စည်းကမ်းလိုက်နာမှ ဘေးကင်းကွာမည်

 

ကမ္ဘာတစ်ခွင် ယာဉ်မတော်တဆမှုများကြောင့် လူသန်းနှင့်ချီ၍
နှစ်စဉ်သေဆုံးပြီး သန်းပေါင်းများစွာ နှစ်စဉ်ဒဏ်ရာရလျက်ရှိသည်။ လူ့ပယောဂကြောင့် အဓိကဖြစ်ပွားနေရသော ယာဉ်မတော်တဆ မှုများ  လျော့နည်းပပျောက်သွားစေရန်   နည်းလမ်းများစွာဖြင့် အဖြေရှာ ကြိုးပမ်းဆောင်ရွက်နေစေကာမှု လျော့ကျသွားခြင်း မရှိဘဲ နှစ်စဉ်တိုးသည်ထက် တိုးလာနေပြီး ကမ္ဘာလုံးဆိုင်ရာ အလွန်ကြီးမားသည့်  ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေသည်ဟု ဆိုရာ ယာဉ်များ၊ လမ်းများနှင့်  မကင်းသူတိုင်း အလေးအနက် ဂရုပြုရန် လိုအပ်သည်။


လမ်းပေါ်မတော်တဆမှုများကြောင့် ထိခိုက်ဆုံးရှုံးများကို ဖွံ့ဖြိုးဆဲနိုင်ငံများက  အများဆုံးခံကြရသည့်အနက်  အာဖရိက နှင့် အရှေ့တောင်အာရှ‌ဒေသက အများဆုံးဖြစ်‌ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ တစ်ရပ်တွင် ဆိုထားသည်။ မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ယာဉ်အသုံးပြုမှုများ ပိုမိုတိုးတက် များပြားလာခြင်းနှင့်  တစ်ပြိုင်တည်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အစီအမံများ   ပြည့်စုံလုံလောက်စွာ   အချိန်မီဖြစ်ပေါ်မလာနိုင် ခြင်းတို့ကြောင့် ယခုကဲ့သို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကြီးထွားလာခဲ့ရခြင်းလည်းဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လစာရင်း ဇယားများအရ         မြန်မာနိုင်ငံတွင်       မှတ်ပုံတင်ပြီးသည့် မော်တော်ကားစီးရေ ၁၀၈၂၁၉၇ စီးရှိပြီး  ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်၊       ထော်လာဂျီအပါအဝင်     စက်တပ်ယာဉ်စီးရေ ၇၃၃၁၈၉၄ စီးရှိရာ လက်ရှိကာလတွင် အဆိုပါအရေအတွက်ထက် ပိုမိုနေမည်မှာ အသေအချာပင်ဖြစ်သည်။   ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှုအများဆုံးဒေသများတွင် အပါအဝင်ဖြစ်သော အရှေ့တောင်အာရှတွင်   မိမိတို့မြန်မာနိုင်ငံသည် ယာဉ်မတော် တဆမှုကြောင့်     သေဆုံး၊    ဒဏ်ရာရမှု   ဒုတိယအများဆုံး နိုင်ငံဖြစ်နေရာ   ယာဉ်စည်းကမ်း၊    လမ်းစည်းကမ်းလိုက်နာမှု၊ ယာဉ်မောင်းနှင်ရာတွင်     ဆင်ခြင်တုံတရားဖြင့်      ထိန်းသိမ်း မောင်းနှင်နိုင်မှုတို့ လိုအပ်လျက်ရှိသည်။


ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်     ကမ္ဘာလုံးဆိုင်ရာ ဆယ်စုနှစ်လှုပ်ရှားမှုကို   အကောင်အထည်ဖော်လျက်ရှိရာတွင် “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)၊ ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့် ယာဉ်သွားလာမှု  (Safer Road and Mobility)၊   ပိုမိုအန္တရာယ် ကင်းသောယာဉ်များ (Safety Vehicles)၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users) နှင့် ယာဉ်တိုက်ခိုက် မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု (Post-Crash Response)” ဆိုသည့်    မဏ္ဍိုင်ကြီး (၅) ရပ်ကို   ချမှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယဆယ်စုနှစ်ကာလအတွက် 12 Voluntary Targets ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။  အဆိုပါ  မဏ္ဍိုင်ကြီး (၅) ခုနှင့် ရည်မှန်းချက် (၁၂‌) ရပ်တို့၏ ရည်ရွယ်ချက်မှာ ၂၀၁၉ ခုနှစ်ကို အခြေပြု၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု များကို ၂၀၃၀ ပြည့်နှစ်တွင် ထက်ဝက်လျှော့ချနိုင်ရန်ဖြစ်သည်။


ယာဉ်မတော်တဆမှုများ၏ ၉၄ ရာခိုင်နှုန်းမှာ လူကြောင့်ဖြစ် ရာ ယာဉ်မောင်းသူတိုင်း၊ လမ်းပေါ်သွားလာသူတိုင်းက ကိုယ်စီ လိုက်နာထိန်းသိမ်း     ဆောင်ရွက်ကြခြင်းအားဖြင့်သာ      ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်အများစုတို့  လျော့ကျသွားနိုင်မည်ဖြစ် သည်။   ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းကို မလိုက်နာဘဲ၊ နားမလည်ဘဲ လမ်းမများပေါ် တက်ရောက်မောင်းနှင်နေကြခြင်း၊ လမ်းပေါ်သွားလာနေကြခြင်းတို့ မဆင်ခြင်နိုင်သမျှကာလပတ်လုံး ယာဉ်မ‌တော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှုအရေအတွက်တို့ တိုးနေမည်ဖြစ်ရာ   ယာဉ်နှင့်လမ်းအသုံးပြုသူတိုင်းက  စည်းကမ်း လိုက်နာ ဘေးကင်းကွာရေးအတွက် သတိပြုစောင့်ထိန်းနိုင်ကြ ရန် နှိုးဆော်အပ်ပါကြောင်း။      ။