စနစ်သစ်ပညာ​ရေး​အစ ၁၉၆၄-၆၈ ကာလက တက္ကသိုလ်​ရေကူးပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် ရေကူးအသင်း​၏ အောင်နိုင်မှုများ

Type
၅၅

 

 

အေးညွန့်ကြည်

 

 

ရန်ကုန်တက္ကသိုလ်ကြီးဟာ ပညာ​ရေးကို အဓိကအ​ခြေပြုပြီး အမျိုးသား​ရေးနဲ့ နိုင်ငံ​ရေးလှုပ်ရှားမှုများ၊ စာ​ပေနဲ့ အနုပညာလှုပ်ရှားမှုများနဲ့အတူ အားကစားလှုပ်ရှားမှုများဟာလည်း အ​ရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အားကစား လှုပ်ရှားမှုတွေထဲမှ ​တက္ကသိုလ်​ရေကူးပြိုင်ပွဲများဟာလည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့တာမို့ နှစ် (၁၀၀) ပြည့် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

စနစ်သစ်ပညာ​ရေးအစ ၁၉၆၄ မှ ၁၉၆၈ နှစ်များအတွင်း တက္ကသိုလ်နယ်​မြေ သထုံ လမ်းရှိ တက္ကသိုလ်​ ရေကူးကန်နဲ့ အင်းယား ကန်မှာ ကျင်းပခဲ့​တဲ့ ​ရေကူးပြိုင်ပွဲများနဲ့ ယင်းပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအရပ်ရပ်မှ ရန်ကုန်ရှိ တက္ကသိုလ်​ကျောင်းများသို့ ပညာ ဆည်းပူးရန်​ ရောက်ရှိလာကြ​တဲ့ ​ကျောင်းသား​ကျောင်းသူများ ယှဉ်ပြိုင်ကူးခတ်ခဲ့ကြပုံများနဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တိုင်​ တက္ကသိုလ်​ကျောင်းသူဘဝက ရေကူးပြိုင်ပွဲဝင်သူ တစ်​ယောက်အ​နေနဲ့ တွေ့ကြုံခဲ့ရသည်များကို မှတ်မိသ​လောက် ဖော်ပြလိုက်ပါတယ်။

ယခု​ရေးမယ့် အ​ကြောင်းအရာမှာပါတဲ့ ​ရေကူးကန်မှာ သထုံလမ်းမှာ တည်ရှိတဲ့ ​ရေကူးကန်ဖြစ်ပြီး ၁၉၇၀ ​နောက်ပိုင်းမှာ တက္ကသိုလ်များ​ရေကူးကန် (သထုံလမ်း) ဟု အမည်​ပြောင်းခဲ့ပါတယ်။ ကျွန်မက​တော့ ကျွန်မထက် အသက်ငယ်သူများနဲ့ စကား​ပြောရင်တော့ သထုံလမ်းကန်လို့ပဲ​ ပြောပါ တယ်။ ဘာ​ကြောင့်လဲဆို​တော့ အင်းယားလမ်း​ပေါ်မှာ​ ဘွဲ့နှင်းသဘင် အ​နောက်ဘက်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ် ရေကူးကန် (ယခု စိမ်းလန်းစို​ပြေဥယျာဉ်ဝင်​ပေါက်အနီး) ရှိတဲ့ အတွက် ခွဲခြားပြီးသိ​အောင်​ပြောရခြင်း ဖြစ်ပါ တယ်။ သထုံလမ်း​ရေကူးကန်က​တော့ အလျား ၃၃ (၁/၃) ကိုက်(​ပေ ၁၀၀) နဲ့ ပြိုင်ပွဲဝင် ၆​ယောက် ယှဉ်ပြိုင်နိုင်တဲ့အကျယ်ရှိပါတယ်။ ၅ ​မီတာ၊ ၃​ မီတာ၊ ၁​ မီတာ အမြင့် အသီးသီး ရှိတဲ့ ဒိုင်ဗင် စင်မြင့်များရှိကြပြီး ဒိုင်ဗင်ဧရိယာ က ရေအနက် ၉​ ပေရှိပါတယ်။

၁၉၆၄ မတိုင်မီအထိ မြန်မာနိုင်ငံ​​ရေကူး အဖွဲ့ချုပ်မှ ကျင်းပ​တဲ့ ​ရေကူးနဲ့ ဒိုင်ဗင်ပြိုင်ပွဲ များကိုလည်း ဤကန်မှာပင် ကျင်းပခဲ့ပါတယ်။ ၁၉၆၁ ဒီဇင်ဘာလမှာ ကျင်းပ​တဲ့ ဒုတိယ အကြိမ်​​မြောက် အ​ရှေ့​ တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲအမီ အမျိုးသား​ရေကူးကန် ကို​ ဆောက်လုပ်ခဲ့ကြပြီး ပြိုင်ပွဲများကို ယင်းကန်၌ပင် စတင်ကျင်းပခဲ့ကြပါတယ်။ ဒါ​ကြောင့် ယခု​ရေးမယ့်​ဆောင်းပါးမှာ သထုံ လမ်းကန်၊ တက္ကသိုလ်​ရေကူးကန်ဆိုပြီးသုံး သွားမှာ ဖြစ်ပါတယ်။

စစ်ကြို​ခေတ်

စစ်ကြို​ခေတ် တက္ကသိုလ်​ရေကူး​လောက

ကျွန်မတို့ရဲ့ ပါ​မောက္ခချုပ် ​ ဒေါက်တာ​မောင်​မောင်ခ၊ အတွင်းဝန်ချုပ် ဦးရွှေမရ၊ အတွင်းဝန်များ ဖြစ်ကြတဲ့ ဦးထွန်း​သောင်းနဲ့ ဦးစောသာ၊ ​ဦးထွေး​မောင် (ရန်ကုန်မြူနီစပယ် စာရင်းကိုင်ချုပ်၊ မြန်မာနိုင်ငံ​ ရေကူးအသင်း ဥက္ကဋ္ဌ)၊ ဦးကာကျန်း (မြန်မာ့လက်​ရွေးစင်​ရေကူးသမား ကို​အေး​ကျော်၏ ဖခင်)၊ ဦးဘ​သောင်း(Central Sports) ၊ Mr. Dina Nath တို့ဟာ ထင်ရှား​တဲ့ အင်းယားကန်ဖြတ်​ရေကူး သမားများ ဖြစ်ကြပါတယ်။ ဒိုင်ဗင်သမား ဦးဆစ်ဒနီသွင် (KLM Airline)၊​ ရေကူးနှင့် ဒိုင်ဗင်သမား Lt. Col. John Smyth ၊ အမျိုး သမီး အားကစားသမား Alice Set (​ရေကူး)နဲ့ ပညာ​ရေးတက္ကသိုလ်က ​ပါ​မောက္ခ ဒေါက်တာ​ဒေါ်ခင်မြ (ဒိုင်ဗင်) တို့ကလည်း ထင်ရှားသူများ ဖြစ်ကြပါတယ်။

လွတ်လပ်​ရေးရပြီး​နောက်ပိုင်းကာလ

လွတ်လပ်​ရေးရပြီးသည့်ကာလမှ ၁၉၆၄ မတိုင်မီ တက္ကသိုလ်​ရေကူးပြိုင်ပွဲတွေမှာလည်း တံခွန်စိုက်ဖလား ချီးမြှင့်​လေ့ရှိကြပါတယ်။ နှစ်အလိုက်​ ဖော်ပြရရင် ၁၉၆၀ မှာ ကိုသန့်ဇင်၊ ၁၉၆၁ မှာ ကိုတင်​မောင်နီ၊ ၁၉၆၃ မှာ ကို​အေး​ကျော်တို့ ရရှိခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ပထမ အကြိမ်​မြောက် အ​ရှေ့​တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ တက္ကသိုလ်လက်​ရွေးစင် ​ရေကူးအားကစားသမားများဖြစ်​တဲ့ ကိုတင်​မောင်နီ၊ ကို​စော​အောင်သိန်းနဲ့ Derek Lynsdale (ရန်ကုန်တက္ကသိုလ် ရုက္ခ​ဗေဒ ပါ​မောက္ခ Dr. Lynsdale ၏သား) တို့မှာ မြန်မာ့ လက်​ရွေးစင်အဖြစ်​ ရွေးချယ်ခြင်းခံခဲ့ရပြီး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုတံဆိပ်များ လည်း ရရှိခဲ့ကြပါတယ်။ ဆုတံဆိပ်များရရှိခြင်း​ကြောင့် သူတို့သုံးဦးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ University Gold ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ကိုသက်ဝင်းက​တော့ အရန်အဖြစ် ပါဝင်ခဲ့ပါ တယ်။ ရန်ကုန်မြို့မှာ ၁၉၆၁ ခုနှစ်က ကျင်းပ တဲ့ ဒုတိယအကြိမ်​မြောက် အ​ရှေ့​တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာတော့ ကိုတင်​မောင်နီ၊ ကို​စော​အောင်သိန်း၊ Derek Lynsdale တို့နဲ့အတူ ကို​အေး​ကျော်ပါ ဝင်​ရောက်ယှဉ်ပြိုင် ခဲ့ပြီး၊ ဆုတံဆိပ်များလည်း ဆွတ်ခူးနိုင်ခဲ့ကြ ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ၁၉၈၉-၉၁ အထိ ဒုတိယပါ​မောက္ခချုပ်တာဝန်ထမ်း​ဆောင်ခဲ့သူ ​ဒေါက်တာလှ​ဖေကလည်း အင်းယားကန်ဖြတ်​ရေကူးသမား ဖြစ်ခဲ့ပါတယ်။

အမျိုးသမီး​ ရေကူးသမားတွေကတော့ ရန်ကုန်တက္ကသိုလ် သတ္တ​ဗေဒဌာနမှ တွဲဖက် ပါ​မောက္ခ ​ ဒေါ်ခင်ခင်​ဆွေ (Valerie Po Saw)၊ သူ့ညီမ အင်္ဂလိပ်စာဌာနမှ ကထိက ​ဒေါ် Penny Po Saw နဲ့ ​ပြေးခုန်ပစ် ချန်ပီယံ လည်းဖြစ်သူ Dr. Rena Mya တို့က ထင်ရှား ခဲ့ပါတယ်။ ၁၉၆၃-၆၄ Inter Club ပြိုင်ပွဲမှာ တော့ Mabel Wong ၊ Agnes Soon နှင့် Elizabeth Pe တို့ပါဝင်​တဲ့ အမျိုးသမီးအဖွဲ့က ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့​ပါတယ်။

စနစ်သစ်ပညာ​ရေး​အစ

တက္ကသိုလ် ရေကူးပြိုင်ပွဲများ

ကျွန်မတို့ တက္ကသိုလ်စတင်တက်​ရောက်​တဲ့ ၁၉၆၄ မှစတင်ပြီး စနစ်သစ်ပညာ​ရေး စတင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကို ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်(ရန်ကုန်)​ - Arts and Science University (Rangoon) ပြောင်းလဲ​ခေါ်​ဝေါ် ခဲ့ပါတယ်။ ထိုအချိန်က ဘာသာရပ်အလိုက် ​ရေကူးပြိုင်ပွဲများ မကျင်းပနိုင်သေး​ပါဘူး။ ကျွန်မ တက္ကသိုလ်စတင်တက်​ရောက်တဲ့နှစ်က ရေကူးပြိုင်ပွဲများကို ပထမပညာသင် နှစ်ဝက် ဇန်နဝါရီလ​နှောင်းပိုင်း တနင်္ဂ​နွေ​နေ့နဲ့​ဖေ​ဖော်ဝါရီလ ပထမပတ်တနင်္ဂ​နွေ​နေ့များမှာ ကျင်းပလေ့ရှိပါတယ်။ ထိုအချိန်က ​RASU ရဲ့ ပါ​မောက္ခချုပ်မှာ လူအများက ချစ်ခင်လေးစား စွာ ဆရာခလို့​ခေါ်ကြတဲ့ ​ဒေါက်တာ​မောင်​မောင်ခဖြစ်ပြီး ရေကူးဆပ်​ကော်မတီဥက္ကဋ္ဌက​တော့ ရူပ​ဗေဒပါ​မောက္ခ ဦးစံသာ​အောင်ဖြစ် ပါတယ်။

RASU အင်းယားကန်ဖြတ်​ရေကူးပြိုင်ပွဲများ

ကျွန်မ တက္ကသိုလ်​ရောက်စနှစ် ၁၉၆၄-၆၅ ပညာသင်နှစ်အတွက် အင်းယားကန်ဖြတ်​ရေကူးပြိုင်ပွဲကို ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့မှာ ကျင်းပခဲ့ပါတယ်။ Dubern ကျွန်းဆွယ် (ယခု မေလိခလမ်းအဆုံး) အင်းယားလိတ်ဟိုတယ်အနီးကနေ တာထွက် ပြီး၊ တက္ကသိုလ်​လှေ​လှော်အသင်း (ယခင် RUBC ဟု​ ခေါ်သည့်​နေရာ)မှာ ပန်းဝင်ရပါ တယ်။ ခရီးအကွာအ​ဝေးက မီတာ ၂၀၀၀ ရှိပါ တယ်။ ကျွန်မရဲ့ ပထမဦးဆုံး အင်းယားကန် ဖြတ်ကူးတဲ့ပွဲဖြစ်သလို တက္ကသိုလ်​ကျောင်းသူ ဘဝရဲ့ ပထမဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အမျိုးသား ၈ ဦးနဲ့ အတူ စုစု​ပေါင်း ၉ ဦး ပြိုင်ပွဲဝင်ကြပါတယ်။ B.A​ နောက်ဆုံးနှစ်မှ ကို​သောင်းထွန်းက စံချိန် ၂၉ မိနစ် ၅၈ စက္ကန့်နဲ့ ပထမရရှိပြီး ကျွန်မက ၃၇ မိနစ် ၆ စက္ကန့်နဲ့ သတ္တမ​နေရာကနေ ပန်းဝင်ခဲ့ပါတယ်။

ရန်ကုန်စက်မှု တက္ကသိုလ်ကလည်း ကျွန်မတို့နဲ့ တစ်ရက်တည်း၊ တစ်ချိန်တည်း ကျင်းပပြီး ပြိုင်ပွဲဝင် အမျိုးသား ၉ ဦး ဝင်ပြိုင် ကြပါတယ်။ ကျွန်မတို့တက္ကသိုလ်နဲ့ တစ်ပြိုင် တည်း တာထွက်ပြီး၊ တက္ကသိုလ် နှစ်ခုစလုံးမှ ပြိုင်ပွဲဝင် ၁၈ ဦးစလုံး ပန်းတိုင်​ရောက်​အောင် ကူးခတ်နိုင်ခဲ့ကြပါတယ်။ စက်မှုတက္ကသိုလ်ရဲ့ ပြိုင်ပွဲမှာ​တော့ ကို​ဌေး​အောင်က ပထမရခဲ့ပါ တယ်။

၁၉၆၆ ခုနှစ်အတွက် ကန်ဖြတ်ကူးပြိုင်ပွဲ ကို​တော့ ဇန်နဝါရီ ၂၃ ရက်​နေ့တွင် နံနက် ၈ နာရီမှာ ကျင်းပပါတယ်။ အမျိုးသားပြိုင်ပွဲဝင် များက ယခင်နှစ်ထက် ပိုများလာပြီး အမျိုးသမီးက​တော့ ကျွန်မ တစ်ဦးတည်းပါ။ ဒီနှစ်မှာ​တော့ မနှစ်က စံချိန်ကိုချိုးပြီး ၃၃ မိနစ် ၃၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပါတယ်။ အမျိုးသားပွဲ မှာ​တော့ William Smyth က စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ပထမရပါတယ်။ မနှစ်ကလိုပဲ ရန်ကုန်စက်မှုတက္ကသိုလ်က တစ်ပြိုင်တည်း တာလွှတ်ခဲ့ပြီး ကို​ဌေး​အောင်ကပဲ ဆက်လက် ဗိုလ်စွဲပါတယ်။ ကျွန်မ​ နှစ်အတိအကျ​တော့ မမှတ်မိသော်လည်း ၁၉၆၅-၆၆ ဝန်းကျင်နှစ် များမှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုကိုကို​အေးနှင့် ကိုမျိုးသန့်တင်တို့လည်း ဝင်​ရောက် ယှဉ်ပြိုင်ခဲ့ကြတာကို မှတ်မိပါတယ်။

၁၉၆၇ ခုနှစ် ကန်ဖြတ်ကူးပြိုင်ပွဲကို​တော့ ဇန်နဝါရီ ၂၉ ရက်​နေ့ နံနက်တွင် ကျင်းပပါ တယ်။ ၁၉၆၄ ခုနှစ်ကတည်းက တက္ကသိုလ်​ပေါင်းစုံပြိုင်ပွဲမှာ ကူးခဲ့တဲ့ Rosie Hoe (သင်းသင်းခိုင်)ပါ ကျွန်မနဲ့အတူ ဝင်​ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ စုစု​ပေါင်း အမျိုးသမီး ၂ ဦး အပါ အဝင် ၄၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲတွင် ပထမရတဲ့ William Smyth ​ ရော၊ ကျွန်မပါ ယခင်နှစ်စံချိန်ကို မချိုးနိုင်ခဲ့ကြပါ။ ပထမမှ ဆဋ္ဌမအထိ ပန်းဝင် သူများကိုတော့ ဆုတံဆိပ်များ ချီးမြှင့်ပြီး၊ ကျန်ပန်းဝင်သူများကိုတော့ ကန်ဖြတ် ရေကူး သမား ရင်ထိုးတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ စီးပွား​ရေးတက္ကသိုလ်ကလည်း ၁၉၆၇ မှာ အင်းယား ကန်ဖြတ်ကူးပြိုင်ပွဲ ကျင်းပခဲ့ပြီး ​ရေကူး ချန်ပီယံ ရင်ရင်မြင့်က အမျိုးသားများရဲ့ အ​ရှေ့ကနေ ဦးစွာ ပန်းဝင်ခဲ့ပါတယ်။ ဦးထင်ကျော် (နိုင်ငံတော်သမ္မတ(ငြိမ်း)) သည် လည်း စီးပွားရေးတက္ကသိုလ်ရဲ့ ကန်ဖြတ် ရေကူးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

၁၉၆၈ ခုနှစ်ပြိုင်ပွဲကို​တော့ ဇန်နဝါရီ ၂၈ ရက်​နေ့မှာ ပြုလုပ်ပါတယ်။ မြန်မာ့လက်​ရွေးစင် ဆယ်လီစိုး (Sally Soe) တက္ကသိုလ်​ရောက်ရှိလာပြီဖြစ်လို့ အမျိုးသမီးပြိုင်ပွဲဝင် ၃ ဦး ယှဉ်ပြိုင်ခဲ့ပြီး၊ ဆယ်လီစိုးက ပထမ၊ ကျွန်မက ဒုတိယနဲ့ Rosie Hoe က တတိယ ဖြစ်ပါတယ်။ ဆယ်လီစိုးက အမျိုးသားများ ကိုဖြတ်​ကျော်ပြီး ​ရှေ့ဆုံးကနေ ပန်းဝင်သည် သာမက ၁၉၆၆ က ကျွန်မတင်ထားတဲ့ စံချိန်​ရော၊ William Smyth တင်ထားတဲ့ စံချိန် ထက်ပါ သာလွန်ခဲ့ပါတယ်။

တာတိုပြိုင်ပွဲများ

၁၉၆၅ ခုနှစ်အတွက် တာတို​ရေကူးပြိုင်ပွဲ များကို ​ဖေ​ဖော်ဝါရီလ ၇ ရက်က သထုံလမ်း ကန်မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားပွဲစဉ် တွေက​တော့ ကိုက် ၁၀၀ (ကန်သုံးခေါက်) အလွတ်ကူး၊ ပက်လက်ကူး၊ ရင်​ပေါင်တန်းကူး၊ လိပ်ပြာကူးတို့ဖြစ်ပြီး၊ အမျိုးသမီးပွဲစဉ်တွေက​တော့ အဆိုပါ​ ရေကူးနည်းများဖြင့်ပင် ၆၆ (၂/၃ကိုက်) (ကန်နှစ်ခေါက်) ပွဲများပဲ ဖြစ်ပါ တယ်။ အမျိုးသားများအတွက် ကိုက် ၂၀၀၊ ကိုက်၄၀၀ အလွတ်ကူးပြိုင်ပွဲများပါပါတယ်။ အမျိုးသမီးပြိုင်ပွဲအတွက် ကျွန်မနဲ့ ဘက်တီ ခင်ခင်ရီတို့ ၂ ဦးသာရှိတာမို့ အလွတ်ကူးနဲ့ ရင်ပေါင်တန်းကူးသာ ကျင်းပပါတယ်။

၁၉၆၆ ခုနှစ်ပွဲကို ဇန်နဝါရီလ ၃၀ ရက်​နေ့မှာ ကျင်းပခဲ့ပြီး၊ လူသစ်တန်းပြိုင်ပွဲများပါ ပါဝင်လာခဲ့ပါတယ်။ အမျိုးသားလူသစ်တန်းက​တော့ ကိုက် ၁၀၀ အလွတ်ကူးနဲ့ ရင်​ပေါင် တန်းကူး၊ အမျိုးသမီးက​တော့ ကိုက် ၃၃ (၁/၃) အလွတ်ကူးပြိုင်ပွဲများ ပါဝင်ပါတယ်။ အမျိုးသားများအတွက် ကိုက် ၁၀၀ ပွဲများ ဖြစ်ပြီး အချို့ကူးနည်းများအတွက် ကိုက်၂၀၀၊ ကိုက် ၄၀၀၊ ကိုက် ၈၀၀ တို့ ပါဝင်ပါတယ်။ အမျိုးသမီးပွဲမှာလည်း ကိုက် ၁၀၀၊ ကိုက် ၂၀၀ အလွတ်ကူး၊ ကိုက် ၁၀၀ ရင်​ပေါင်တန်းကူးနဲ့ ၆၆ ( ၂/၃) ကိုက်

ပက်လက်ကူးတို့ ပါဝင်ပါတယ်။ အမျိုးသမီး ပြိုင်ပွဲဝင် ၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၁၉၆၇ ခုနှစ်မှာ ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့တွင် ကျင်းပခဲ့ပြီး၊ ၁၉၆၈ ခုနှစ်ပြိုင်ပွဲက​တော့ ​ဖေ​ဖော်ဝါရီလ ၄ ရက်​နေ့မှာ ကျင်းပခဲ့ ပါတယ်။ ယခင်နှစ်များထက် ပြိုင်ပွဲဝင်သည့်သူ ပိုများလာပြီး၊ ပွဲစဉ်အသစ်များလည်း တိုးချဲ့ ကျင်းပခဲ့ကြပါတယ်။ အမျိုးသားဒိုင်ဗင်ပြိုင်ပွဲ ကို ၁၉၆၄ မှစတင်ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသမီး ဒိုင်ဗင်ပြိုင်ပွဲကိုမူ ၁၉၆၇ မှသာ စတင် ထည့်သွင်းနိုင်ခဲ့ပါတယ်။

တက္ကသိုလ်​ပေါင်းစုံ​ရေကူးပြိုင်ပွဲများ

တက္ကသိုလ်​ပေါင်းစုံ​ ရေကူးပြိုင်ပွဲကို ဒုတိယပညာသင်နှစ်ဝက် မိုးတွင်းကာလမှာ ကျင်းပ​လေ့ရှိပါတယ်။ ​ သထုံလမ်းကန်မှာ ရေကူးလမ်း​ကြောင်း ၆​ ကြောင်းသာရှိတဲ့ အတွက် ပြိုင်ပွဲဝင် ခြောက်ဦးကျော်တဲ့ ပွဲစဉ် တွေမှာ လူ​ရွေးပွဲကို အရင်ကျင်းပပါတယ်။ တာ​ဝေးပြိုင်ပွဲများဖြစ်​တဲ့ ကိုက် ၈၀၀ နဲ့ ကိုက် ၁၅၀၀ ပြိုင်ပွဲများကိုလည်း ကြားရက်မှာ ကျင်းပ​လေ့ရှိပါတယ်။ တာ​ဝေးပွဲများကို ၁၉၆၅ နဲ့ ၁၉၆၆ခုနှစ်များက သထုံလမ်းကန် မှာ ကျင်းပ​ပေမယ့် ၁၉၆၇ ခုနှစ်ကစပြီး အင်းယားကန်​ပေါင်မှာပဲ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ​ ရေကူးအဖွဲ့ချုပ်က သတ်မှတ်ခဲ့ တဲ့ စည်းမျဉ်းများအတိုင်း၊ ပွဲစဉ်တစ်ခုကို တက္ကသိုလ်တစ်ခုစီမှ ပြိုင်ပွဲဝင် နှစ်ဦး ယှဉ်ပြိုင်နိုင်ပြီး၊ တစ်ဦးချင်းပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တစ်ဦးက ပြိုင်ပွဲ ၃ ခုထက်ပိုပြီး ယှဉ်ပြိုင်ခွင့်မရှိပါ။ ထိုစဉ်က ​တက္ကသိုလ် အသီးသီးရဲ့ ရေကူး​လေ့ကျင့်ခြင်းများကို သထုံလမ်းကန်မှာ မနက် သို့မဟုတ် ည​နေ အချိန်များမှာ​ လေ့ကျင့်ကြသည်သာမက အမျိုးသားရေကူးကန်၊ ကုက္ကိုင်းရေကူးကန်၊ Orient Club ​ရေကူးကန် (ယခု ကန်​တော်ကြီး​ရေကူးကန်) မှာလည်း မိမိအစီအစဉ်နဲ့ ဖြစ်​စေ၊ အဖွဲ့လိုက်ဖြစ်​စေ ​လေ့ကျင့်ကြပါ တယ်။

၁၉၆၄-၆၅ ပညာသင်နှစ် ပြိုင်ပွဲများကို သြဂုတ်လ ၁ ရက်​နေ့မှာ ကျင်းပခဲ့ပါတယ်။ ကျွန်မတို့ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ( RASU) အ​နေနဲ့ အမျိုးသမီးအသင်းမှာ ​နောက်ဆုံးမှ သာ ပန်းဝင်ခဲ့ပြီး ​RASU အမျိုးသားအသင်းက​တော့ ပွဲစဉ်တိုင်းဝင်ပြိုင်နိုင်ပြီး ဆုတံဆိပ်များ ရရှိခဲ့ပါတယ်။ အမျိုးသမီးအသင်းကမူ ပွဲစဉ် တိုင်း ဝင်​ရောက်နိုင်ခြင်း မရှိတဲ့အတွက် ​ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုသာ ရခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲဝင်များဟာ လည်း တစ်ဦးချင်း ဆုတံဆိပ်ရရှိ​ရေးကို ပဓာန မထားဘဲ၊ မိမိတို့ တက္ကသိုလ်အသင်း အမှတ်များများရ​ရှိရေးအတွက် အားကစား စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ RASU အမျိုးသားပြိုင်ပွဲနဲ့ အမျိုးသမီးပြိုင်ပွဲ များအားလုံးမှာ ရရှိ​တဲ့ ရမှတ်များရဲ့ စုစု​ပေါင်း ရမှတ်ဟာ အခြားအသင်းတွေ ရမှတ်ထက် အများဆုံးရရှိခဲ့လို့ ၁၉၆၅ ခုနှစ်အတွက် တက္ကသိုလ်​ပေါင်းစုံ​ရေကူးပြိုင်ပွဲမှာ တံခွန်စိုက် ဒိုင်းဆု ရရှိခဲ့ပါတယ်။

အဲဒီနှစ်မှာ ဆရာများအတွက် ပြိုင်ပွဲ လည်း ကျင်းပ​ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူ အားလုံးကို​တော့ မမှတ်မိ​ပါ။ ကျွန်မတို့ RASU မြန်မာစာဌာနမှ လက်​ထောက်ကထိက ဦးစံတင်နဲ့ ​ဆေး(၁)မှ မော်ကွန်းထိန်း ဦးကျော်ခင်တို့ ပထမပူးတွဲရပါတယ်။ ​ဆေး(၁)မှ ​ဒေါက်တာမြင့်သိန်းလည်း ဝင်​ရောက် ယှဉ်ပြိုင်ပါတယ်။

ထိုနှစ် သြဂုတ်လ​နောက်ဆုံးပတ် စ​နေ​နေ့မှာ ကျွန်မတို့ရဲ့ ပါ​မောက္ခချုပ်ဆရာကြီး ​ဒေါက်တာ​မောင်​မောင်ခက သူ့ရဲ့နေအိမ်မှာ တံခွန်စိုက်ဒိုင်းရရှိခဲ့​တဲ့ ကျွန်မတို့ တက္ကသိုလ် ရေကူးအသင်းနဲ့ ​ဘောလုံးအသင်းကို ညစာ စားပွဲနဲ့ ဂုဏ်ပြုပါတယ်။ သင်္ချာပါ​မောက္ခ ဆရာကြီး ဦးဘတုတ်နဲ့ ဇနီး၊ ​ ရေကူး ဆပ်​ကော်မတီဥက္ကဋ္ဌ ရူပ​ဗေဒပါ​မောက္ခ ဆရာ ကြီး ဦးစံသာ​အောင်နဲ့ တက္ကသိုလ်အားကစား အရာရှိ ဆရာငြိမ်းတို့လည်း ပါကြပါတယ်။ တက္ကသိုလ်အနုပညာအသင်းမှ ပတ္တလားဆရာ တစ်ဦးနဲ့ အမျိုးသမီးအဆို​တော် နှစ်ဦးက လာ​ရောက်​ ဖျော်​ဖြေပါတယ်။ ဆရာခက ကိုယ်တိုင် တ​ယောထိုးပြီး၊ ဆရာခရဲ့ဇနီး အန်တီရူဘီ(Ruby)က သီချင်းဆိုပါတယ်။ ​ခေတ်​ဟောင်းသီချင်းများ သီဆိုကြပါတယ်။ ဆရာငြိမ်းက စစ်ကြို​ခေတ်က University Team​ ဘောလုံးပွဲနိုင်ခဲ့စဉ်က သီဆိုခဲ့ကြ​တဲ့ သီချင်းကို ဆိုပြပါတယ်။ ဆရာခက ကျွန်မတို့ အမျိုးသမီးများကိုလည်း ပါဝင်​စေလိုသဖြင့် “ခဏခဏ မကြာမကြာ ​ပြောဖူးပါတယ်၊ ​မောင့်ကိုသာ အချစ်ဆုံးကွယ်ဆိုတဲ့ သီချင်း​လေး​ရော မဆိုတတ်ဘူးလား”လို့​ မေးပြီး ကျွန်မတို့ကို ဖိတ်​ခေါ်ပါတယ်။

ကျွန်မက အင်းယားကန်ကို အမျိုးသား များနဲ့ တစ်​ယောက်တည်း ယှဉ်ကူးနိုင်​သော် လည်း လူစိမ်းများ​ရှေ့မှာ တစ်​ယောက်တည်း သီချင်းဆိုဖို့ သတ္တိမရှိပါ။ ဒါ​ပေမယ့် အဲ့ဒီညက ကျွန်မတို့ရ​တဲ့ ​​ခေတ်​ဟောင်း​တေးတွေကို သံပြိုင်​တော့ သီဆိုခဲ့ကြပါတယ်။ ကျွန်မ​တို့ အမျိုးသမီးများကို ကဖို့​တောင်းဆိုကြ​သော် လည်း မကရဲကြသဖြင့် ငြင်းဆန်ကြပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့ အသင်း ခေါင်းဆောင် မြန်မာ့လက်​ရွေးစင်​ ရေကူး သမား ကို​အေး​ကျော် (စနစ်​ဟောင်း B.Sc Final)က “ရန်ကုန်သူ သီချင်း”နဲ့ ကပြပါ​တော့ တယ်။ ညစာစားပွဲအပြီးမှာ အန်တီရူဘီ (Ruby)ကိုယ်တိုင် ကျွန်မတို့ အမျိုးသမီးတွေ ကို အိမ်တိုင်ရာ​ရောက် ပြန်ပို့​ပေးခဲ့ပါတယ်။

၁၉၆၅-၆၆ ပညာသင်နှစ် ရေကူးပြိုင်ပွဲကို​တော့ ဇူလိုင်လ​နှောင်းပိုင်းမှာ ကျင်းပပါတယ်။ ဆရာခနဲ့ ဆရာ ဦးစံသာ​အောင်တို့က ​ကျွန်မ တို့​ရေကူး​လေ့ကျင့်​နေတဲ့ သထုံလမ်းကန်ကို နေ့စဉ်လာရောက်ပြီး အား​ပေးပါတယ်။ အဲဒီ နှစ်က ကျွန်မဖခင် အ​ဝေး​ရောက်​နေချိန်ဖြစ်ပြီး မိခင်ကလည်း နှလုံး​ရောဂါ ခံစား​နေရ​တာ​ကြောင့် ဆရာဝန်က အနားယူခိုင်းထားတာမို့ ​ရေကူးကန်ကို သွား​ရောက် ​ရေကူး​လေ့ကျင့်ဖို့ အခက်အခဲရှိတာကို ဆရာခ သိရှိသွားတဲ့တွက် ​မော်ကွန်းထိန်း​ ဒေါ်စိန်စိန်ကို ကျွန်မ သွား​ရေး လာ​ရေး စီစဉ်ပေးဖို့ တာဝန်​ပေးပါတယ်။ အန်တီစိန်က သူ့ ရုံးကားနဲ့ နံနက် ၅ နာရီခွဲ အိမ်ကနေ လာကြိုဖို့နဲ့ နံနက် ၇ နာရီမှာ ရေကူးကန်ကနေ အိမ်ပြန်ပို့ဖို့ စီစဉ်ပေး ပါတယ်။

အဲဒီနှစ်ကလည်း ကျွန်မတို့ RASU နဲ့ ​ဆေး(၁)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါ တယ်။ ပွဲစဉ် အသစ်များလည်း ထပ်တိုးသလို အမျိုးသမီးပြိုင်ပွဲဝင်အင်အားလည်း တိုးလာ ခဲ့ပါတယ်။ ကျွန်မတို့ RASU က အမျိုးသမီး ပြိုင်ပွဲဝင် ၅​ ယောက်ပဲ ရှိပါတယ်။ ထိုအထဲက တစ်ဦးဖြစ်တဲ့ ​ကန်တစ်​ခေါက်ကူးနိုင်​တဲ့ ကျွန်မ အတန်း​ဖော်သူငယ်ချင်းကို ဒိုင်ဗင် ပြိုင်ပွဲဝင်နိုင်ဖို့ အ​ရေး​ပေါ်​လေ့ကျင့်​ပေးပြီး ပြိုင်ပွဲဝင်ခဲ့ကြရပါတယ်။ ဆေး(၁)မှ မြင့်မြင့် စိန်နဲ့ မီမီဇင်တို့ ပြိုင်ပွဲတိုင်း ပထမရရှိကြပါ တယ်။ မြင့်မြင့်စိန်က မြန်မာနိုင်ငံ​ရေကူး အဖွဲ့ချုပ်မှ ကျင်းပတဲ့ပြိုင်ပွဲများနဲ့ ၁၉၆၂-၆၃ ​ကျောင်း​ပေါင်းစုံ​ ရေကူးပြိုင်ပွဲများမှာ ဆုများစွာ ရရှိထားသူဖြစ်သလို ​ ဒိုင်ဗင်ပြိုင်ပွဲ မှာလည်း ဆုရရှိသူဖြစ်ပါတယ်။ ကျန်​ ဆေး (၁)အမျိုးသမီး ​ရေကူးသမားတွေကလည်း ကျွန်မတို့အသင်းမှ ​ ရေကူးသမားများထက် ပို​တော်ကြပါတယ်။ စီးပွား​ရေးတက္ကသိုလ်မှ ရင်ရင်မြင့်သည်လည်း ပွဲတိုင်းပထမရခဲ့ပါ တယ်။ ယမန်နှစ်ကလိုပဲ အမျိုးသမီးအသင်း က ​ငွေ နှစ်ခု၊ ​ကြေးတစ်ခုနဲ့ အလွတ်ကူးနဲ့ လေးမျိုးကူး လက်ဆင့်ကမ်းပြိုင်ပွဲနှစ်မျိုး စလုံးမှာတော့ စတုတ္ထနေရာကနေ မတက်​သေးပါ။ သို့​သော် ကျွန်မတို့ အမျိုးသမီးအသင်း အ​နေနဲ့ ဆုတံဆိပ်ရဖို့ အခွင့်အ​ရေးမရှိ​ကြောင်း သိ​သော်လည်း မိမိတို့တက္ကသိုလ် တံခွန်စိုက်ဒိုင်းရရှိ​ရေးအတွက် အမှတ်ပိုမိုရရှိ​အောင် တတ်နိုင်သည့်ဘက်မှ အားကစား စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့ကြ ပါတယ်။

ကျွန်မတို့ တက္ကသိုလ်အမျိုးသားပွဲစဉ်များ မှာတော့ အခြားတက္ကသိုလ်များနဲ့ ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရပြီး ပွဲတိုင်းမှာ ဆုတံဆိပ်များ ရရှိကြပါတယ်။ ပြိုင်ပွဲကျင်းပ​​နေစဉ်အတွင်း အသင်းလိုက်ရရှိကြ​တဲ့ အမှတ်တွေကိုလည်း အချိန်နဲ့တ​စ်ပြေးညီ ကြေညာ​ပေးလျက်ရှိ သဖြင့် ပြိုင်ပွဲများမပြီးခင်အထိ ​ဆေး(၁)က အမှတ်သာလိုက်၊ RASU က အမှတ်သာလိုက် ဖြစ်​နေပါတယ်။ ​ ပွဲစဉ်အားလုံး ပြီးဆုံးသွားတဲ့ နောက် နောက်ဆုံးရလဒ်မှာ ​ဆေး(၁) က RASU ထက် ၆ မှတ်အသာနဲ့ ၁၉၆၆ ခုနှစ် အတွက် ​ရေကူးတံခွန်စိုက်ဒိုင်းကို ရရှိသွား ခဲ့ပါတယ်။

ဝါတာပိုလိုဗိုလ်လုပွဲတွင် ​ဆေး(၁) နဲ့ စီးပွား​ရေးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါ တယ်။ စီးပွား​ရေးတက္ကသိုလ်အသင်းမှာ ရစ်ချက်ရှိန်၊ ကိုထင်​ကျော် (နိုင်ငံ​တော်သမ္မတ (ငြိမ်း))၊ ကိုမြင့်​သောင်း (ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီး (ကွယ်လွန်)) တို့လည်း ပါဝင် ကြပါတယ်။ ​ဆေး(၁)မှပင် အနိုင်ရသွားခဲ့ပါ တယ်။ ​ထိုစဉ်က ဆေး(၁) ရဲ့ အားကစားနည်းပြ က မြန်မာ့လက်​ရွေးစင် ဒိုင်ဗင်သမား ဦးသက်ဝင်း ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

-------------------------------

- အမည် ​အေးညွန့်ကြည်

- မွေးသက္ကရာဇ် - ၉-၈-၁၉၄၇

- ဇာတိ- ​ရန်ကုန်

- ပညာအရည်အချင်း Methodist English High School မှ (ယခု အ.ထ.က (၁) ဒဂုံ) ၁၉၆၄ တွင် တက္ကသိုလ်ဝင်တန်း​ အောင်မြင်ခဲ့ သည်။ B.Sc. (Industrial Chemi-try) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၁၉၆၈ တွင်လည်း​ကောင်း၊ M.Sc (Industrial Chemistry) ဘွဲ့ကို ရန်ကုန်တက္ကသိုလ် ၁၉၇၇ တွင် လည်း​ကောင်း ရရှိခဲ့ပါသည်။

- အလုပ်အကိုင် ၁၉၆၉ မှ ၁၉၈၆ အထိတွင် သရုပ်ပြ၊ လက်​ထောက် ကထိက ရာထူးများဖြင့် မော်လမြိုင်ကောလိပ်၊ ​ဆေး တက္ကသိုလ်(၁)၊ ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန်စက်မှုတက္ကသိုလ်တို့ ၏ ဓာတု​ဗေဒဌာနများတွင်လည်း​ကောင်း၊ ၁၉၈၆ မှ ၁၉၉၅ အထိ ကထိက၊ တွဲဖက်ပါ​မောက္ခရာထူး များဖြင့် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ် ဓာတု​ဗေဒဌာနတွင် လည်း​ကောင်း၊ ၁၉၉၅ မှ ၂၀၀၄ အထိ ပါ​မောက္ခ/ဌာနမှူးအဖြစ် ဒဂုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတု​ဗေဒဌာနတွင် လည်းကောင်း၊ ၂၀၀၄ မှ ၂၀၀၇ အထိ ပါ​မောက္ခ/ဌာနမှူးအဖြစ် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ် ဓာတု​ဗေဒဌာနတွင် လည်း​ကောင်း အသီးသီးတာဝန် ထမ်း​ဆောင်ခဲ့ပြီး ၂၀၀၇၊ ဒီဇင်ဘာ တွင် သက်ပြည့်အငြိမ်းစားယူခဲ့ ပါသည်။ တာဝန်ထမ်း​ဆောင်စဉ် ကာလအတွင်း ၁၉၉၀ မှ ၉၅ အထိ လည်း ရန်ကုန်တက္ကသိုလ်​ ရေကူး ဆပ်​ကော်မတီ ဥက္ကဋ္ဌတာဝန် ယူခဲ့ပါသည်။ အငြိမ်းစားယူပြီး​နောက်ပိုင်း ဆက်လက်၍ အချိန် ပိုင်းပါ​မောက္ခအဖြစ် ကုန်ထုတ် ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် တွင်လည်း​ကောင်း၊ ကုန်ထုတ် ဓာတု​ဗေဒဘာသာရပ်၏ သင် ကြား​ရေး အဖွဲ့ဝင်အဖြစ်လည်း​ကောင်း၊ ကုန်ထုတ်ဓာတု​ဗေဒ ဘာသာရပ်၏ ပါရဂူသင်တန်း ဦးစီး​ကော်မတီဝင်အဖြစ်လည်း​ကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ အဖွဲ့ဝင် ဖြစ်လည်း​ကောင်း တာဝန်ထမ်း​ဆောင်လျက်ရှိပါသည်။