အယ်ဒီတာ့အာဘော်
==============
စည်းကမ်းလမ်းညွှန်ချက်များလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ
===========================================
စည်းကမ်းသည်လူ့တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ စသည့်ဆိုရိုး စကားများ ရှိကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများရပ်တန့်စေရန် ပြည်သူများအနေဖြင့် သက်ဆိုင်ရာများက သတ်မှတ်ထားသော စည်းကမ်းလမ်းညွှန်ချက်များကို လေးစားလိုက်နာခြင်းသည်သာ အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နည်းပင် ဖြစ်ပါသည်။
လက်ရှိအချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်မားနေသောကာလ ဖြစ်သည်။ ထိုကာလတွင် လူတန်းစား အလွှာအသီးသီးက မိမိတို့နှင့်ဆိုင်ရာစည်းကမ်းများကို တိကျစွာလိုက်နာခြင်း ဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယူဆပါသည်။
လူတန်းစားအလွှာအသီးသီးဟုဆိုရာတွင် ယခုရက်ပိုင်းအတွင်း မိမိသည် ပြည်ပမှပြန်လာသူလား၊ ပြည်တွင်းခရီး လှည့်လည်သွားလာခဲ့ဖူး သူလား၊ ဌာနဆိုင်ရာဝန်ထမ်းလား၊ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းလား၊ အိမ်တွင် Home Stay နေထိုင်သူလား စသည်ဖြင့်နေထိုင်လုပ်ကိုင်နေသူများကို ဆိုလိုရင်းဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် မိမိတို့နှင့်ဆိုင်ရာဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များကို ဆက်လက်လိုက်နာခြင်းဖြင့် မကြာမီ အတွင်း ကူးစက်မှုများရပ်တန့်ပြီး ကပ်ရောဂါဘေးမှ ကျော်ဖြတ်နိုင် မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုလေ့လာကြည့်ပါက ပထမပိုင်းတွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများထံမှ ကူးစက်မှုများ တွေ့ရပြီး ဩဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်းတွင် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိလာခဲ့သည်။ ပြည်ပပြန်များ၏ ကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပြည်တွင်းကူးစက်မှုများကို လက်ရှိအခြေအနေတွင် ထိန်းချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ရာတွင် အဓိကခက်ခဲမှုပြဿနာ မှာ ဗိုင်းရပ်စ်ပိုး၏သဘောသဘာဝပင် ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထား ရသူများ၏ ၇၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာမပြဘဲ သာမန်လူများအတိုင်း ရှိနေခြင်းက ကူးစက်မှုများပြားရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်နေသည်။ မိမိကိုယ်မိမိ ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးနေသူမှန်းသိမနေခြင်း၊ ရောဂါပိုး ဖြန့်ဖြူးသူဖြစ်နေခြင်းတို့ကြောင့် ကူးစက်မှုများပြားနေရခြင်းဖြစ်သည်။ မိမိတွင် ပိုးကူးစက်ခံထားရပါက ကိုယ်ခံစွမ်းအားကောင်းနေသမျှ မည်သည့် လက္ခဏာမျှမပြဘဲ ၁၄ ရက်ကျော်လျှင် အခြားသူသို့ ကူးစက်နိုင်မှုမရှိတော့ ကြောင်း လေ့လာချက်များက ဆိုသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ မကူးစက်ရန်အတွက် မိမိကစ၍ ကာကွယ်ပါဆိုသည့်အတိုင်း မိမိတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းတွင် တာဝန်ရှိလာသည်။ မည်ကဲ့သို့တာဝန်ရှိသလဲဟုမေးလျှင် မိမိတို့တစ်ဦးချင်း၊ တစ်ယောက်ချင်းက မိမိတွင်ရောဂါပိုးရှိသည်ဟု သတ်မှတ်ပြီး မည်သူနှင့်မျှ ထိတွေ့မှုမရှိဘဲနေထိုင်မည်ဆိုပါက ကူးစက်မှုများ အမြန်ဆုံးရပ်တန့်သွားပါ လိမ့်မည်။
သို့သော် လူတိုင်းသည် ထိုကဲ့သို့ လိုက်နာရန်ခက်ခဲပေလိမ့်မည်။ လူတိုင်းသည် တစ်လလောက် အလုပ်မလုပ်ဘဲ နေထိုင်စားသောက်နိုင်သော လူတန်းစားများ မဟုတ်ကြ။ နိစ္စဓူဝ ဝမ်းရေးအတွက်၊ နေရေးအတွက် ၊ တာဝန် အတွက် သွားလာလုပ်ကိုင်နေထိုင်ကြသူများက အများစုဖြစ်သည်။ ထို့ကြောင့် လူအချင်းချင်း ထိတွေ့နေရမည်၊ ပြောဆိုနေရမည်၊ သွားလာနေရမည် မှန်သော်လည်း ထိုကဲ့သို့ သွားလာနေထိုင်သောအချိန်များတွင် မည်ကဲ့သို့ နေထိုင်သွားလာ ရမည်ကို သက်ဆိုင်ရာများက စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။ ပြည်ပပြန်များကလည်း ၎င်းတို့နှင့်သက်ဆိုင်သော စည်းကမ်းလမ်းညွှန်များ၊ ပြည်တွင်းခရီးသွားရာဇဝင်ရှိသူများကလည်း မိမိတို့နှင့်ဆိုင်သော စည်းကမ်းလမ်းညွှန်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Home Stay နေသူများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများကလည်း မိမိတို့ ဆိုင်ရာဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်များကို လေးစားလိုက်နာခြင်း ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများ ရပ်တန့်သွားအောင် ပူးပေါင်းကူညီကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။