၂၁ ရာစု ကမ္ဘာကြီး၏ အခင်းအကျင်းတွင် အင်ဒို-ပစိဖိတ်ရပ်ဝန်း က အင်အားကြီးတို့၏ အာရုံကျက်စားရာဖြစ်လာသည်။ မြန်မာ နိုင်ငံအဖို့မူ အာရှနိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် ပေါင်းကူးသဖွယ် ဆက်စပ်နေခြင်း၊ ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းသို့ တက်လှမ်း လာသည့် နိုင်ငံ၊ ကမ္ဘာ့လူဦးရေထူထပ်သိပ်သည်းမှု အများဆုံး နိုင်ငံတို့နှင့် နယ်နိမိတ်များ ထိစပ်နေခြင်း၊ အိန္ဒိယသမုဒ္ဒရာနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူလျက် ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်ထားခြင်း ဆိုသည့် ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက်များက မိမိတို့နိုင်ငံ အတွက် အဓိကလိုအပ်ချက်တစ်ရပ်ကို ပြဋ္ဌာန်းထားသည်။ ယင်း အချက်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားလူမျိုးများ အားလုံး တစ်ခဲနက်စည်းလုံးညီညွတ်ကြရန် လိုအပ်ချက်ပင် ဖြစ်သည်။
မြန်မာနိုင်ငံအတွက် မရှိမဖြစ်သည့် စည်းလုံးညီညွတ်ရေးကို ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များက ကြိုးပမ်းခဲ့ကြသည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၇၄ နှစ်တာကာလအတွင်း နိုင်ငံ၏တောင်ပေါ် မြေပြန့် ကမ်းရိုးတန်းစသည့် ဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် တစည်းတလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရမည့်အစား မယုံသင်္ကာသံသယများဖယ်ရှားရေး၊ အငြိုးအတေး အာဃာတ တို့ ကင်းစင်ရေးနှင့် နိုင်ငံတစ်စစီ မပြိုကွဲမပျက်စီးအောင် ထိန်းသိမ်းရေးတို့ကိုသာ ကာလတာရှည် ဆောင်ရွက်ခဲ့ရသည်။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံအုပ်စု များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှု၊ ခြိမ်းခြောက်မှုများ၊ သတင်းတု သတင်း ယောင်များနှင့် နိုင်ငံကိုလုပ်ကြံဖျက်ဆီးနေသည့် ပြည်ပလက်ဝေခံ မီဒီယာများ၏ ထုတ်လွှင့်မှုများကြောင့် နိုင်ငံ၏ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ စည်းလုံးညီညွတ်မှုတို့ ပျက်ပြားလျက်ရှိသည်။
ယင်းသို့သော ဒေသများတွင် ပြည်သူလူထုများအကြား အသိအမြင်လွဲမှားမှု၊ ကြောက်ရွံ့ထိတ်လန့်မှုများနှင့်အတူ အကြမ်း ဖက်သမားများ၊ အကြမ်းဖက်အဖွဲ့အစည်းများက ဝင်ရောက်နေရာ ယူကာ အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသတ်၊ မိုင်းထောင်၊ မီးရှို့၊ ဖောက်ခွဲ၊ တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။ ၎င်းတို့၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပြည်သူများ၏ သတင်းပေးပို့ မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိရာနေရာ များသို့ ဝင်ရောက်ဖမ်းဆီးရခြင်း၊ အပြန်အလှန်တိုက်ခိုက်ရခြင်း တို့ကို ဆောင်ရွက်ကြရသည်။ နယ်မြေဒေသအတွင်း အကြမ်းဖက် သမားများရှိနေခြင်းသည်လည်းကောင်း၊ နယ်မြေဒေသအတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက်လာခြင်းသည်လည်းကောင်း နယ်မြေဒေသ မတည်မငြိမ်မှုများ ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းပင်ဖြစ်သည်။ နောက်ကွယ်မှ ထောက်ပံ့ပေးကမ်း မှုများနှင့် သွေးထိုးမြှောက်ပင့်နေမှုများက အကြမ်းဖက်မှုများကို သက်ဆိုးရှည်ရုံမျှသာဖြစ်ပြီး ပြည်ပြေးတချို့အတွက်မူ အဓိက ဝင်ငွေရလမ်းပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုတို့ နေရာ ဒေသအားလုံးတွင် ရှိဖို့လိုသည်။ ဆူပူအုံကြွနေခြင်း၊ အကြမ်းဖက် တိုက်ခိုက်နေခြင်းတို့က နိုင်ငံအတွက် ကောင်းရာကောင်းကျိုး ဖြစ်လာမည်မဟုတ်။ ဆိုင်ရာနယ်မြေဒေသအဖို့လည်း တည်ငြိမ် အေးချမ်းမှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်။ နိုင်ငံအတွက်၊ ဒေသအတွက်၊ ဒေသခံပြည်သူများအတွက် အန္တရာယ်သက်သက်သာ ဖြစ်စေသည့် အကြမ်းဖက်မှုများကို ဆန့်ကျင်ပယ်ရှားရာတွင် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ် စွာ ပူးပေါင်းပါဝင်ကြရေးအတွက် တိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။ ။