စွမ်းရည်မြင့်မားသည့် အမျိုးသမီးထုအင်အား

 

သတ္တလောကတွင် အဖိုနှင့်အမ ကွဲပြားခြားနားသကဲ့သို့ သတ္တ လောကသား လူယောကျ်ားနှင့် လူမိန်းမတို့သည်လည်း သဘာဝ ချင်းမတူ ကွဲပြားခြားနားကြသည်။ သို့ရာတွင် မျိုးဆက်တည်တံ့ရေး အတွက် မတူညီသည့် သဘာဝနှစ်ခုတို့ ပေါင်းစပ်ကြရခြင်းဖြစ်ရာ တစ်ခုမရှိသည်နှင့် မျိုးဆက်တည်တံ့ရေးသည်လည်း မရှိနိုင်တော့ အဖိုရော  အမပါ   အရေးပါကြသည်ချည်းဖြစ်သည်။   လူ့သမိုင်း တစ်လျှောက်တွင်မူ ယောက်ျားနှင့်မိန်းမတို့၏  ဖို မ သဘာဝတို့ကို အခြေခံ၍ ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ပိုမိုသန်မာခွန်အားကြီးသည့် ယောကျ်ားတို့က ရှေ့မှဦးဆောင်သူနေရာကိုယူပြီး ခွန်အားနည်း ၍  သိမ်မွေ့နူးညံ့ကာ မိခင်ဘဝတွင် သန္ဓေဆောင်ယူရသူ အမျိုး သမီးတို့က   သျှောင်နောက်ဆံထုံးပါ   (Second Sex)   ဟူ၍ ဖြစ်လာသည်။


အမဲလိုက်၊ လယ်ထွန်၊ လှေထိုး၊ လွှတိုက်ရသည့်အလုပ်များ၊ နယ်ပယ်ချဲ့ထွင်ရေးအတွက် စစ်တိုက်ရသည့်အလုပ်များတွင် ယောကျ်ားတို့သည်သာ ဦးဆောင်သူ၊ မိန်းမတို့က နောက်မှ လိုက်ပါသူ။  ယောက်ျားတို့က   ဦးစားပေးခံရသူ၊ မိန်းမတို့က ပံ့ပိုးဖြည့်ဆည်းပေးရသူ။ ယောက်ျားတို့က ပထမ၊ မိန်းမတို့က ဒုတိယ။ ဤအစဉ်အလာသည် လူ့သမိုင်းအစမှ နှစ်ပေါင်းထောင်နှင့် ချီ၍ တည်တံ့လာခဲ့သော အစဉ်အလာဖြစ်သည်။ သို့သော် အနောက်ကမ္ဘာတွင် စက်မှုတော်လှန်ရေးကာလ ကုန်ထုတ်လုပ်မှု ပုံစံများ တိုးတက်ပြောင်းလဲလာသည့်အခါ ယောက်ျားနှင့် မိန်းမ တို့အကြား ကွဲပြားခြားနားခဲ့သည့် သဘာဝတို့က တဖြည်းဖြည်း ကျဉ်းမြောင်း   ပျောက်ကွယ်သွားသည်။   မိန်းမတို့သည်လည်း ယောကျ်ားတို့နှင့် တန်းတူရင်ပေါင်တန်းလာနိုင်သည်။ ကုန်ထုတ် လုပ်မှုတွင် တန်းတူထုတ်လုပ်လာနိုင်သည့်တိုင် အစဉ်အလာအရ Second Sex  ဟူသော    ရှုမြင်မှုတို့ကို  မကျော်လွှားနိုင်။

လုပ်ခလစာတို့ တန်းတူမရ။ အရေးပါသော ရာထူးနေရာတို့တွင် ခန့်ထားခြင်းမခံရ။ နိုင်ငံ့အရေးအရာတို့တွင်လည်း ပါဝင်ခွင့်မရ။ ဤသို့ဖြင့် ၂၀ ရာစုအစောပိုင်းကာလတွင် အမျိုးသမီးတို့၏ အခွင့် အရေးကို တောင်းဆိုမှုများ စတင်လာခဲ့သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှ ရှိသည့် အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအား ဖြင့် အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက တရားဝင်အသိအမှတ်ပြု ကျင်းပပေးခဲ့သည်။
မြန်မာအမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို နိုင်ငံတော် က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ    မြန်မာအမျိုးသမီးတို့အပေါ် အသိအမှတ်ပြုမှုမှာ အိမ်နီးချင်း  အချို့လူ့အဖွဲ့အစည်းတို့ထက် သာလွန်ကောင်းမွန်ခဲ့သည်။ မိသားစုအတွင်းမှာရော လူ့အဖွဲ့ အစည်းအတွင်းမှာပါ ညှာတာမှုနှင့် လုံခြုံနွေးထွေးမှုတို့ ရရှိခဲ့ကြ သလို လွတ်လပ်မှုနှင့် အသိအမှတ်ပြုမှုတို့လည်း ရရှိခဲ့သည်ကို စာပေအထောက်အထားတို့တွင်   တွေ့ရှိနိုင်သည်။   သို့သော် အိမ်နီးချင်းနိုင်ငံတို့မှ အတွေးအခေါ် အယူအဆများ ဝင်ရောက်‌ ရောနှောမှုတို့ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ မျက်မှောက် ကာလတွင်မူ   မြန်မာအမျိုးသမီးများမှာ   အမျိုးသားများနှင့် ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးတွင်   ရပ်တည်လျက်ရှိကြ သည်။ ခေတ်သမိုင်းအဆက်ဆက်တွင် ထူးချွန်ထက်မြက်သည့်  မြန်မာအမျိုးသမီးများ  ဦးစီးဦးဆောင်မှုနေရာကို  ရယူနိုင်ခဲ့ပြီး  နိုင်ငံနှင့်လူမျိုး  လွတ်လပ်ရေး၊    နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ခဲ့ကြသည့်အလျောက် မြန်မာ အမျိုးသမီးများနေ့ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုကျင်းပပေးနေခြင်း ဖြစ်သည်။


မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက် ကျော်မှာ အမျိုးသမီးများဖြစ်ရာ ထိုမျှများပြားသည့် အင်အားကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် မြှင့်တင်ပေး ခြင်းဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသည့်အင်အား ကို ရရှိမည်ဖြစ်သည်။ အမျိုးသမီးများအနေဖြင့်လည်း ကဏ္ဍ ပေါင်းစုံတွင်   ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်   အရည်အချင်း၊ အရည်အသွေးပြည့်ဝအောင် မိမိကိုယ်ကိုယ် မြှင့်တင်ကာ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စွမ်းဆောင်ရည်မြင့်မားသည် နှင့်အမျှ   အခွင့်အလမ်းများက   လက်ကမ်းကြိုဆိုနေမည်သာ ဖြစ်ပါကြောင်း။       ။