
နှင်းမိုးအိမ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အာဖရိကမှာ ဖြစ်ပွားနေတဲ့ မျောက် ကျောက်ရောဂါကို အပြည်ပြည်ဆိုင်ရာ စိုးရိမ်ဖွယ်ရာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါ တယ်။ အတိတ်ကာလတုန်းကလည်း အီဘိုလာ ရောဂါဖြစ်ပွားတုန်းက တစ်ကြိမ်၊ ကိုဗစ် - ၁၉ ဖြစ်ပွားတုန်းက တစ်ကြိမ်နဲ့ ၂၀၂၂ ခုနှစ် ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားတုန်းကတစ်ကြိမ် အလားတူကြေညာမှုမျိုးကို ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အာဖရိကနိုင်ငံအများအပြားမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု တွေ ပိုမိုများပြားလာတာကို တွေ့မြင်နေရပါတယ်။ ကြောက်မက်ဖွယ် ဒီဗိုင်းရပ်စ်ဟာ နယ်စပ်ဖြတ်ကျော် ကူးစက်မှုတွေရှိလာပြီး တစ်ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှုအတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပေါ်နေပါပြီ။
တွန်းအားပေးလိုက်ခြင်းဖြစ်
မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ကူးစက် တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်းနဲ့ ကြွက်သား တွေ နာကျင်ကိုက်ခဲခြင်းတို့ဟာ သူ့ရဲ့ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရည်တွေပြည့်နေတဲ့ အရည်ကြည်ဖုတွေ ထွက်ပေါ်လာခြင်းတို့ဟာလည်း မျောက်ကျောက်ရဲ့ ရောဂါလက္ခဏာ တွေပဲဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရဲ့ အရေးပေါ်အခြေ အနေအဖြစ် ကြေညာခြင်းဟာ အလှူရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေ ကို အရေးတယူပြုမှုတွေလုပ်ဆောင်လာဖို့ နှိုးဆော်တိုက်တွန်းခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုကြေညာလိုက်ခြင်းအားဖြင့် ရောဂါစမ်းသပ် ပေးမှုတွေ၊ ကာကွယ်ဆေးနဲ့ ကုသရေးဆေးဝါးတွေကို အရှိန်အဟုန် မြှင့်လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ရောဂါကူးစက်လာ
အခုဆိုရင် အာဖရိကမှာရှိတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေပါတယ်။ ရောဂါ ကူးစက်မှုနှုန်းမြင့်မားတယ်လို့ သတ်မှတ်ခံထားရပါတယ်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်း ဟာ မြင့်မားနေပြီး ကူးစက်ခံရသူပေါင်း ၁၄၀၀၀ ကျော်ရှိပြီး သေဆုံး သူ ၅၂၄ ဦးရှိပါတယ်။ ကွန်ဂိုမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုဟာအထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုနှစ်အတွင်း ရောဂါဖြစ်ပွားမှုဟာ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးစာနဲ့ ညီမျှနေပါတယ်။ နောက်ပြီးတော့ အရင်တုန်းက ရောဂါဖြစ်ပွားခဲ့ခြင်းမရှိတဲ့ ပြည်နယ် တွေမှာပါ ရောဂါကူးစက်လာတာကို တွေ့မြင်ရတယ်။
ကလေးတွေမှာဖြစ်ပွား
၂၀၂၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့မျောက်ကျောက်ရောဂါကတော့ လိင်တူချစ်သူတွေမှာ အဓိကကူးစက်တာကို တွေ့ရပါတယ်။ အာဖရိကမှာ အလားတူပုံစံမျိုးကို တွေ့ရှိရသော်လည်း အခုအခါ ကွန်ဂိုနိုင်ငံမှာ ၁၅ နှစ်အောက် ကလေးငယ် ၇၀ ရာခိုင်နှုန်းဟာ မျောက်ကျောက်ရောဂါဖြစ်ပွားတာကိုတွေ့ရှိရပြီး သေဆုံးမှု ၈၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အာဟာရချိုတဲ့မှုနှုန်း မြင့်မားခြင်းကြောင့် ကလေးငယ်တွေမှာ ခုခံအားနည်းပြီး ကူးစက်မှုနှုန်းမြင့်မားတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ဒေသတွင်း သက်ကြီး ရွယ်အိုတွေဟာ ရေကျောက်ကာကွယ်ဆေးထိုးထားတဲ့အတွက် ကာကွယ်မှုအချို့ရရှိနေတာဖြစ်ပြီး လူငယ်တွေအတွက်ကတော့ အဲဒီလိုမဟုတ်ပါဘူး။
ကာကွယ်ဆေးလက်လှမ်းမမီ
အရှေ့ပိုင်းမှာရှိတဲ့ လူသူထူထပ်သော ဒုက္ခသည်စခန်းတွေမှာ မျောက်ကျောက်ရောဂါ ပျံ့နှံ့မှုတွေအတွက် စိုးရိမ်နေရတယ်လို့ Save the Children မှ ကွန်ဂိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဂရက်ရမ်က ပြောပါတယ်။ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးတွေ ကတော့ရှိပါတယ်။ ဒါပေမယ့် ပြဿနာကတော့ လက်လှမ်းမမီတာ ပါဘဲ။ အာဖရိကအတွက် ကာကွယ်ဆေးအလုံးရေ ၁၀ သန်း လိုအပ် ပေမယ့် ၂၀၀၀၀၀ သာ ရရှိနိုင်သေးတယ်လို့ အာဖရိက စီဒီစီက ပြောပါတယ်။
အဟန့်အတားဖြစ်စေ
ကုသမှုနဲ့ ရောဂါရှာဖွေမှုအားနည်းတာဟာလည်း တုံ့ပြန်မှုကိုအဟန့်အတားဖြစ်စေပါတယ်။ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွေ အတွက် ပြန်လည်သုံးသပ်ဆဲဖြစ်သော်လည်း ရောဂါကူးစက် ခံရသူ တွေနဲ့ထိတွေ့မှုရှိသူတွေကို ခြေရာခံခြင်း၊ HIV ရှိသူတွေ၊ ရောဂါ ကူးစက်ဖို့လွယ်သူတွေကို ခြေရာခံခြင်းတို့ ပြုလုပ်သွားဖွယ်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ဂါဗီနဲ့ယူနီဆက်ဖ်ကဲ့သို့ အဖွဲ့အစည်း တွေမှာ ဖြန့်ဖြူးပေးဖို့ ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အခြေ အနေဆိုင်ရာသုံးစွဲမှုအတွက် စာရင်းတင်ခဲ့ပါတယ်။
ခရီးသွားမှုဆိုင်ရာ ကန့်သတ်မှုမလုပ်ဖို့ တောင်းဆို
မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေအပေါ် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုတွေ မလုပ်ကြဖို့ အာဖရိက ကျန်းမာရေးအရာရှိတွေက တောင်းဆိုခဲ့ကြပါတယ်။ ခရီးသွားလာမှု ဆိုင်ရာ ကန့်သတ်မှုတွေပြုလုပ်မယ့်အစား ရောဂါစစ်ဆေးပေးမှုတွေ နဲ့ ကာကွယ်ဆေးပေးခြင်းလုပ်ငန်းတွေပြုလုပ်ပြီး အာဖရိကကို ထောက်ပံ့ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မျောက်ကျောက်ရောဂါကူးစက်မှု ၁၄၀၀ ကျော် တွေ့ရှိခဲ့ရပြီး သေဆုံး သူ ၂၄ ဦး ရှိခဲ့ပါတယ်။ အဲဒီကူးစက်မှုတွေဟာ မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ က ပြောပါတယ်။
အာဖရိကကို အပြစ်မတင်ပါနဲ့လို့ အာဖရိကရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ အကြီးအကဲဖြစ်သူ ဂျင်းကက်ဆီရာက ပြောပါ တယ်။ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုတွေပြုလုပ်သွားမယ်လို့ ဟိုနေရာဒီနေရာကနေ ကြားနေရပါတယ်။ အခုအချိန်မှာ လိုအပ် နေတာက စည်းလုံးညီညွတ်မှုနဲ့ ပံ့ပိုးကူညီမှုတွေပါပဲ။ ကာကွယ် ဆေးဟာ ဈေးကြီးပါတယ်လို့ သူကဆက်ပြောပါတယ်။
အသိပညာပေးမှုတွေလိုအပ်
ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်ဖို့ ပိုပြီးလိုအပ်လာပါတယ်။ အထူးသဖြင့် ဒီမျောက်ကျောက်ရောဂါဟာ လိင်မှုကိစ္စကနေတစ်ဆင့် ကူးစက်တယ်လို့ အများကယုံကြည် ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီရောဂါဟာ ရောဂါရှိတဲ့သူနဲ့ အနီးကပ်ထိတွေ့မှုကနေလည်း ကူးစက်ပါတယ်လို့ အာဖရိကရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ကလည်း မျောက်ကျောက်ရောဂါဟာ ဥရောပကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့ပြီး အထူးသဖြင့် အမျိုးသားချင်း ချစ်ခင်စုံမက်တဲ့ အသိုင်းအဝိုင်းကြားမှာ သက်ရောက်မှု ကြီးမား ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ရောဂါရှိသူတွေနဲ့ ထိတွေ့မှုရှိသူတွေကို ခြေရာခံလိုက်ခြင်း၊ အစုလိုက် ကာကွယ်ဆေးထိုးပေးခြင်းတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကူးစက် ခံရသူ ၉၀၀၀၀ ခန့်ရှိပြီး အဲဒီနောက် ၂၀၂၃ ခုနှစ် မေလမှာ အရေးပေါ် အခြေအနေကို ရုပ်သိမ်းခဲ့ပါတယ်။ ။
ကိုးကား - သည်ဂါဒီယန်း