၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ အချို့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုအပါအဝင် ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေနှင့် တောင်ကိုရီးယား ခုနစ်နိုင်ငံတို့၏ ပူးတွဲကြေညာချက်တွင် တပ်မတော်က ဆန့်ကျင်သူများကို အင်အားအလွန်အကျွံသုံးစွဲ ချေမှုန်းနေကြောင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။ ပူးတွဲကြေညာ ချက်ပါဖော်ပြချက်များသည် အခြေအမြစ်မရှိသည့်စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင် သူများ၊ အကြမ်းဖက်အဖွဲ့များထံမှရရှိသည့်အချက်များကို အခြေခံထားသောကြောင့် မှန်ကန်မှုမရှိပေ။ အကြမ်းဖက်သမားများလက်ချက်ကြောင့် တည်ငြိမ်အေးချမ်းမှု ထိခိုက်မှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မိမိတိုင်းပြည်အကျိုးကို အလေးထားပြီး လိုအပ်သည့် အရေးယူမှုများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရွက်နေသည်ကိုတွေ့ရသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုကို ပျက်ပြားအောင် ဦးတည်လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များနှင့် ၎င်းတို့ သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးနေသည့် ပြည်တွင်းမှ အကြမ်းဖက်အဖွဲ့အမျိုးမျိုးတို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကို ၎င်းနိုင်ငံ တို့က လျစ်လျူရှုထားသည်။ ထို့အပြင် အဆိုပါကြေညာချက်သည် တရားမဝင် လက်နက်ကိုင်ပြီး အကြောင်းမဲ့သက်သက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေကြ သူများကို ပြစ်တင်ရှုတ်ချခြင်း၊ တားဆီးခြင်း၊ ရပ်တန့်ပေးရန်ဖော်ပြခြင်း၊ တောင်းဆိုခြင်း များပါဝင်ခြင်းမရှိသည့် ဘက်လိုက်သော တစ်ဖက်သတ်ကြေညာချက်သာဖြစ်သည်။
အဆိုပါ အပေါင်းပါခုနစ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် မည်သည့်အကြောင်း မျိုးဖြင့်ဖြစ်စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် အကြမ်းဖက် တိုက်ခိုက်မှုများရှိလာပါက ဤသို့ပင် ကြေညာချက်များထုတ်ပြန်မည်လား။ အကြမ်း ဖက်သမားများကို မည်သို့လက်တုံ့ပြန်မည်ကို မေးခွန်းထုတ်စရာမလိုဘဲ အဖြေ ပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့နိုင်ငံတွင် အကြမ်းဖက်လုပ်ငန်းများလုပ်ကိုင်ပါက သာလွန်သောအင်အားဖြင့် အပြင်းအထန်နှိမ်နင်းပြီး အချိန်မဆိုင်းဘဲ နိဂုံးချုပ်သွား မည်ဖြစ်သည်။ ဤသို့သောအခြေအနေမှန်ကို မျက်ကွယ်ပြု၍ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဖိအားပေး ပြောဆိုနေခြင်းမှာ မြန်မာနိုင်ငံအား အကြမ်းဖက်သမား လက်ချက်များဖြင့် ပျက်စီးစေလိုခြင်း သို့မဟုတ် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုခြင်းဖြစ်သည်မှာ ထင်ရှားပေါ်လွင်နေပါသည်။
မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးလာခဲ့သည်မှာ အထူးအဆန်းမဟုတ် တော့ပေ။ ၎င်းနိုင်ငံများ၏ ထောက်ပံ့ထည့်ဝင်ငွေအများဆုံးဖြင့် ရပ်တည်နေသော ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းဖြင့် အချိန်ကုန်ဆုံး နေသည်။ ယခုအခါ အာဆီယံအဖွဲ့အတွင်း၌ပင် ဝင်ရောက်စွက်ဖက်ပြီး မြန်မာနိုင်ငံအား ဖိအားအမျိုးမျိုးပေးရန် ကြိုးစားလာခဲ့သည်။ မြန်မာနိုင်ငံ ပြိုလဲပျက်စီးရေးကို အဆိုပါနိုင်ငံများက ကမကထပြုလုပ်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၎င်းတို့အလိုကျ အစိုးရပြန်မရမချင်း နိုင်ငံတကာတွင် ဖိအားအမျိုးမျိုးပေးနိုင်အောင် လှည့်ပတ်ကြိုးပမ်း နေပြီး မည်သည့်အစိုးရတက်တက် မြန်မာနိုင်ငံကောင်းကျိုးအတွက် ထိထိ ရောက်ရောက်ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်ဆိုင်သော လွတ်လပ်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ကောင်းမွေ၊ ဆိုးမွေများသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အရေးကိစ္စများသာဖြစ်သည်။ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အချုပ်အခြာအာဏာပိုင်ဆိုင် သော နိုင်ငံတစ်နိုင်ငံအား မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများသည် အောင်မြင်မှုမရှိဘဲ စွက်ဖက်ခံရသည့်နိုင်ငံ ပျက်စီးခြင်းသာဖြစ်စေနိုင်သည်ကို ကမ္ဘာ့သမိုင်းအဖြစ်အပျက် များတွင် မြင်တွေ့နိုင်ပါသည်။
သို့ဖြစ်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့်ကိစ္စများ၊ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များအပေါ် အခြေခံ သည့် ဘက်လိုက်ပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ မည်သည့်ဆောင်ရွက်မှုများကိုမဆို မြန်မာနိုင်ငံအနေဖြင့် လက်မခံ ပြင်းထန်စွာကန့်ကွက်ပါကြောင်း။ ။