မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိကထုတ်ကုန်များသည် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များဖြစ်သည်။ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ယင်းလုပ်ငန်းများ နှင့်ဆက်နွှယ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အကယ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ် အဆင့်မြှင့်တင် နိုင်ပါက နိုင်ငံတစ်ဝန်း လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရန် ရေမြေသဘာဝကောင်းမွန်သည့်အပြင် သဘာဝ သယံဇာတများလည်း ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတ များသည် အကန့်အသတ်များရှိနေသောကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်ခြင်းဖြင့် လူမှုစီးပွားဘဝ အဆင်ပြေအောင် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ခုနစ်ဘီလီယံခန့်ရှိပြီး အစဉ်အမြဲ လူဦးရေ တိုးပွားနေသောကြောင့် နိုင်ငံတိုင်းတွင် စားသောက်ကုန်လိုအပ်ချက်များရှိနေမည် ဖြစ်သည်။ ထို့ကြောင့် စားသောက်ကုန်ထုတ်လုပ်ရေးသည် မတိမ်ကောသော လုပ်ငန်းဖြစ်ပြီး အဆင့်မြှင့်တင်တိုးတက်ထုတ်လုပ်ပါက စီးပွားဥစ္စာတိုးပွားလာမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် သယံဇာတအရင်းအမြစ်များ မရှိသည့်နိုင်ငံများသည် ပြည်ပမှမှာယူတင်သွင်းနေရပြီး ပြည်တွင်း၌ စားနပ်ရိက္ခာ အဆင်ပြေစေရေးအတွက် တီထွင်ကြံဆလုပ်ကိုင်နေကြသည်။ ရေမရှိ၊ မြေမကောင်း သည့်နိုင်ငံများသည် ရေရရှိအောင်၊ စိုက်ပျိုးနိုင်သည့်မြေဖြစ်အောင် တီထွင်ကြံဆ ပြုလုပ်နိုင်သဖြင့် စိုက်ပျိုးသီးနှံပင်များ ထွက်ရှိနေသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံတွင် စိုက်ပျိုးနိုင်သည့် ရေမြေရှိပြီး လူသားအရင်းအမြစ်များလည်းရှိသဖြင့် ကြိုးစားအားထုတ်ကြရန်သာလိုပေသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၌လည်း နိုင်ငံရေးအပြောင်းအလဲများဖြစ်ခဲ့ကြရာ ပြည်သူများအနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိတို့၏ အသက်မွေးဝမ်းကျောင်းကို မပစ်ပယ်ဘဲ ကြိုးပမ်း လုပ်ဆောင်ကြသည်ကို အတုယူရမည်ဖြစ်သည်။
နိုင်ငံရေးဘက်တွင်အာရုံစိုက်ပြီး စီးပွားရေးကိုပစ်ပယ်ထားလျှင် ပြည်သူ များသာ ထိခိုက်နစ်နာကြမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်းအတွက်သာမက ကမ္ဘာ့ဈေးကွက်သို့ ပို့ဆောင်နိုင်ပြီး ပြည်ပဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးမြေဧက ၁၅ သန်း၊ နွေစပါးစိုက်ပျိုးမြေဧက နှစ် သန်းခန့်ရှိသည်။ မိုးစပါးစိုက်ဧက ၁၅ သန်းတွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိပါက လူဦးရေသန်း ၁၀၀ အတွက် လုံလောက်မှုရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာအတွက် ဆန်စပါးဖူလုံမှုရှိသည့်အပြင် အဆင့်မြင့်အရည်အသွေး ကောင်းပါက ပြည်ပသို့ အမြောက်အမြားတင်ပို့နိုင်သည်။ သို့သော် စပါးတစ်ဧက အထွက်နှုန်းသည် တင်း ၁၀၀ မပြည့်သည့်အတွက် ပြည်ပသို့ မျှော်မှန်းသလို တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက် ပေးရန်လိုကြောင်း လမ်းညွှန်မှာကြားထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့တာဝန်ယူထားသည့်ကာလအတွင်း စိုက်ပျိုးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ အခြား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးမပေါ်စေရန်အတွက် စီမံဆောင်ရွက်ပေးရန် ရည်မှန်းထားသည်။ သွင်းအား စုများ အသုံးပြုခြင်းနှင့် မျိုးကောင်းများ အသုံးပြုပြီး ကောက်ကွက်ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နိုင်ကာ တောင်သူများ ဝင်ငွေပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆန်စပါးအဓိကစိုက်ပျိုးကြသည့်အပြင် ဆီထွက်သီးနှံ များနှင့် ဝါသီးနှံများလည်းစိုက်ပျိုးကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆီထွက်နှုန်းတိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အားပေးဆောင်ရွက်ကြရန် မှာကြားထားသည်။ အလားတူ ဝါစိုက်ပျိုးရေးနှင့် ပတ်သက်၍လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းနှင့် လိုအပ်သည့်ရေနှင့် မြေသြဇာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပမှ ချည်များတင်သွင်းမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများက စပါး စိုက်ပျိုးရေးအပြင် ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးရေးတို့ကို ကြိုးစားဆောင်ရွက်ကြပြီး သက်ဆိုင်ရာတို့ကလည်း ဝိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်လိုအပ်သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံ စိုက်ပျိုးရေးအခြေခံကောင်းများရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးပယောဂနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ဘဲ ရုန်းကန်လှုပ်ရှား လုပ်ကိုင်နေရဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံ စီးပွားရေးကောင်းမွန်ရေးနှင့် ပြည်သူများ လူမှုစီးပွား အဆင်ပြေ ချောင်လည်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင် တိုးတက်ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက်တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။