အယ်ဒီတာ့အာဘော်
===========
စည်းကမ်းလိုက်နာရမည့်
နှလုံးသားမြို့တော်
============================
“အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မ သတိထားမိပါတယ်။ (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီး တော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုသည် ယခင် မတ်လ၊ ဧပြီလက ဖြစ်ပွားမှုနှင့် နှိုင်းစာလျှင် ပိုမိုမြန်ဆန်လာသည်ကို တွေ့ရ မည်ဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ၁၀၀ မက ပိုမိုများပြားနေသည်ကို နေ့စဉ် တွေ့မြင်နေရသည်။ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်အနိစ္စရောက်သူ ယခင်က ခြောက်ဦးရှိရာမှ ယခုအခါ ရှစ်ဦးထပ်တိုးပြီး စုစုပေါင်း ၁၄ ဦး ရှိသွားပြီ ဖြစ်သည်။ နောက်ထပ် ကွယ်လွန်သွားသူ ရှစ်ဦးတွင် နှစ်ဦးသည် အသက် အရွယ်ငယ်ရွယ်သူ၊ ရောဂါအခံမရှိသူ၊ အရွယ်ကောင်းလေးများဖြစ်သည်။ ရောဂါအခံရှိသူ၊ အသက်အရွယ်ကြီးသူများမှာ ဆိုဖွယ်ရာမရှိ အထူးသတိပြုဖို့ လိုမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ဃန်းကျွန်းမြို့နယ်သည် ရောဂါပိုး တွေ့ရှိသူ အများဆုံးဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် တွေ့ရှိရသည့် အတည်ပြုလူနာ ၉၈ ဦးအနက် သင်္ဃန်းကျွန်းမြို့နယ်မှ အတည်ပြုလူနာ ၇၃ ဦးတွေ့ခဲ့ရသည်မှာ စံချိန်တင်တွေ့ရှိမှုဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ သင်္ဃန်းကျွန်းမြို့နယ်မှ ကာရာအိုကေဆိုင်နှင့် သက်ဆိုင်ပေသည်။ ကာရာ အိုကေဆိုင်တွင် သီချင်းဆိုရာမှ ပျံ့နှံ့သွားသောကိစ္စဖြစ်သည်။ အလုံပိတ် အခန်းတွင် လူများစုဖွဲ့၍ သီချင်းဆိုခြင်းသည် ရောဂါပိုးပြန့်အောင်လုပ်နိုင် သည့် အထိရောက်ဆုံးနည်းဟု ဆိုရမည်ဖြစ်သည်။ ပိုးတွေ့လူနာများမှာ ကာရာအိုကေဆိုင် ဝန်ထမ်းအားလုံးဖြစ်ပြီး လာရောက်သီချင်းဆိုကြသူများ လည်းရှိမည်ဖြစ်သည်။
ကာရာအိုကေဆိုင်တွင် ရောဂါပိုး အစုလိုက်အပြုံလိုက် တွေ့ရှိမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၂ ရက်နေ့က ပြည်ထဲရေး၊ ခရိုင်အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အပြန်အလှန်ဆွေးနွေးစဉ် “ကန့်သတ်ထားသည့် ကြားမှ နိုက်ကလပ်များဖွင့်လှစ်ခြင်း စသည်တို့သည် များစွာတာဝန်မဲ့ပြီး ပြည်သူနှင့်နိုင်ငံအပေါ် စေတနာနည်းသည်ဟု သတ်မှတ်ရမည်ဖြစ်ပါ ကြောင်း၊ ယင်းတို့ကို တင်းကျပ်စွာ အရေးယူရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံကို ကာကွယ်ရမည်ဆိုသည့်စိတ်ဓာတ်ဖြင့် အရေးယူရမည်ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ ရပ်ရွာတည်ငြိမ်ရေးအတွက် ထားရှိခြင်းဖြစ်ပါကြောင်း၊ ပြည်သူများကို ဒဏ်ပေးရန်မဟုတ်ပါကြောင်း၊ သို့သော် ရပ်ရွာမတည်ငြိမ် သည့်ကိစ္စရပ်များ လုပ်ဆောင်မည်ဆိုပါက ယင်းသို့ အကျိုးဆက်များရှိမည်ကို နားလည်ရမည်ဖြစ်ပါကြောင်း”ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်၊ တားဆီးနိုင်ရန်အလို့ငှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး တွင်သာမက နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေသော KTV ဆိုင်များ၊ Night Club များကို ရှာဖွေစစ်ဆေးဖော်ထုတ်၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၁၁၈ ဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေသည် ကူးစက်ရောဂါ ဥပဒေထက် ပို၍ပြင်းထန်ပေသည်။ ထိုသို့ ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလတွင် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေစည်းကမ်းများသည် မလိုက်နာသော ပြည်သူများအား ဒဏ်ပေးရန် သက်သက်မဟုတ်ပေ။ လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှု၊ အေးချမ်းမှုကို ကာကွယ်ပေးနိုင်ရန်ဖြစ်သည်။ ရောဂါသည် အားလုံးသို့ ပြန့်ပွားသွားမည်ဆိုပါက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို များစွာထိခိုက်မှု ရှိမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုလည်း ပျက်သွားနိုင်ပေသည်။ ထို့ကြောင့် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာခြင်းဖြင့် နှလုံးသား၏မြို့တော် ရန်ကုန်မြို့ကြီးလည်း အေးချမ်းသာယာမည်ဖြစ်ပါကြောင်း။ ။