မိမိတို့နိုင်ငံ၏ စီးပွားရေးသည် လက်ရှိအချိန်အထိ စိုက်ပျိုးရေး ကဏ္ဍကို အခြေခံထားရဆဲဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် စက်မှုကဏ္ဍတွင်လည်း လုပ်အားကို အခြေပြုသည့် ကုန်ထုတ်လုပ်ငန်း အမျိုးအစားများ ဖြင့် အားယူလုပ်ကိုင်နေရဆဲဖြစ်သည်။ နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းများ ကိုပါ ပေါင်းစပ်လုပ်ကိုင်နိုင်သည့် ရေခံမြေခံများ ရှိနေသော်လည်း ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးနေပြီး နည်းပညာ အားဖြင့်လည်း နောက်ကျနေကာ အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျနေသည်ကို တွေ့ရသည်။
မိမိတို့နိုင်ငံ၏ လက်လီစားသုံးသူများ ဈေးကွက်အတွင်းတွင် ပြည်ပမှ တင်သွင်းရောင်းချနေသည့် စားသောက်ကုန် အမြောက် အမြားရှိရာ ယင်းတို့ကို လေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများသာ အများစု ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ ကုန်ကြမ်းသက်သက်ကိုသာ ထုတ်လုပ်ရောင်းချနေသည်ထက် စိုက်ပျိုးမွေးမြူထုတ်ကုန်များကို ခေတ်မီနည်းပညာများဖြင့် ထုတ်လုပ်ခြင်း၊ နိုင်ငံတကာစံချိန် မီ ထုပ်ပိုးခြင်းတို့ဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ဝင်ရောက်နေရာယူနိုင်ရန် ကြိုးပမ်းသွားရန်လိုသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက် လာပြီး ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူဖြစ်စေမည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် “စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအများကြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ လုပ်လို့ရတယ်။ အဲ့ဒီအပေါ်မှာ တစ်ခါစက်မှုလုပ်ငန်းသွား မယ်ဆိုရင်တော့ လျှပ်စစ်ကလိုတာပေါ့။ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာ မိမိတိုင်းဒေသကြီးနဲ့ ပြည်နယ် အစီအစဉ်နဲ့ National Grid က မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လျှပ်စစ် ရအောင် ကြိုးစားဆောင်ရွက်မယ်ဆိုလို့ရှိရင် အဲ့ဒီလျှပ်စစ် ထွက်နိုင်တဲ့နေရာတွေမှာ စောစောကပြောတဲ့ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ကျွန်တော်တို့ သွားလို့ရတယ်။ မွေးမြူရေးထုတ်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်တွေအပေါ် အခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို သွားမယ်ဆိုလို့ရှိရင် ဒေသတွင်းမှာ ပြည်နယ်နဲ့တိုင်းအလိုက် စက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေ ပေါလာမယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ လက်တွေ့ဘဝနှင့် ကိုက်ညီပြီး ကနဦးလှမ်းရမည့် ခြေလှမ်းလည်းဖြစ်သည်။ အနာဂတ်တစ်ချိန်ချိန်တွင် နည်းပညာ မြင့် စက်မှုနိုင်ငံဖြစ်လာရေးကို မျှော်မှန်းထားရမည်ဖြစ်သော်လည်း ပစ္စုပ္ပန်တွင်မူ အဖြစ်နိုင်ဆုံးကိုသာ စတင်ကြိုးပမ်းကြရမှာဖြစ် သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ စားသောက်ကုန်နှင့် အခြား ကုန်ပစ္စည်း အများအပြားထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်တွင် မိမိတို့အိမ်နီးချင်းနိုင်ငံများ နေရာယူထားနိုင်ပြီဖြစ်ရာ မိမိတို့၏ ရေခံမြေခံကို အခြေခံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မြှင့်တင်ကာ စက်မှုလုပ်ငန်းများလည်း ထူထောင်နိုင်ကြပါ စေကြောင်း။ ။