စက်ဘီးမြို့တော် ဘေဂျင်း

Type
Image not available
 
 
 
လင်းဆက်ငြိမ်းချမ်း
 
 
တစ်ချိန်တုန်းက မြန်မာစာရေးဆရာတို့၏ အရေးအသားတွင် ပီကင်းဟုသာ ဖတ်ခဲ့ဖူး သည်။ ထို့ကြောင့် ကျွန်တော့်နားထဲ ခပ်စွဲစွဲ ဖြစ်နေသောအမည်မှာ ပီကင်း။ ပီကင်း၏ သင်္ကေတမှာ အတိတ်ခေတ် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များဖြင့် မှိုင်းညို့နေ ပြီး ရှုပ်ယှက်ခတ်နေအောင်များသော စက်ဘီး များဖြင့် အရသာတစ်မျိုး ထွက်ရှိနေသလိုပင်။
 
မော်စီတုံးခေတ် မော်တော်ယာဉ်က လည်း သိပ်မပေါသေးသမို့ စက်ဘီးမြို့တော် ပီကင်း၊ တိန့်ရှောင်ဖိန်ခေတ် တဖြည်းဖြည်း ပေါလာသော မော်တော်ယာဉ်များကြားတွင် စက်ဘီး၏ အခန်းကဏ္ဍသည် မမှိန်သွား၊ မဖျော့သွား။ ယခုကမ္ဘာ့စီးပွားရေး၏ နံပါတ် နှစ်နေရာရောက် ရှီကျင့်ဖျင်ခေတ်။
 
ရှီကျင့်ဖျင် မတိုင်မီကတည်းကပင် ပီကင်းဆိုသည့် အခေါ်အဝေါ် တိမ်ဝင်သွားခဲ့ ပြီး တချို့က ပေကျင်း၊ တချို့က ဘေဂျင်း အဖြစ် မြန်မာနားထဲ အသစ်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကျွန်တော်ကတော့ ခေတ်သစ် ပီကင်းကို ဘေဂျင်းဟုခေါ်ရတာ ပိုခံတွင်း တွေ့သမို့ ဘေဂျင်းဟု ဆိုကြပါစို့။
 
ဘေဂျင်းသည် မှိုင်းညို့ခြင်းနှင့်
ခေတ်ရှေ့ပြေးခြင်းတို့ အချိုးကျပေါင်းစပ်
 
တစ်ချိန်က တရုတ်နိုင်ငံ၏မြို့တော် ပီကင်းအဖြစ် အတိတ်ခေတ်လက်ရာများဖြင့် မှိုင်းညို့ခဲ့ရာမှ ဘေဂျင်းအဖြစ် အသစ်ထွင် လိုက်သည့်အချိန်တွင် စီးပွားရေးအင်အား ကောင်းလာသည်နှင့်အမျှ ၂၁ ရာစု၏ သင်္ကေတ မိုးမျှော်အဆောက်အဦကြီးများ ကလည်း သူ့ထက်ငါအပြိုင် ကောင်းကင် ထက်ဆီ ပျံဝဲနေကြပြီဖြစ်သည်။ ထို့ကြောင့် ဘေဂျင်းသည် မှိုင်းညို့ခြင်းနှင့် ခေတ်ရှေ့ ပြေးခြင်းတို့ အချိုးကျပေါင်းစပ်ထားသလို။
တိန့်ရှောင်ဖိန်က ကြောင် ဖြူဖြူ၊ မည်းမည်း ကြွက်ခုတ်တတ်ဖို့သာ အဓိကဟု ဆိုကာ ချမ်းသာခြင်းဆီသို့ ခြေစုံပစ်ခဲ့ခြင်းအရ ချမ်းသာကြွယ်ဝလာပြီ ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာကိုလည်း မလွှဲသာ မရှောင်သာ ရင်ဆိုင်လာခဲ့ရပြီဖြစ်သည်။
 
ဘေဂျင်းတွင် ကိုယ်ပိုင်ကားစီးနိုင်ခြင်း သည် သိပ်မဆန်း။ ထို့ကြောင့် ကိုယ်ပိုင်ကား အစီးရေကိုလျှော့ချရန် မဲပေါက်မှ ကားဝယ် ခွင့်စနစ်ကို တီထွင်ခဲ့ရသည်။ မိုးပျံတံတား ခပ်များများတည်သည်။ ဘေဂျင်း၏ မြေအောက်တစ်ခွင်တွင် မနက်စောစောမှ ည ၁၀ နာရီကျော်အထိ တဂျုံးဂျုံးပြေးဆွဲ နေသော မြေအောက်ရထားများရှိသည်။ သို့သော် ကားကများသဖြင့် ရုံးအတက်၊ အဆင်းတွင် ယာဉ်ကြောပိတ်မပျက်။ ထို့အပြင် ကားများလေ ပတ်ဝန်းကျင်ညစ်ညမ်းလေမို့ ခဲပြီးသားခေါင်းက ထပ်ခဲရသည်။
 
စက်ဘီးလမ်း
 
ထို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကင်းသောစက်ဘီးကို အားပြုစီးကြရန် အစိုးရက အသည်းအသန် တိုက်တွန်းလျက် ရှိသည်။ စက်ဘီးကို အန္တရာယ်ကင်းစွာစီးနိုင် ရန်လည်း ပြုလုပ်ပေးထားသည်။ ၂၀၁၁ ခုနှစ် က ကျွန်တော် ဘေဂျင်းကို အလည်အပတ် ရောက်တော့ လမ်းမကြီးများ၏ ဟိုဘက် ဒီဘက်ဘေးတွင် သိပ်မကျယ်သော သီးသန့် လမ်းများကိုတွေ့ရသဖြင့် ဘာမှန်းမသိ၊ စကားပြန်ကိုမေးကြည့်မှ စက်ဘီးလမ်းဟု ဆိုသဖြင့် သဘောကျမိသွားသည်။
 
စက်ဘီးလမ်းများမှာ များသောအားဖြင့် စက်ဘီးနှစ်စီး ယှဉ်မောင်းနိုင်သည်အထိ ကျယ်သည်။ ပြီးတော့ စက်ဘီးလမ်းနှင့် ကားလမ်းကြားတွင် ကားနှင့် စက်ဘီးတိုက်မိ ခိုက်မိခြင်းမရှိရလေအောင် သံပန်းကဲ့သို့ အကာ အရံများ အခိုင်အမာကာထားသည်။ ထို့ကြောင့် ဘေဂျင်းမြို့ရှိ လမ်းမများကိုကြည့်လိုက်လျှင် အလယ်တွင် ကားလမ်းနှစ်လမ်းနှင့် ကားလမ်း နှစ်ဖက်ဘေးတွင် စက်ဘီးလမ်းဟူ၍ လေးလမ်း တွဲ မြင်ရပေမည်။ ဟိုဘက်ဒီဘက် စက်ဘီး လမ်းဘေးတွင်တော့ စက်ဘီးလမ်းထက်ပင် ပိုကျယ်သော လူသွားပလက်ဖောင်း၊ ခပ်ကျယ် ကျယ်ကားလမ်း၊ စက်ဘီးလမ်းနှင့် ပလက် ဖောင်းကျယ်ကျယ်များကို ကြည့်ခြင်းအားဖြင့် ဘေဂျင်းမြို့ စည်ပင်သာယာရေးအဖွဲ့သည် ရှေးယခင်ကတည်းက အနာဂတ်တွင်ဖြစ်ထွန်း လာမည့် လူဦးရေနှင့် ယာဉ်အစီးရေတို့အား ကြိုမြင်ကာ လမ်းအတွက် နေရာကျယ်ကျယ် ယူထားသည့် သဘောဖြစ်သည်။ ထားပါတော့။
 
လိမ္မော်ရောင်မိန်းမစီး စက်ဘီးများ
 
၂၀၁၃ ခုနှစ် ဘေဂျင်းသို့ စတင်ရောက်ရှိ နေထိုင်တော့ ပေါ့ပေါ့ပါးပါး လိမ္မော်ရောင်မိန်းမစီး စက်ဘီးများကို စတင်သတိထားမိသည်။ ပထမ တော့ ကွန်မြူနစ်နိုင်ငံမို့ စက်ဘီးတစ်မျိုး တစ်စားတည်းကိုသာ ထုတ်လုပ်ခြင်းများလား ဟု ကိုယ့်ဘာသာ ထင်မိထင်ရာ ထင်ခဲ့သည်။
တစ်လကျော်အကြာ နေရထိုင်ရအသား ကျလာပြီးနောက် ဟိုနားဒီနားထွက်လည်သည့် အခါကျမှ လူသွားလူလာမနည်းသော ခပ်ကျယ်ကျယ် ပလက်ဖောင်းဘေးတို့တွင် စက်ဘီးစတန်းများကို တွေ့ရသည်။ စက်ဘီး စတန်းတစ်ခုတွင် စက်ဘီး ၁ဝ စီးခန့်။ စက်ဘီး စတန်းရှိ သတ်မှတ်အပေါက်ထဲသို့ စက်ဘီး လက်ကိုင်အလယ်ဗဟိုတန်းကို ထိုးထည့် လိုက်လျှင် သတ်မှတ်ကတ်မပါဘဲ မည်သူမှ ယူလို့မရ။ အစိုးရက ပြုလုပ်ထားပေးသော အများပြည်သူသုံးစက်ဘီးများဖြစ်သည်။
စိတ်ဝင်စားသဖြင့် တရုတ်မိတ်ဆွေ တစ်ဦးကို မေးကြည့်တော့ ‘ကျွန်တော်တို့ ရပ်ကွက်ထဲမှာပဲ စက်ဘီးကတ် သွားလုပ်ရ တယ်။ ကတ်တစ်ကတ်ကို ယွမ် ၁၀၀ လောက် ပေးရတယ်။ စက်ဘီးတန်ဖိုးကလည်း အဲဒီ လောက်ဝန်းကျင်ဆိုတော့ ကိုယ့်ကြောင့်စက်ဘီး ပျောက်ရင် လျော်ကြေးရအောင် တစ်ခါတည်း အပေါင်ယူထားတဲ့သဘောပေါ့’ဟု ဆိုသည်။
 
တစ်နာရီ ကြာသည်အထိ
စက်ဘီးအခမဲ့စီးနိုင်
 
ကတ်ရှိသူက စက်ဘီးစတန်းရှိ စက်တွင် ကတ်ထိုးထည့်ကာ စက်ဘီးကိုထုတ်ယူနိုင် သည်။ ကတ်ပိုင်ရှင်မည်သူမဆို တစ်နာရီ ကြာသည်အထိ စက်ဘီးအခမဲ့စီးနိုင်သည်။ တစ်နာရီကျော်သွားခဲ့လျှင်မူ တစ်ယွမ်၊ နှစ်ယွမ် စသည်ဖြင့် မိမိအပေါင်ထားထားသောငွေမှ ဖြတ်ယူသည်။ စက်ဘီးစတန်းရှိ စက်ထဲကတ် ထိုးထည့်လိုက်ကတည်းက ကတ်ပိုင်ရှင် မည်သူမည်ဝါ စက်ဘီးယူသွားမှန်း စက်က မှတ်ထားသဖြင့် စက်ဘီးအပျောက်အရှရှိလျှင် အလိုအလျောက်သိရှိပြီးဖြစ်သလို တစ်နာရီ ကျော်ပါကလည်း စက်ကအလိုအလျောက် ငွေဖြတ်ထားပြီးဟု သိရသည်။
"ဒါပေမယ့် တော်တော်များများကတော့ ငွေအဖြတ်မခံရပါဘူး" ဟု တရုတ်မိတ်ဆွေက ဆိုသည်။
 
"ဘာလို့လဲ၊ အကြာကြီး မစီးကြလို့လား"
 
"ဒီလိုဗျ။ စက်ဘီးစတန်းတွေကို နေရာ တော်တော်များများမှာရှိတယ်။ တစ်နာရီ ဆိုတာက ဒီစက်ဘီးတစ်စီးကို ထုတ်စီးတဲ့ အချိန်ကိုပြောတာ။ တော်တော်များများက ဝေးလွန်းတဲ့ခရီးမျိုးကို စက်ဘီးနဲ့မသွားကြဘူး။ ကိုယ့်မြို့နယ်ထဲ ဟိုနားဒီနားပဲ စက်ဘီးနဲ့ သွားကြတော့ အချိန်အကြာကြီးမဟုတ်ဘူး။ ပြီးတော့ ကိုယ်ယူစီးတဲ့စက်ဘီးကို ဘယ်စက်ဘီး စတန်းမှာမဆို ပြန်ထည့်ခွင့်ရှိတယ်။ အဲဒါ ကြောင့် ကိုယ်စီးတာ တစ်နာရီပြည့်တော့မယ် ဆို အဲဒီစက်ဘီးကို အနီးအနားက စက်ဘီး စတန်းထဲထည့်။ ပြီးရင် ကိုယ့်ကတ်နဲ့ အဲဒီ စက်ဘီးစတန်းက စက်ဘီးနောက်တစ်စီး ထပ်ထုတ်စီးရင် အချိန်ကို အသစ်ပြန်မှတ်တာ ဆိုတော့ နောက်တစ်နာရီထပ်စီးလို့ ရသွားတဲ့ သဘော" ဟု တရုတ်မိတ်ဆွေက ဆက်ပြော သည်။
 
ပြောရလျှင် အများပြည်သူသုံးစက်ဘီးစတန်းများထားရှိမှုမှာ အကျိုးအမြတ်အတွက် မဟုတ်။ ပြည်သူများ စက်ဘီးစီးကြရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးအတွက် လမ်းမပေါ် ကားအစီးရေမတိုးလာစေရန်၊ လိုင်းကားပေါ် လူမကျပ်စေရန်၊ သူတို့ဘေဂျင်း သားတို့မှာ စက်ဘီးစီးခဲ့သည့် အစဉ်အလာ လည်းရှိ၊ စက်ဘီးစီးချင်အောင်လည်း ပြုလုပ် ပေးထားသဖြင့် တော်ရုံတန်ရုံ အကွာအဝေးမျိုး ကို ပိုက်ဆံအကုန်ခံကာ လိုင်းကားမစီး။ တွေးလို့ငေးလို့ကောင်းပြီး ကျန်းမာရေး အတွက်လည်းကောင်းသော စက်ဘီးဖြင့်သာ ချီတက်ကြကြောင်း သိရသည်။
 
လိမ္မော်ရောင်မဟုတ်သည့်
စက်ဘီးများ
 
အထက်ပါ စက်ဘီးစတန်းမှာ ၂၀၁၃- ၂၀၁၅ ခုနှစ် ကျွန်တော်ဘေဂျင်းတွင် နေထိုင် ခဲ့စဉ်က မြင်ခဲ့သိခဲ့သမျှဖြစ်သည်။ ၂၀၁၈ ခုနှစ် တရုတ်ခရီးသွားဝန်ကြီးဌာနက မြန်မာမီဒီယာ များကို ဖိတ်ကြားချက်အရ ဘေဂျင်းသို့ ခေတ္တ ရောက်ရှိချိန်တွင်မူ လမ်းဆုံအချို့၌ တန်းစီ ရပ်ထားသော လိမ္မော်ရောင်မဟုတ်သည့် စက်ဘီးများကို မြင်လိုက်ရသဖြင့် နည်းနည်း ထူးဆန်းသလိုခံစားမိသည်။
 
သို့ဖြင့် ဘေဂျင်းတွင် ကျောင်းတက် နေသော မြန်မာပညာတော်သင်တစ်ဦးထံ ဆက်သွယ်မေးမြန်းသည့်အခါ စက်ဘီးစတန်း များမှာ ခေတ်မရှိတော့ဟု သိရသည်။ ၂၀၁၅ ခုနှစ် ဒီဘက်ဘေဂျင်းတွင် ထွန်းကားလာသည် မှာ အွန်လိုင်းမှ စက်ဘီးငှားခြင်းစနစ်။
 
‘အရင်လိုကတ်မလိုတော့ဘူး။ စက်ဘီး ငှားလို့ရတဲ့ဆော့ဖ်ဝဲကို ဖုန်းနဲ့ဒေါင်း။ စက်ဘီးငှားတဲ့ကုမ္ပဏီကို အွန်လိုင်းနဲ့ပဲ ယွမ်ငွေ ၁၀ဝ သွင်း။ ကိုယ်စီးမယ့်စက်ဘီးက ကုတ်ကို ဖုန်းနဲ့ စကင်န်ဖတ်လိုက်တာနဲ့ အဲဒီစက်ဘီးကို ဖွင့်လို့ရတဲ့သော့နံပါတ် ဖုန်းထဲမက်ဆေ့ပြန်ဝင်လာမယ်။ အဲဒီနံပါတ် အတိုင်း စက်ဘီးမှာရှိတဲ့ နံပါတ်ရိုက် ရမယ့်နေရာမှာ ရိုက်ထည့်လိုက်တာနဲ့ စက်ဘီးသော့ပွင့်ပြီ’ ဟု မြန်မာကျောင်းသား က ဆိုသည်။
 
ယင်းစက်ဘီးများကို လမ်းဆုံ (သို့မဟုတ်) လူအသွားများသောနေရာတို့ရှိ ပလက်ဖောင်းပေါ် ရပ်ထားပေးသည်။ ယခင် လိမ္မော်ရောင်စက်ဘီးများလို တစ်နာရီအခမဲ့ စနစ်မရှိ။ တော်ရုံခရီးဆို တစ်ယွမ်၊ တစ်နေကုန်လျှောက်စီးလည်း နှစ်ယွမ်၊ သုံး ယွမ်ထက်မပိုဟု သိရသည်။ အွန်လိုင်း ဝန်ဆောင်မှု၏ ထူးခြားချက်မှာ စက်ဘီးကို စက်ဘီးစတန်းထဲ ပြန်ထည့်ရန်မလို။ မိမိမစီးလိုတော့သည့် နေရာရောက်လျှင် ပလက်ဖောင်းဘေးတွင် စက်ဘီးသော့ကို လက်ဖြင့်ခတ်ပြီးထားခဲ့ပါက စီးသူ၏ တာဝန်ကျေပြီ။ စီးသလောက် ကျသင့်ငွေကို အပေါင်ပေးထားသည့် ယွမ် ၁၀၀ ထဲမှ ဖြတ်သည်။ ငွေကုန်သွားလျှင် ထပ်ဖြည့်။
‘‘ကိုယ်ကစကင်န်ဖတ်ပြီး စက်ဘီးဖွင့်ဖို့ နံပါတ်တောင်းကတည်းက ကုမ္ပဏီကွန်ထရိုး စင်တာက မှတ်ပုံတင်ထားတဲ့ ဘယ်သူ ငှားတယ်ဆိုတာသိတယ်။ စက်ဘီးကို အွန်လိုင်းကနေချိတ်ထားတော့ ဒီစက်ဘီး ဘယ်ရောက်နေတယ်ဆိုတာလည်း သိတယ်။ စီစီတီဗွီကိုလည်း နေရာအနှံ့တပ်ထားတော့ ယွမ် ၁၀၀ လောက်တန်တဲ့ စက်ဘီးကို ပြဿနာအဖြစ်ခံပြီး မခိုးရဲကြဘူးလို့ ထင်တာ ပဲ’’ဟု မြန်မာကျောင်းသားက ပြောသည်။
 
လှည့်လည်ကောက်သိမ်း
 
စက်ဘီးစီးပြီးထားပစ်ခဲ့သဖြင့် ရောက် ချင်ရာရောက်နေသော စက်ဘီးများကို ည လူခြေတိတ်ချိန်ကျမှ ကုမ္ပဏီဝန်ထမ်းများက ကားဖြင့် လှည့်လည်ကောက်သိမ်းကြသည်။ ဘယ်ဘီးဘယ်နေရာ ရောက်နေသည်ကို ကွန်ထရိုးစင်တာမှသိသဖြင့် ခေါင်းနောက် စရာမလို။ သိမ်းလာသော စက်ဘီးများကို သတ်မှတ်နေရာများတွင် ပြန်တန်းစီထား လိုက်ရုံ။
 
အခပေးရသောအွန်လိုင်းမှ စက်ဘီး အငှားလုပ်ငန်းဖြစ်ထွန်းလာခြင်းမှာ စက်ဘီး စီးသူများခြင်းကြောင့် ဖြစ်သည်။ စီးပွားရေး အရ မည်မျှအလုပ်ဖြစ်သလဲတော့မသိ။ ယနေ့တိုင်ငှားနေဆဲမို့ အလုပ်ဖြစ်သည်ဟု ယူသော်ရနိုင်၏။ အားကျစရာစက်ဘီး ယဉ်ကျေးမှုပေတည်း။ ။