စည်းလုံးညီညွတ်သည့် ဟန်ချက်ညီသောပန်းတိုင်ဆီ

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး တန်းတူ ခံစားနိုင်မည့်  ရေရှည်တည်တံ့ခိုင်မြဲပြီး   ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို  ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသန္နိဋ္ဌာန်ကို အမှန်တကယ်ဖော်ဆောင်နိုင်ရန် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုမည်ဖြစ်သည်။


လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍   ဖြစ်ပွားလာသော   လက်နက်ကိုင် ပဋိပက္ခများကို  ယနေ့အချိန်ကာလအထိ အပြီးတိုင်ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ယင်းသည် တစ်ဦးနှင့်တစ်ဦး ရိုးသားစွာဖြင့် ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက် လိုသောစိတ်ဆန္ဒမရှိသောကြောင့်ဟု  ဆိုချင်သည်။  တစ်ဦးနှင့်တစ်ဦးအပေါ် မည်သို့ပင်သဘောကွဲလွဲသော်လည်း ယုံကြည်စိတ်ထားလျှင် ကြည်ကြည်လင်လင် လက်တွဲပူးပေါင်းနိုင်မည်ဖြစ်သည်။ မယုံကြည်စိတ်များထားရှိနေသမျှ အတူလက်တွဲ ဆောင်ရွက်ရန်မှာ အချည်းနှီးပင်ဖြစ်မည်။


အမုန်းတရားများ၊ အာဃာတများ၊ မယုံကြည်မှုများ၊ နားလည်မှု လွဲမှားမှုများ ကြောင့် ဖြစ်လာရသော လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်သည်။  မပြောင်းလဲနိုင်သည့်   ယုံကြည်ချက်၊   ခံယူချက်တို့ကို အသေဆုပ်ကိုင်ထားခဲ့ကြသည့် ပုဂ္ဂိုလ်များလည်း ဤလောကတွင် မရှိကြတော့ပြီ။ နောက်လူတို့လည်း ပဋိပက္ခသံသရာ၊ ဒုက္ခနွံတွင်း၌ ဆက်လက်ကျင်လည်နေကြ သည်။ မည်သို့ပင်ဖြစ်နေပါစေ မတူကွဲပြားသူတို့အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ကြရမည်ဖြစ်သည်။ 


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင် မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့်    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။   မငြိမ်းချမ်းသောဒေသများမှ တိုင်းရင်းသားပြည်သူများမှာ အေးချမ်းစွာနေထိုင်ရခြင်းမရှိပေ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိသမျှ   ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း မျှဝေခံစားနိုင်မည့်အခွင့်အလမ်း များ နည်းပါးနေဆဲဖြစ်သည်။


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များသည် ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒများဖြစ်၍ ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီး တစ်ခုကို နောင်မျိုးဆက်သစ်များအတွက် အမွေခံကောင်းအဖြစ် ချန်ထားပေးရ မည်ဖြစ်သည်။ သဘာဝသယံဇာတများ ပေါများကြွယ်ဝပြီး နေထိုင်ချင်စဖွယ်ကောင်း သော မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံး အတူလက်တွဲပြီး အမှန်တကယ်တည်ဆောက်ပေးနိုင်ပါက ကျွန်ုပ်တို့အားလုံး မျှော်မှန်းသည့်  လွတ်လပ်သော၊  ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုး တိုးတက်သော လူမှုအသိုက်အဝန်းကြီးတစ်ခု အမြန်ဆုံးပေါ်ပေါက်လာမည်ဟု ယုံကြည်ပါသည်။


နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့်ကဏ္ဍ အားလုံးကို နေရာဒေသအသီးသီးတွင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ခေတ်အဆက်ဆက်ဆန့်ကျင်လျက်ရှိသော   အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဟန့်အတားများဖြစ်ခဲ့သည်။ ထို့ကြောင့်ပြည်ထောင်စု ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးမှု မှန်သမျှအား ဖယ်ရှားနိုင်ရန် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။


မကြာမီကာလတွင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖော်ညွှန်းသက်သေထူခဲ့သော ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့်   စိန်ရတု ပြည်ထောင်စုနေ့သို့  ရောက်တော့မည်ဖြစ်သည်။    စိန်ရတုပြည်ထောင်စုနေ့ကို အလေးအနက်ပြုသောအားဖြင့် ငါတို့ပြည်ထောင်စုကြီး အဓွန့်ရှည်ရမည်၊   တည်တံ့ ခိုင်မြဲရမည်၊ ဖွံ့ဖြိုးတိုးတက်ရမည်ဟူသည့်  ခိုင်မာသောသန္နိဋ္ဌာန်ကို ချမှတ်ရမည် ဖြစ်သည်။


သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ယုံကြည်ပူးပေါင်းလက်တွဲ၍ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်နေသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး တန်းတူ ခံစားနိုင်မည့်  ရေရှည်တည်တံ့ခိုင်မြဲပြီး   ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရမည်ပါကြောင်း။        ။