စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

 

လွန်ခဲ့သည့်   ၇၅ နှစ်တာ  ကာလက   မြန်မာနိုင်ငံသည် လွတ်လပ် သည့် နိုင်ငံဘဝသို့ မရောက်သေး။  လွတ်လပ်ရေးရယူနိုင်ရန် အတွက် ကြိုးပမ်းရုန်းကန်နေကြရသည့်အချိန်ဖြစ်သည်။ ထိုစဉ်က စည်းလုံးညီညွတ်ခဲ့ကြပြီး မိမိတို့၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာ သိအောင် ပြသနိုင်ခဲ့သည့်အတွက် လွတ်လပ်ရေးရခဲ့သည်။

 


မျက်မှောက်ကာလ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ဆိုသည်နှင့် ပင်လုံညီလာခံ၊ ပင်လုံစာချုပ်တို့ကို မြင်ယောင်မိကြ သည်။ ပင်လုံညီလာခံသည် တောင်တန်းနှင့်  မြေပြန့်တို့  ပူးပေါင်း ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သော ညီလာခံဖြစ်သည်။

 

စည်းလုံး ညီညွတ်ရေး ဆွေးနွေးညှိနှိုင်းကြရာတွင် အနှောင့်အယှက်ကင်း ကင်း ရှောရှောရှူရှူ၊ လွယ်လွယ်ကူကူမဟုတ်ဘဲ ကျိတ်ပုန်းခုတ် သွေးခွဲခြေထိုးမှုများနှင့်   ပယောဂများ၊    သံသယများကြားမှ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ကြရခြင်းဖြစ်သည်။ ပင်လုံညီလာခံမတိုင်မီ တစ်နှစ်ခန့်ကတည်းကပင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာ၌ တောင်တန်းဒေသများကို    ချန်လှပ်ထားပြီး   ဘုရင်ခံ၏ လက်အောက်တွင်  ဒိုမီနီယန်အဆင့်အတန်းဖြင့်ထားရှိခြင်းကို လက်ခံရန် ဂဠုန်ဦးစောကဲ့သို့သော လက်ဟောင်းကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် အရာရှိများက ရှမ်းပြည်နယ်အတွင်း လှည့်လည်စည်းရုံးနေခဲ့ကြပြီး စော်ဘွားများ၊ ဒူဝါများကို သွေးထိုးခဲ့ကြသည်။

 


၎င်းတို့  သွေးထိုးခဲ့ကြသည့်  စကားအချို့က  ပဒေသရာဇ် အာဏာကို  မစွန့်လွှတ်လိုသည့် စော်ဘွားအချို့နှင့်  ဒူဝါအချို့ကို တွေဝေသွားစေခဲ့သည်။ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း၌   ရှေ့လျှောက်ပြီး  မိမိတို့ အတူတကွ အနာဂတ်ကို  ဘယ်လိုရင်ဆိုင်မလဲဆိုသည့်အချက်မှာ   အရေး အကြီးဆုံးဖြစ်ကြောင်း၊ ပြည်တွင်းရှိ ပြဿနာကို မိမိတို့အချင်းချင်း သာ ဖြေရှင်းယူရမှာဖြစ်ကြောင်း၊ အမြော်အမြင်မရှိသူ၊ အမြင်ကျဉ်း သူတွေက တောင်တန်းဒေသ၏ အကျိုးစီးပွားသည် မြန်မာနိုင်ငံ၏ ပြင်ပမှာရှိသည်ဟု      စိတ်ကူးယဉ်နေပုံရကြောင်း၊    သမိုင်း တစ်လျှောက်လုံးတွင် ပြည်မနှင့် တောင်တန်းဒေသများ ခိုင်မြဲစွာ လက်တွဲနေထိုင်လာခဲ့ကြသည့်အတိုင်း ယခုလည်း နေထိုင်လျက် ရှိကြောင်း ပြောကြားခဲ့ပြီး စည်းလုံးညီညွတ်သည့် မြန်မာနိုင်ငံ အဖြစ်   တည်ဆောက်ကြရမည်ဖြစ်ကြောင်း  အလေးအနက် ပြောကြားခဲ့ရာ  တိုင်းရင်းသားကိုယ်စားလှယ်များက နှစ်သက် လက်ခံခဲ့ကြသည်။

 


လွန်ခဲ့သည့်  ၇၅  နှစ်က  ပင်လုံတွင်  ပေါင်းစည်းခဲ့ကြခြင်း၊ စည်းလုံးညီညွတ်ခဲ့ကြခြင်းကြောင့်   ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ်   တည်ထောင်နိုင်ခဲ့သည်။   ပေါင်းစည်းခဲ့ကြရခြင်းသည် တကွဲတပြား တိုင်းငယ်ပြည်ငယ်ကလေးများအဖြစ် အင်အား ချည့်နဲ့မနေစေရန်ဖြစ်ပြီး စည်းလုံးညီညွတ်ခဲ့ကြခြင်းသည်လည်း အင်အားတောင့်တင်းခိုင်မာစွာဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရန်ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအနေဖြင့် စည်းလုံး ညီညွတ်မှုက အသက်ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စုသည် ဆက်လက်တည်ရှိနိုင်မည်မဟုတ်။ မျက် မှောက်ကမ္ဘာတွင် နိုင်ငံများသည်ပင် အထီးတည်းရပ်တည်နေ၍ မရဘဲ ပထဝီအနေအထားတူရာ၊ အကျိုးစီးပွားတူရာ၊ ကိုးကွယ် သည့် ဘာသာတရားတူရာ စသည်ဖြင့် တူရာတူရာ စည်းရုံးကြကာ အသင်း၊ အဖွဲ့၊ သမဂ္ဂများအဖြစ်  စုစည်းထားကြပြီး အရေးကြုံ လာသည့်အခါ တစ်စုတစ်စည်းတည်း ရင်ဆိုင်ဖြေရှင်းကြရသည်။ ကမ္ဘာ့နိုင်ငံရေး မြင်ကွင်းကျယ်ကို ကြည့်ပါက အင်အားကြီးနိုင်ငံ များနှင့် အထက်တွင်ဖော်ပြခဲ့သည့်  နိုင်ငံစုံအသင်းများ၊  နိုင်ငံစုံ အဖွဲ့များ၊   နိုင်ငံစုသမဂ္ဂများ၏  လှုပ်ရှားမှုများကိုသာ  အဓိက တွေ့မြင်ရမှာဖြစ်သည်။

 


ပစ္စက္ခမိမိတို့နိုင်ငံသည်   အင်အားတောင့်တင်းခိုင်မာရေး အတွက် တည်ဆောက်မှုများ များစွာပြုလုပ်ရန် လိုအပ်သည်ကို နိုင်ငံသူ  နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး သိရှိကြပြီး  ဖြစ်သည်။ နိုင်ငံအင်အားတောင့်တင်းရေးဟုဆိုရာတွင် စည်းလုံး ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ရန်နှင့် နိုင်ငံကြီးပွား ချမ်းသာရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ဖို့က အဓိကဖြစ်သည်။ တစ်ဖန် စည်းလုံးညီညွတ်မှ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှ လည်း စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းနိုင်မည်ဟူ၍ သတိပြု ကြရမည်ဖြစ်ပါကြောင်း။      ။