
စည်းကမ်းများကို လေးစားလိုက်နာ ကျင့်ဝတ်သိက္ခာကို စောင့်စည်းခြင်းဖြင့် …
ကိုထွန်းခင်
“ကျွန်တော် ရုံးတက်ပါတယ်။ ဘယ်အစိုးရကိုမှ ကိုယ်စား မပြုဘဲ နိုင်ငံ့ဝန်ကို ထမ်းပါတယ်။ ကျွန်တော့် ဘဏ် အကောင့်ထဲမှာ သိန်းရာချီမရှိတဲ့အတွက် ကျွန်တော် ရုံးတက်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင် မဟုတ်တဲ့အတွက် ကျွန်တော် ရုံးတက်ပါတယ်။ ကျောထောက်နောက်ခံ မိဘဆွေမျိုးနဲ့ ငွေအင်အားမရှိတဲ့အတွက် ကျွန်တော် ရုံးတက်ပါတယ်။ ကျွန်တော့်မိဘနဲ့မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ဖို့ ကျွန်တော် ရုံးတက်ပါတယ်။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ကျရာတာဝန် ထမ်းဆောင်ဖို့ ကျွန်တော် ရုံးတက်ပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဘဝပေးအခြေအနေနဲ့ အတွေး အခေါ်များအရ သင်တို့ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ဂုဏ်ယူပါတယ်” စသဖြင့် မကြာမီရက်ပိုင်းက လူမှု ကွန်ရက်စာမျက်နှာတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရေးသား ထားသည့် ပို့စ်တစ်ခုကို ဖတ်လိုက်ရသည်။
အဆိုပါ ပို့စ်နှင့် ဆက်စပ်ပြီး စဉ်းစားမိသည်မှာ နိုင်ငံ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍဖြစ်သည်။ သင်ရော နိုင်ငံ့ ဝန်ထမ်းတစ်ယောက်ဆိုလျှင် ရုံးတက်သင့်သည်ဟု ထင်မြင်ပါသလား။ အဖြေပေးရန်မလိုပါ။ စိတ်ခံစားချက် များနှင့် ယုံကြည်ချက်တို့သည် အမျိုးမျိုးပင် ကွဲပြား လိမ့်မည်ဖြစ်သည်။
သို့သော် နိုင်ငံတော်၏ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ် ရပ်တွင် တာဝန်ခန့်အပ်ခြင်းခံရသည့် ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ကြားခံဆက်သွယ်ပေးရမည့် သူများဖြစ်သည်။ အစိုးရ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် လိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းတို့ ဂရုပြုဆောင်ရွက်ရမည့် အချက်များ
ပြည်သူ့အတွက် ဝန်ဆောင်ပေးရသည့် ပြည်သူ့ ဝန်ထမ်းတစ်ဦးတွင် ထမ်းဆောင်ရမည့် တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့်စည်းကမ်းများ ရှိပြီး ပြည်သူတို့အတွက် ဝန်ဆောင်မှုများကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်ရန်၊ ပြည်သူကိုဗဟိုပြုပြီး ကျင့်ဝတ် သိက္ခာစောင့်ထိန်းသော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန်တို့မှာ နိုင်ငံ့ဝန်ထမ်း တို့ ဂရုပြုဆောင်ရွက်ရမည့် အချက်များပင် ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာ ကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေး ထား၍ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံ တော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲ သုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ ပါတီနိုင်ငံ ရေး ကင်းရှင်းခြင်း၊ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြည်သူကို ရိုသေ လေးစားခြင်းတို့သည် နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်များပင်ဖြစ်သည်။
ထို့အတူ နိုင်ငံ့ဝန်ထမ်းဟုဆိုလျှင် ရိုးဖြောင့်သူ၊ ဂုဏ် သိက္ခာရှိသူအဖြစ် အများ၏ လေးစားမှုကိုရရှိခဲ့ကြသလို နိုင်ငံ့ဝန်ထမ်းများ၏ သဘောထား၊ ခံယူချက်တို့သည် မှန်ကန်ဖြောင့်မတ်နေရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းအရေအတွက်သည် နိုင်ငံ လူဦးရေ၏ ၁ ဒသမ ၄ ရာခိုင်နှုန်းသာရှိရာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဖြစ်ရန် မှာ ရတောင့်ရခဲသော အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ အတွက် အလွန်အရေးပါလှရာ လူတစ်ဦးနှင့် ခိုင်းနှိုင်း ဥပမာပြရမည်ဆိုပါက လူ့ခန္ဓာကိုယ်အတွင်းရှိ အရေးကြီး သည့် အစိတ်အပိုင်းများဖြစ်သည့် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ သည်းခြေ၊ အဆုတ်တို့ သဖွယ်ပင်ဖြစ်သည်။ လူတစ်ဦး ကျန်းမာဖို့ရန် အိပ်စက်အနားယူရသော်လည်း ထိုအင်္ဂါအစိတ်အပိုင်းများသည် အနားယူချိန် အကြားအလပ် မရှိ အလုပ်လုပ်ကြရသည်။
လူတစ်ဦးအိပ်စက်နေချိန်တွင်လည်း နှလုံးခုန်နေပြီး နှလုံးခုန်ခြင်းသည် အသက်ရှင်နေသည်ကို ပြသနေခြင်းဖြစ် သည်။ ထို့ကြောင့် အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်း ဆောင်တာများသည် အကြောင်းတစ်ခုခုကြောင့် ပုံမှန် အလုပ်မလုပ်ဆောင်နိုင်သည့်အခါ ကျန်းမာရေး ချို့ယွင်း တော့မည်၊ လူတစ်ဦး နှလုံးခုန်ရပ်သွားသည့်အခါ အသက် သေဆုံးတော့မည် ဖြစ်သည်။
ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်ရမည်
ထိုကဲ့သို့ နိုင်ငံတစ်ခု၏ နှလုံးသည်းပွတ်နှင့်တူသော ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ပြည်သူ့ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကာ ကျင့်ဝတ်သိက္ခာစောင့်စည်းခြင်းဖြင့် နိုင်ငံတော်က အကောင်အထည်ဖော် နေသည့် လုပ်ငန်းယန္တရားကို ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သည်။
ယခုအခါ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေ အနေများကို အခွင့်ကောင်းယူကာ တိုင်းပြည်အကျိုး မလို လားသူများက ဝန်ထမ်းများကို ပစ်မှတ်ထားကာ ဝန်ထမ်း များ၏ စိတ်ဓာတ်နှင့်ခံယူချက် ပျက်ပြားအောင် စည်းရုံး လှုံ့ဆော်နေသည်။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူကဲ့သို့ သဘော ထားကာ ရုံးတက်နေသည့် နိုင်ငံ့ဝန်ထမ်းများကို ဓာတ်ပုံ ရိုက်၊ လူမှုကွန်ရက် စာမျက်နှာသို့ ဖြန့်ကာ မတော်မတရား စွပ်စွဲပြီး အရှက်ခွဲခြင်း၊ လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကိုလည်း ပြုလုပ်နေကြသည်။
ရင်ဆိုင်ကျော်လွှား
နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့ လှုံ့ဆော်သည့် အတိုင်း၊ ကြံစည်သည့်အတိုင်း ထမြောက်အောင်မြင်မှု မရှိရအောင် ထက်သန်ရဲရင့်သော ဘယ်သူဖျက်ဖျက်မပျက် သော ယုံကြည်ချက်တို့ဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ် သည်။ တွေ့ကြုံနေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို မိမိတို့ဘဝသမိုင်းတွင် မှတ်ကျောက်တင်သည့် စမ်းသပ် ချက်များအဖြစ် ရှုမြင်ပြီး မိမိတို့ ပါဝင်ဆောင်ရွက်ရ သည့်လုပ်ငန်းအပေါ် တန်ဖိုးထားမှု၊ စေတနာထားမှု၊ ရိုသေချစ်ခင်မှုများဖြင့် မိမိသမိုင်းကို မိမိတို့ ရေးကြရမည်။
နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းသည် တစ်သားတည်း ခွဲခြားမရနိုင်သလို နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးမှာလည်း နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်လိုက်နာရေး၊ စွမ်းဆောင် ရည် မြင့်မားတိုးတက်ရေးတို့နှင့် တိုက်ရိုက်အချိုးကျလျက် ရှိရာ မိမိတို့မိသားစု၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့လုပ်ငန်း ခွင် ထိုမှတစ်ဆင့် ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် မြော်တွေးကာ တော်တည့်မှန်ကန်သည့် စိတ်ဓာတ်အင် အားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့ နိုင်ငံ့ဝန်ထမ်း တို့၏ စွမ်းပကားဖြင့် ပူးပေါင်းပါဝင်ကြရန် ရေးသားတင်ပြ လိုက်ရပါကြောင်း။ ။
- Log in to post comments