော အခါ ၎င်းတို့ပစ်ချခဲ့သော  ပဲစေ့များ  အပင်ပေါက် နေသည်ကို တွေ့ရသောအခါ ဝမ်းသာအားရ  ဖြစ် သွားပါသည်။ ထို့နောက် သူတို့က  လက်မောင်းသာ ပုတ်ပြနေပါသည်။ လက်မောင်းကြည့်တော့လည်း ဘာမှမရှိ၊ လက်မောင်းကို  ဘာကြောင့်ပုတ်ပြသလဲ မေးတဲ့အခါ      ဒီလောက်ကောင်းသည့်    မြစ်ကြီး၊ လေးငါးရက်လောက်နှင့်    အပင်ပေါက်နိုင်သည့် မြေကြီးတွေ ပိုင်ဆိုင်ထားပြီး မြန်မာတွေ မကြီးပွား ဘူးဆိုလျှင် မြန်မာတွေ “လက်ကြောမတင်း”  သော ကြောင့် ဖြစ်ပါလိမ့်မည်၊  အားလုံးပြီးပြည့်စုံနေပြီ၊ လက်ကြောတင်းဖို့သာ လိုပါသည်ဟု  မှတ်ချက်ပြုပါ သည်။  ဒါတောင်  ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့်   အခြားမြစ်ချောင်းများစွာကို   သူတို့ တွေ့မြင်မသွားသေးပါ။

 


ဂျပန်နိုင်ငံနမူနာ


ဂျပန်သည်  ကျွန်းနိုင်ငံဖြစ်သဖြင့်  မြေရှားပါး သည်။ မြေရှားပါးသဖြင့်  မြေကို  ကွက်လပ်မကျန် အသုံးချကြပါသည်။  တိုကျိုမြို့မှ ကျိုတိုမြို့သို့အသွား ရထားလမ်းတစ်လျှောက်     ဘေးဘယ်ညာတွင် အလကားထားသောမြေဟူ၍ မတွေ့ရပါ။ စားပင် သောက်ပင်၊ နှစ်ရှည်ပင် စသဖြင့် အပြည့်အဝစိုက်ပျိုး ထားသည်ကို တွေ့ရပါသည်။ ဂျပန်သည် မြေရှား သည့် ကျွန်းနိုင်ငံဖြစ်သဖြင့်  မြေကြီးကို အပြည့်အဝ အသုံးချသည်မှာ   တိုက်ခန်းငှားလျှင်ပင်  နေရောင် ခြည်ရပြီး တိုက်ပေါ်တွင် စားပင်စိုက်ပျိုး၍ရလျှင် အထပ်မြင့်ပင်ဖြစ်စေ ဈေးကြီးပေးငှားရပါသည်။
တစ်ချိန်က လောပိတဓာတ်အားပေးရုံ   တည် ဆောက်သည့်     ဂျပန်များက  ပြောဆိုသည်မှာ “မင်းတို့မြေ၊ မင်းတို့တိုင်းပြည်လို  ရေမြေသဘာဝ ပစ္စည်း ပေါများသည့်နေရာကို    တို့ဂျပန်ပြည်နှင့် လဲမည်ဆိုလျှင် ဂျပန်ပြည်သာမက ကမ္ဘာအရပ်ရပ်က ဂျပန်များပိုင်ဆိုင်သော  ပစ္စည်းများပါ   အလိုက်ပေး လဲပါမည်။     နောက်ငါးနှစ်ကျော်လျှင်   လက်ရှိ ဂျပန်ပြည်အခြေအနေထက်   သာလွန်စေမည်” ဟု ပြောသည်ကို    ထောက်ရှုလျှင်    ဂျပန်လူမျိုးတွေ ဘယ်လောက်အလုပ်လုပ်သည်ကို  သိနိုင်ပါသည်။

 


နိုင်ငံသေးသော်လည်း    ကြိုးစားအားထုတ်မှုတွင် အတုယူစရာကောင်းသည့် စင်ကာပူနိုင်ငံ
စင်ကာပူတည်ထောင်စဉ်က  မြို့တည်ဆောက်မှု ကို ရန်ကုန်မြို့ကို  နမူနာလာယူသည်ဟု ပြောပါ သည်။
စင်ကာပူနိုင်ငံ၏   စိုက်ပျိုးရေးကိုပင်   နမူနာ အဖြစ်   ပြောပြချင်ပါသည်။   စင်ကာပူမြို့တော်၏   စိုက်ပျိုးမှုဝါဒမှာ အားလုံးစိမ်း၊ အမြဲတမ်းစိမ်း(AII Green Ever Green)နေရမည်ဟု  သတ်မှတ်ထားပါ သည်။  ပထမအဆင့်အနေဖြင့် အရိပ်ပင်၊ နှစ်ရှည် ပင်၊ နှစ်ရှည်စားပင်၊ အလှပင်များကို တစ်မြို့လုံး  စိမ်းနေအောင်    အပြည့်     စိုက်ပျိုးထားပါသည်။ ဒုတိယအဆင့်  မပါသော  အပင်များဖြစ်သည့် ခရေ၊ ပိတောက်၊ ကံ့ကော်၊ စိန်ပန်း  စသည့်   ပန်းအလှပင် များကို   အစားထိုး စိုက်ပျိုးထားပါသည်။

 


တတိယအဆင့်အနေဖြင့် အမြဲစိမ်း ပန်းအလှပင် များကြားတွင်   နောက်တိုးအနေဖြင့်   ဒူးရင်း၊ ပိန္နဲ စသည့် အပင်ပေါက်များကို  အစားထိုး  ကြားညှပ် စိုက်ပျိုးထားပါသည်။ 

 


စင်ကာပူရောက်လျှင် ရပ်ကွက်များကို  လေ့လာ ကြည့်ပါက ကွက်လပ်မကျန်စိုက်ပျိုးထားပြီး  ဒူးရင်း၊ တညင်း၊ ဩဇာ၊ မာလကာ စသည်တို့ကို တစ်ရပ်ကွက် နှင့် တစ်ရပ်ကွက် အမျိုးစုံအောင် အကွက်ချ  စိုက်ပျိုး ထားသည်ကို တွေ့ရပါမည်။

 


စင်ကာပူနိုင်ငံအကျယ်အဝန်းမှာ  ရန်ကုန်တိုင်း ဧရိယာလောက်သာ ကျယ်သဖြင့် စိုက်ပျိုးရန် မြေပို များများမရှိပါ။  ရေဆိုလျှင် ရေချိုကို မလေးရှားက ဝယ်သုံးရပါသည်။  မြေ၊ ရေ ရှားတော့ အလကား မနေသူများ ရေဝယ်ပြီး ပင်လယ်သွားသင်္ဘောများကို တစ်ဆင့်ရောင်းစားပါသည်။  တရုတ်က  ပန်းမန် သစ်သီးဝလံများကို  တစ်ဆင့် ဝယ်ယူထုပ်ပိုးပေးပြီး ဥရောပသို့    တင်ပို့ရောင်းစားသည်မှာ   အတုယူ အားကျဖွယ်ရာ ကောင်းလှပါသည်။

 


ကမ္ဘောဒီးယားစိုက်ပျိုးရေး 


ကမ္ဘောဒီးယားစိုက်ပျိုးရေးကိုလည်း  နည်းနည်း ပြောချင်ပါသေးသည်။     လက်ရှိအခြေအနေမှာ မြန်မာထက်တော့   တိုးတက်နေပါသည်။  သူ့နိုင်ငံ၊ သူ့လူဦးရေ၊    သူ့စိုက်ပျိုးမြေ  အကျယ်အဝန်းနှင့် နှိုင်းချိန်ကြည့်လျှင်      စံနှုန်းကောင်းနေပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်      ဟွန်ဆန်ကလည်း စိုက်ပျိုးရေးကို အလေးပေးရာတွင်  ပြတ်သားလှ သည်။  သူချပေးထားသော  စိုက်ပျိုးရေးစီမံချက် အောင်မြင်သည်/မအောင်မြင်သည်ကို  ကိုယ်တိုင် ကွင်းဆင်းကြည့်မည့်ရက်ကို  သတ်မှတ်မထားဘဲ သူကြည့်လိုလျှင် နာရီပိုင်းအတွင်း သက်ဆိုင်ရာဌာန အကြီးအကဲများကိုခေါ်သွားပြီး  မော်တော်ယာဉ် မစီးဘဲ ကွင်းကြိုကွင်းကြားအတွင်း  ဆိုင်ကယ်နှင့် လိုက်ကြည့်၊  လယ်သမားများနှင့်  နဖူးတွေ့၊ ဒူးတွေ့ မေးမြန်းဆွေးနွေးကာ တကယ့်အဖြေမှန်ကို  ချက်ချင်း ဖော်ထုတ်ညှိနှိုင်းပေးသဖြင့်         တာဝန်ရှိသူများ ပြေးရှောင်မရပါ။ ကြိုတင်ပြင်ဆင် လိမ်ညာချိန် လည်း  မရလိုက်ပါ။   ဌာနဆိုင်ရာ   ချို့ယွင်းလျှင် အရေးယူ၍ လယ်သမားများ၏  လိုအပ်ချက်များကို လည်း ချက်ချင်းဖြည့်ဆည်းပေးခဲ့သည်။
လယ်သမားဘက်က  အလုပ်မလုပ်၍  အထွက် နှုန်းလျော့သည်ဆိုလျှင် တစ်နှစ်သာ ပြင်ဆင်ချိန်ပေး သည်။ နောက်တစ်နှစ်  ဒီနှုန်းအတိုင်းသွားနေမည် ဆိုလျှင်   လယ်သိမ်းပြီး   တကယ်လုပ်မည့်သူကို ကတိခံဝန်ချက်ဖြင့် ချထားပေးခဲ့ပါသည်။

 


လာအိုနိုင်ငံ


မြန်မာထက်       အရွယ်အစားသေးသဖြင့် ရှေးယခင်ကာလများဆီက မြန်မာပြည်က လာအိုကို ညီလေးသဖွယ်  သဘောထားပြီး  ဆန်နှင့် ဆားကို နှစ်စဉ်   ကူညီထောက်ပံ့လေ့ရှိသည်။    ယခုတော့ စိုက်ပျိုးရေးမှာ သူ့ခွန်အားနှင့်ကြည့်လျှင် မသာရင် တောင်   မနိမ့်ကျတော့ပါ။   နောင်တွင်   မြန်မာကို ကျော်တက်သွားနိုင်ပါသည်။  လာအိုနိုင်ငံ ကျေးရွာ များသို့ ရောက်ခဲ့စဉ်က   ၎င်းတို့၏   ကျေးလက်အိမ် များတွင် မီးဖိုချောင်အတွက်   အိမ်ရှေ့ကွက်လပ်နှင့် အိမ်ပြင်တွင်   အိုးများဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားသည်ကို        တွေ့ရပါသည်။        ငရုတ်၊ ကြက်သွန်၊   ဟင်းသီးဟင်းရွက်    လိုသလောက်ကို လတ်လတ်ဆတ်ဆတ်   ခူးဆွတ်ချက်စားပါသည်။ အိမ်တိုင်း ငရုတ်စိုက်ပျိုးထားသဖြင့် တစ်အုပ်တစ်မ တောင်သူများ  စိုက်ပျိုးထားသော ငရုတ်သီးများကို ပြည်ပသို့ ပို့ကုန်အဖြစ် ရောင်းချကြပါသည်။  တော် လိုက်သည့် လာအိုနိုင်ငံ။   ချီးကျူးစရာ   စံပြဖြစ်ပါ သည်။


မြန်မာနိုင်ငံနှင့်စိုက်ပျိုးရေး


ပြောရမှာ အားလည်းနာ   ဝမ်းလည်းနည်းမိပါ သည်။ မြန်မာစိုက်ပျိုးရေးသည် ရှေးလည်းမကျသော် လည်း ခေတ်လည်းမမီ၊ အလယ်အလတ်  အကျဘက် ရောက်နေသည်ဟု အားမနာတမ်း ပြောရပါလိမ့်မည်။ 
ရှေးမကျဘူးဆိုသည်မှာ   ရှေးအခါ   ဒုတိယကမ္ဘာ စစ်အပြီးတွင် အာရှဆန်ပို့နိုင်မှုသည် မြန်မာပြည်က အများဆုံးဟု  သိရပါသည်။  ထိုအချိန်က လူဦးရေ တစ်ဆယ့်ခုနစ်သန်း(၁၇ သန်း)သာရှိသဖြင့်  ပိုလျှံ စပါးများဖြစ်ခြင်းလည်း ဖြစ်ပါသည်။    တောင်သူ လယ်သမားကြီးများ၏ လယ်ယာအပေါ် တန်ဖိုးထား လုပ်ကိုင်ကြသည်မှာ စံယူလောက်ပါသည်။ နံနက် အုန်းမောင်းခေါက်(နံနက် ၄ နာရီထိုး)လျှင် အိပ်ရာ မှထကြပြီး နွားစာကျွေးပြီး နံနက် ၅ နာရီထိုးတွင် လယ်ထဲယာထဲ   ဆင်းကြပါသည်။   မွန်းတည့် ၁၂ နာရီထိုးမှသာ   ထွန်ယက်မှု   ခေတ္တအနားပေးပြီး မွန်းလွဲ ၂ နာရီထိုးသည်နှင့်  လုပ်ငန်းပြန်စပြီး ညနေ ၅ နာရီ ထိုးမှ အိမ်ပြန်ကြပါသည်။ ထွန်ငှား လူငှား ခေါ်ယူရာတွင်လည်း    နံနက် ၇ နာရီ   စလုပ်ပြီး နေ့လယ်နား၊ ညနေ ၅ နာရီထိုးမှ   အိမ်ပြန်ကြပါ သည်။ 

 


ယခုခေတ် ယခုအခါများတွင် လယ်ထွန်ငှားခြင်း၊ လုပ်သားငှားခြင်းများတွင် လုပ်သားသည် နံနက် ၈ နာရီ စတင်အလုပ်ဆင်းပြီး ၁၁ နာရီတွင် အလုပ် နားသွားပါသည်။ နံနက်က ၁ နာရီနှင့် ညနေလုပ်အား ၃ နာရီပေါင်းလျှင်       တစ်နေ့လုပ်အား    ၄ နာရီ အလဟဿဖြစ်သွားသဖြင့်  လူတစ်ယောက် ၄ နာရီ၊ လူတစ်ရာလျှင်   နာရီ ၄၀၀ နှင့်    တစ်နိုင်ငံလုံး လုပ်အားဖြင့် တိုင်းပြည်စွမ်းအား မည်မျှနစ်နာ ဆုံးရှုံး သွားသည်ကို  တွက်ဆရနိုင်ပါသည်။ ဤပုံစံနှုန်းနှင့် သွားလျှင် စင်ကာပူကျော်ဖို့မဆိုထားနှင့် လာအိုကို ပင် မီအောင်လိုက်နိုင်မည်မဟုတ်ပါ။  (ဒါ စိုက်ပျိုးရေး တစ်ခုတည်း       တွက်ဆမှုသက်သက်ပါ။    အခြား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို    တွက်လျှင်ဖြင့် ရင်လေးစရာကောင်းလိုက်ပါဘိ)။

 


ငရုတ်သီးလေး တစ်တောင့်နှစ်တောင့်  စားချင် သည်ကိုပင် အိမ်ထဲမှာစိုက်မထားဘဲ  ဈေးဆိုင်သွား ဝယ်စားသည့်  မြန်မာများ   သတိထားကြဖို့ကောင်း သည်။ သွားဝယ်ရသည့် အချိန်လည်းကုန် ငွေလည်း ကုန်၊ ဘယ်မှာ စုဆောင်းမိပါမည်နည်း။ စိုက်ပျိုးရေး ဌာနက   ဗိုလ်ချုပ်စကားအတိုင်း  အိမ်နောက်ဖေး ဈေးဆိုင် တည်ရန် စံနမူနာပြ လုပ်ကိုင်ကြသော်လည်း  ဒါတွေဟာ အပိုတွေပါ   ရုပ်ပြဟန်ပြပါလို့   ပြောချင်သေးသည်။

(ဆက်လက်ဖော်ပြပါမည်)