စွန့်ပစ် ပလတ်စတစ်အမှိုက်ကို ဘယ်လို စီမံခန့်ခွဲကြမလဲ

Type

 

မေယု-မျိုးအောင် (MANA)

ကမ္ဘာ့ကုလသမဂ္ဂ  စားနပ်ရိက္ခာနှင့်  လယ်ယာစိုက်ပျိုးရေးအဖွဲ့(FAO)သည်  ကမ္ဘာ့လူသားသန်းပေါင်းများစွာတို့အား   အငတ်ဘေးမှ ကင်းဝေးရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန် နှစ်စဉ်  ကမ္ဘာကြီး၌ စားနပ်ရိက္ခာ(အစားအသောက်) တန်ပေါင်း ၁ ဒသမ ၃ ဘီလီယံသည် စွန့်ပစ်ပစ္စည်း အမှိုက်များအဖြစ် အလဟဿဖြစ်နေသည့် ဆိုးကျိုးကို မြင်တွေ့ခဲ့သည်။ စားနပ်ရိက္ခာ(အစားအသောက်) များမှ စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့်လည်း ကမ္ဘာ့လူဦးရေအတွက် နေ့စဉ် စားနပ်ရိက္ခာဖူလုံရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးတွင် ကြီးမားသော စိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ ၁၆၅ သန်းသော ငါးနှစ်အောက်ကလေးငယ်များသည် အာဟာရချို့တဲ့ခြင်းနှင့် စွန့်ပစ်ပစ္စည်း အမှိုက် ဖြစ်သွားမှုကြောင့် အစားအစာဖူလုံစွာ မစားသောက်ရခြင်းတို့ကို ကြုံတွေ့နေရပြီး ကမ္ဘာတစ်ဝန်း   နေ့စဉ် ခြောက်စက္ကန့်လျှင် ကလေးငယ် တစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း သိရသည်။
 

ပလတ်စတစ်အမှိုက်များ၏ အန္တရာယ်


ယနေ့ကာလတွင်   ပလတ်စတစ်အမှိုက်များ၏    အန္တရာယ်ကို တစ်ကမ္ဘာလုံးမှာ  ရင်ဆိုင်လာနေကြရသည်။ ၁၉၅ဝ ပြည့်နှစ်လောက်က စတင်အသုံးပြုခဲ့သော   ပလတ်စတစ်ပစ္စည်းများသည်   ယခုအခါ တန်ချိန် ၈ ဒသမ ၃ ဘီလီယံခန့် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်ဟု သိရ သည်။ ၎င်း ၈ ဒသမ ၃ ဘီလီယံတွင် ၉၁ ရာခိုင်နှုန်းသည် ပြန်လည် အသစ်ပြုလုပ်သုံးစွဲခြင်း မရှိခဲ့ပေ။ နှစ်ရာချီ၍၊ အချို့မှာ နှစ်ထောင်ချီ၍ တည်ရှိနေနိုင်သည်ဟုဆိုရာ ထိုအန္တရာယ်ကို လူသားတို့ ဆက်လက် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အမေရိကန် တစ်နိုင်ငံတည်းတွင် နှစ်စဉ် ပလတ်စတစ်အိတ် ဘီလီယံ ၁ဝဝ ခန့် သုံးစွဲနေပြီး အချိုရည်သောက်  သော  ပလတ်စတစ်ပိုက် သန်း ၅ဝဝ ခန့်ကို သုံးစွဲနေသည်။ ကမ္ဘာလုံး ဆိုင်ရာ   ကမ္ဘာ့ပတ်ဝန်းကျင်   စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ စာရင်းများအရ နှစ်စဉ် ပင်လယ်တွင်းသို့စွန့်ပစ်သော ပလတ်စတစ် အမှိုက်သည် တန်ချိန် ရှစ်သန်းခန့်ရှိသည်ဟု သိရသည်။


ပလတ်စတစ်များသည် နှစ်ကာလရှည်ကြာသောအခါ ပလတ် စတစ် အမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး ရေထုညစ်ညမ်းမှုနှင့် ပင်လယ်သတ္တဝါများကိုပါ ဆိုးကျိုးသက်ရောက်စေလျက်ရှိသည်ဟု သိရသည်။ ပလတ်စတစ်အိတ်ကို အစာထင်မှတ်၍ စားမိသော ရေနေ၊ ကုန်းနေ သတ္တဝါများ အရေအတွက်မှာလည်း ပိုမိုများပြားလာသည်။ ပလတ်စတစ်များသည် အဏ္ဏဝါသက်ရှိများအား ကြီးမားသော ခြိမ်း ခြောက်မှု ဖြစ်စေသည့်အပြင် အဏ္ဏဝါရေပြင်နှင့် ရေအောက်ကြမ်းပြင် များ၏ ဂေဟစနစ်များကို ညစ်ညမ်းမှုများ ဖြစ်စေတတ်သည်။ သမုဒ္ဒရာ အတွင်း ပလတ်စတစ်များကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်နေခြင်းသည် အဓိကအားဖြင့်    ပြည့်စုံကောင်းမွန်သော    အဏ္ဏဝါဂေဟစနစ်ကြီး တစ်ခုလုံး အချိတ်အဆက်မိမိ ရေရှည်တည်တံ့ရေးအတွက် စိုးရိမ် ပူပန်စရာတစ်ခုအဖြစ်  လက်ရှိတွင်  ကမ္ဘာတစ်ဝန်း  ရင်ဆိုင်နေကြရ သည်။


အရှေ့တောင်အာရှရှိ  နိုင်ငံများ၌  သုတေသနပြုလုပ်ထားချက် များအရ ငါးများ၏ အစာအိမ်အတွင်း ပလတ်စတစ် ပါဝင်မှုများမှာ ထိုင်းပင်လယ်ကွေ့အတွင်း ဖမ်းဆီးရမိသောငါးများ၏ ၆၅ ရာခိုင်နှုန်း တွင် တွေ့ရှိရသည်။ ကရုကမာနှင့် အခြားသော ကျောရိုးမဲ့သတ္တဝါ များနှင့် အင်ဒိုနီးရှားရေပြင်ရှိ ငါးနီတူငါးများ၏ ၈၉ ရာခိုင်နှုန်းတွင် လည်း အစာအိမ်အတွင်း ပလတ်စတစ်များ တွေ့ရှိရသည်။


ပင်လယ်ထဲမှ ပလတ်စတစ်အမှိုက်များ


ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ထုတ်ပြန်ချက်အရ ပင်လယ်အတွင်းသို့ ပလတ်စတစ်များ နှစ်စဉ် တန်ချိန် ရှစ်သန်းခန့် စီးဆင်းဝင်ရောက် နေခြင်းမှာ တစ်မိနစ်လျှင် အမှိုက်ထရပ်ကား တစ်စီးနှုန်းနှင့် ညီမျှ နေကြောင်း၊   ထိန်းသိမ်းခြင်းမရှိဘဲ   ဆက်လက်ဝင်ရောက်နေပါက ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်မိနစ်လျှင် အမှိုက်ထရပ်ကား နှစ်စီးနှင့် ၂၀၅၀ ပြည့်နှစ်တွင် တစ်မိနစ်လျှင် အမှိုက်ထရပ်ကား လေးစီးနှုန်းရှိသော ပလတ်စတစ်များ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပင်လယ်အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ပလတ်စတစ်အမှိုက်များ တည်ရှိမှု အချိုး အဆမှာ ၂၀၂၅ ခုနှစ်တွင် ငါး သုံးတန်လျှင် ပလတ်စတစ် တစ်တန်  ရှိနိုင်မည်ဖြစ်ပြီး ၂ဝ၅ဝ ဝန်းကျင်တွင်မူ ပင်လယ်အတွင်း ငါးတန်ချိန် ထက် ပလတ်စတစ်တန်ချိန်က ပိုမိုများပြားစွာ တည်ရှိနိုင်ကြောင်း တွက်ချက်ဖော်ပြထားသည်ကို တွေ့ရသည်။


ပလတ်စတစ်ကို အစာအမှတ်နှင့်ဝါးမိသော ငါးများနှင့် ရေနေ သတ္တဝါများ၏ အစာချေဖျက်သောစနစ်များ ပျက်စီးခြင်းကြောင့် ဝေလငါး၊ ပင်လယ်လိပ်များ အပါအဝင် ရေသတ္တဝါ တစ်သိန်းကျော် နှင့် ပင်လယ်ပျော်ငှက်ပေါင်း တစ်သန်း နှစ်စဉ် သေကျေပျက်စီးပြီး ရေနေသတ္တဝါ မျိုးနွယ်စုပေါင်း ၅ဝဝဝ ကျော် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ် ကျရောက်နေကြသည်ကိုလည်း ဝမ်းနည်းဖွယ် လေ့လာသိရှိ ရသည်။


ပလတ်စတစ် မြစ်ချောင်းများ


နေ့စဉ် မြို့ကြီး၊  ရွာကြီးများနှင့် စက်ရုံ၊ အလုပ်ရုံများက စွန့်ပစ် လိုက်သော အမှိုက်များကို စွန့်ပစ်ရန်မြေနေရာ အကန့်အသတ်ရှိခြင်း နှင့် စနစ်မကျသော အမှိုက်စွန့်ပစ်စနစ်များကြောင့် ပင်လယ်သမုဒ္ဒရာ ထဲသို့ အမှိုက်များသယ်လာသော ပလတ်စတစ်မြစ်ချောင်းများ ကမ္ဘာ အနှံ့တွင် ပေါ်ထွက်လာနေခြင်းသည် ဆန်းကြယ်သောဖြစ်စဉ်တော့ မဟုတ်ပေ။


ယန်ဇီမြစ်


အာရှတိုက်မှာ အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သလို ကမ္ဘာမှာ တတိယအရှည်လျားဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်သည် တရုတ်နိုင်ငံ၏ လူဦးရေထူထပ်သော မြို့များဖြစ်သည့်  ရှန်ဟဲမြို့(လူဦးရေ ၂၂ သန်း)၊ ဝူဟန်မြို့(လူဦးရေ ၉ ဒသမ ၈ သန်း)နှင့် ချုံကွင်းမြို့(လူဦးရေ ၇ ဒသမ ၅ သန်း)တို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြစ်ကမ်းတစ်လျှောက်၌ တရုတ်နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော သန်းပေါင်း ၄၈၀ မှီတင်း နေထိုင်ရာ မြစ်ကြီးတစ်စင်းဖြစ်သည်။ မဂ္ဂဝပ် ၂၂၅ဝဝဝ ထုတ်လုပ် နိုင်သည့်  ကမ္ဘာ့အကြီးဆုံး   ရေအားလျှပ်စစ်စီမံကိန်းကို  ယန်ဇီမြစ် ပေါ်တွင်      တည်ဆောက်ထားပြီး      လျှပ်စစ်ဓာတ်အားထုတ်လုပ်ခဲ့ သည်။


၂၀၁၂ ခုနှစ်မှစ၍ ယန်ဇီမြစ်ရေ အရည်အသွေးကျဆင်းခဲ့ကာ မြစ်ကမ်းတစ်လျှောက် ဝက်မွေးမြူရေးခြံများ၊ နေရောင်ခြည်ကာကွယ်ရန် ပျိုးပင်၊ သီးနှံစိုက်ခင်းများကို ဖုံးအုပ်ထားသော ပလတ်စတစ် အမိုး အကာများ၊ ဓာတုစက်ရုံများကြောင့် ယန်ဇီမြစ်ရေ ညစ်ညမ်းလာခဲ့ ခြင်းဖြစ်ပြီး ၂၀၁၂ တွင် ချုံကွင်းမြို့ကိုဖြတ်စီးနေသော မြစ်ရေသည် အနီရောင် ပြောင်းသွားခဲ့သည်။


၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာ တရုတ်နိုင်ငံ၏ အိမ်တိုင်ရာရောက် အစားအသောက်ပို့သောစနစ်(Delivery Service)သည်  တစ်ခါသုံး ပလတ်စတစ်အိတ်ပေါင်း ၁၄ ဘီလီယံ၊ တစ်ခါသုံးဘူးခွံ သန်း ၆၀ နှင့်  ပြန်သုံး၍မရသော ရေပုလင်းခွံ ၆၈ ဘီလီယံကို သုံးစွဲပြီး ၈၀ ရာခိုင်နှုန်း ထက်မနည်းကို မြစ်ချောင်းများထဲသို့  စွန့်ပစ်ခဲ့ကြသည်။ ယန်ဇီမြစ် မျက်နှာပြင်၌ ပျမ်းမျှ တစ်ကုဗမီတာတွင် မိုက်ခရိုပလတ်စတစ်အမှိုက် အစပေါင်း ၄၁ဝဝ ပါဝင်နေသည်ကို လေ့လာတွေ့ရှိရသည်။ မြစ်ကမ်း တစ်လျှောက် လူနေမှုထူထပ်လာပြီး တိုးချဲ့လာသော စက်ရုံ၊ အလုပ်ရုံ များနှင့်   စွန့်ပစ်ပစ္စည်းအပေါ်  စီမံခန့်ခွဲမှု  ညံ့ဖျင်းသော  ဒေသများမှ ထွက်ပေါ်လာသော ညစ်ညမ်းပလတ်စတစ်များကို တွေ့ရှိရမည်ဖြစ် သည်။


အိန္ဒုမြစ်


ပါကစ္စတန်နိုင်ငံ၏ အရှည်လျားဆုံးမြစ်ဖြစ်သော အိန္ဒုမြစ်သည် အိန္ဒိယနိုင်ငံကို  ဖြတ်သန်းစီးဆင်းပြီး  အာရေဗီယန်ပင်လယ်ထဲသို့  စီးဝင်သည်။  ပါကစ္စတန်နိုင်ငံ၏  အသက်ဖြစ်သော  အိန္ဒုမြစ်သည် လူသန်းပေါင်းများစွာ၏ သောက်သုံးရေကို ဖြည့်ဆည်းပေးသော ရေ သိုက်ကြီးဖြစ်သကဲ့သို့ စိုက်ပျိုးရေးနှင့် စက်မှုအလုပ်ရုံများ အားထားရာ မြစ်ကြီးလည်းဖြစ်သည်။ တောင်အာရှ၌ အိန္ဒိယနိုင်ငံပြီးလျှင် ပလတ် စတစ် အများဆုံးထုတ်လုပ်သော ပါကစ္စတန်နိုင်ငံမှာ ပလတ်စတစ် စက်ရုံပေါင်း ၆ဝဝဝ ကျော်ဖြင့် ပလတ်စတစ်အိတ်ပေါင်း ၅၅ ဘီလီယံ အပါအဝင် ပလတ်စတစ်ပစ္စည်း အမျိုးစုံ တန်ချိန် ၆၂၄ဝဝဝ ကျော်ကို နှစ်စဉ် ထုတ်လုပ်လျက်ရှိသည်။
ပလတ်စတစ်အမှိုက်များကို ပြန်လည်သုံးစွဲခြင်း၊ မြေမြှုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မီးရှို့ခြင်း မလုပ်ဘဲ မြစ်အတွင်း စွန့်ပစ်သဖြင့် အိန္ဒုမြစ်သည် ပင်လယ်သမုဒ္ဒရာထဲ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် ၁၆၄ဝဝဝ ကျော် သယ်ယူပို့နေသော မြစ်ကြီးတစ်စင်း ဖြစ်နေသည်။


ဂင်္ဂါမြစ်


အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဆက်နွှယ်နေပြီး လူသန်းပေါင်း ၅ဝဝ  အတွက်  ရေလိုအပ်ချက်ကိုလည်း  ဖြည့်ဆည်းပေးနေသော မြစ်ကြီးတစ်စင်းမှာ ဂင်္ဂါမြစ်ဖြစ်သည်။ လူဦးရေ တစ်သိန်းကျော်သော မြို့ပေါင်း ၁ဝဝ နှင့် လူဦးရေတစ်သိန်းအောက် မြို့ကြီး ၁၅ဝ ကျော်ကို ဖြတ်သန်းစီးဆင်းနေသော ဂင်္ဂါမြစ်သည် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု လိုအပ်ချက်ရှိခြင်းကြောင့်လည်းကောင်း၊ မြစ်လက်တက်များထဲမှ တစ်ခု ဖြစ်သော  ပန်ဒုမြစ်(Pandu)တွင်  သားရေစက်ရုံ၊  အထည်အလိပ် စက်ရုံ၊ သားသတ်ရုံ၊ ဆေးရုံများမှ စွန့်ပစ်သောအမှိုက်များ၊ ရေဆိုးများ   ထားခြင်းကြောင့်လည်းကောင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံမှ နှစ်စဉ်စွန့်ပစ်သော ပြာတန်ချိန် နှစ်သိန်းကျော် ကြောင့်လည်းကောင်း မြစ်ကိုညစ်ညမ်းစေလျက်ရှိသည်။ 


ကွယ်လွန်သွားသူများကို ဂင်္ဂါမြစ်ကမ်း၌ မီးသင်္ဂြိုဟ်လျှင် မြင့်မြတ် သောဘုံသို့   ရောက်စေနိုင်သည်ဆိုသော   ရှေးရိုးအယူရှိသူများက နှစ်စဉ် ထောင်သောင်းမက မီးသင်္ဂြိုဟ်သော ရုပ်ကြွင်းနှင့် ပြာများသည် လည်း ဂင်္ဂါမြစ်ကို ပိုမိုညစ်ညမ်းစေသည်။ အာရှတိုက်၌ ပလတ်စတစ် ကုန်ပစ္စည်း အများဆုံးထုတ်လုပ်သော အိန္ဒိယနိုင်ငံတွင် နေ့စဉ် ဂင်္ဂါ မြစ်ထဲသို့ ပလတ်စတစ်အမှိုက် ၃၁၅ တန်ကိုလည်း စွန့်ပစ်နေသည်။ 


ထို့ကြောင့်  အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဦးဆောင်ပြီး  ပြည်နယ်ဝန်ကြီး ချုပ်များပါဝင်သော  အမျိုးသားအဆင့် ဂင်္ဂါမြစ်ဝှမ်း အာဏာပိုင်အဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်း၍  ကမ္ဘာ့ဘဏ်မှထောက်ပံ့ပေးငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံဖြင့် မြို့ပြများ စွန့်ပစ်ရေများ ပြန်လည်သန့်စင်ရေး စီမံကိန်းအပါအဝင် ဂင်္ဂါမြစ်ရေ ပြန်လည်သန့်စင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရသည်။ တစ်ခါသုံး ပလတ်စတစ် ထုပ်ပိုးပစ္စည်း များကို တားမြစ်သကဲ့သို့ ပလတ်စတစ်ကုန်ပစ္စည်းများကို  ပြန်လည် သုံးစွဲရန် ညွှန်ကြားခဲ့သည်။  တစ်ခါသုံးရေပုလင်းနှင့် ရေထည့်သည်ကို တားမြစ်ပြီး အားကစားသမားများအားထောက်ပံ့သော သောက်ရေကို ပလတ်စတစ်ဘူးအစား  စတီးလ်ရေဘူးများဖြင့်   ပေးဝေခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်မှာ ပလတ်စတစ်အမှိုက် တန်ချိန် ၁၂၀ လျှော့ချနိုင်ခဲ့သည်။


ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေတစ်ခုတွင်လည်း ၁၀ ကီလိုမီတာခန့် ရှည်သည့်  အမှိုက်များ  မျောပါနေသည်ကို  တွေ့ကြရာမှ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အလန့်တကြားဖြစ်ကုန်ကြသည်။ ပလတ် စတစ်အမှိုက်များ၏ ပြဿနာသည် အခြားသော ကမ္ဘာ့ပတ်ဝန်းကျင် ပြဿနာများကဲ့သို့ စိုးရိမ်စရာကောင်းသည့်အခြေအနေတွင် ရောက်ရှိ နေသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။


မြို့တော်ရန်ကုန်နှင့် အမှိုက်များ


ရန်ကုန်မြို့ရှိ မြို့နယ်တို့မှ နေ့စဉ်စွန့်ပစ်သော အမှိုက်များ  လျော့ နည်းလာစေရန် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားခြင်းနှင့် ပြန်လည် အသုံးပြု၍ရသော အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်းဖြင့် အမှိုက်ထွက်ရှိ မှုကို လျှော့ချသွားရန် လိုအပ်ကြောင်းနှင့် လက်ရှိအချိန်တွင်  မြို့နယ် အသီးသီးမှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၂၅ဝဝ ခန့်ကို စည်ပင် သာယာက သိမ်းဆည်းလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော စွန့်ပစ်ပစ္စည်းများကို တစ်ရက်လျှင် တန် ၃၀ မှ ၅၀ အထိ သိမ်းဆည်း လျက်ရှိရာ  ယခုကာလတွင်   စည်ပင်သာယာဝန်ထမ်းများအနေဖြင့် အမှိုက်များကို သိမ်းဆည်း၊ ပို့ဆောင်၊ မီးရှို့ဖျက်ဆီးမှုများကို နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


စွန့်ပစ်အမှိုက်များကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသို့  နေ့စဉ် ပို့ဆောင်လျက်ရှိပြီး အမှိုက်ထားသိုမှုပုံစံအတွက် ဂျပန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သည့် သုံးနှစ်စီမံကိန်းကို ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကာ ထိုစွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်နိုင်ရန် အတွက် Time aid credit ကို ပိုလန်နိုင်ငံနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။


လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံတွင် အမှိုက်များသောကြောင့် ၂၀၁၈ ခုနှစ်  ဧပြီ ၂၁ ရက်မှ  ၂၄  ရက်အထိ    မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးများ ရန်ကုန်မြို့ထဲသို့ လွင့်ပျံ့ခဲ့သည်။ မြေပြင်တွင် မီးကို အချိန်ပေး ငြှိမ်းသတ်ခဲ့ရပြီး လေထုအတွင်း အန္တရာယ်ကင်းဝေးစေရန်လည်း ထိုင်း နိုင်ငံမှ ပညာရှင်များဖြင့် လေထုတိုင်းတာရေးလုပ်ငန်းများကို လုပ် ဆောင်ခဲ့သည်။ ရန်ကုန်မြို့ကြီးကို ပတ်လည်ဝိုင်း၍  စီးဆင်းနေသော ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ် စသည်တို့အပြင် ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း စသည်တို့၏ ချောင်းစပ်ကမ်းနားများကို တစ်ခါ တစ်ခေါက် အလည်ရောက်၍ ကြည့်လိုက်မည်ဆိုပါက အမှိုက်သရိုက်၊ ဒိုက်ပေါင်းစုံတို့ဖြင့် မလှပသော မြင်ကွင်းပေါင်းစုံတို့က သင့်ကို ဆီးကြို နေပါလိမ့်မည်။ 


ရန်ကုန်မြို့သူ မြို့သားတို့၏ မကျန်းမာရေးကို အထောက်အကူပြု နေသည်ကား မြို့တော်အတွင်း နေရာအနှံ့အပြားတွင် ရှိနေကြသည့် မြို့ကျက်သရေဆောင် အမှိုက်ပုံကြီး/ငယ်များပင် ဖြစ်သည်။ ရန်ကုန် မြို့တော်အနှံ့တွင် တစ်ချိန်က အမှိုက်ပုံနေရာများကို သတ်မှတ်ပေးထား ခဲ့ဖူးသည်။  စည်းကမ်းမဲ့ပြည်သူတို့က အမှိုက်ပစ်ရာတွင် အမှိုက်ပုံ ရှိရာသို့ ရောက်အောင်မသွားကြတော့ဘဲ အမှိုက်ပုံအနီးသို့ အရောက် မှာပင် အမှိုက်တွေကို ဝဲ၍ပစ်ခဲ့သဖြင့် အမှိုက်ပုံအနီးတစ်ဝိုက်တွင် အမှိုက်များ ပြန့်ကြဲလျက် ယင်ကောင်တရုန်းရုန်း၊ ခွေးတွေတဝုန်းဝုန်း၊ အနံ့တထောင်းထောင်းဖြင့် မြင်မကောင်း ရှုမကောင်းဖြစ်ကာ “ဤ နေရာတွင် အမှိုက်မပစ်ရ” ဆိုင်းဘုတ်ထောင်သော်လည်း ဆိုင်းဘုတ်ပါ  အမှိုက်ပုံအောက်သို့ ရောက်သွားသည်။


ယခုအခါ မြို့နယ်အများစုမှ လမ်းဆုံလမ်းခွများတွင် အမှိုက်ပုံးများ ထားရှိလာပြီး အချိန်မှန်မှန် အမှိုက်သိမ်းသဖြင့် အထိုက်အလျောက် သန့်ရှင်းမှုရှိလာသည်။  သို့သော်  လူအချို့က  အမှိုက်ပုံးများရှိရာသို့ သွားမပစ်ဘဲ ကြုံရာနေရာများတွင် အမှိုက်ပစ်ကြသဖြင့် အတွင်းလမ်း များတွင် အမှိုက်ပုံငယ်များ အပုံပုံ၊ အစုအစုဖြင့် မြင်တွေ့နေရသေးသလို အပေါ်ထပ်     တိုက်ခန်းများတွင်      နေထိုင်ကြသူများက     နောက်ဖေး လမ်းကြားထဲသို့ အမှိုက်ပစ်ချနေကြသည်များမှာလည်း ပညာပေး၍ မဆုံးနိုင် ဖြစ်နေသည်။


ရန်ကုန်မြို့တော်ကြီးကို စီးပွားရေးမြို့တော်အဖြစ်လည်းကောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော မြစိမ်းရောင်မြို့တော်(Green City) အဖြစ် လည်းကောင်း၊ ဂုဏ်ယူစရာမြို့တော်အဖြစ်လည်းကောင်း ရည်မှန်း ဆောင်ရွက်နေသည်ဆိုလျှင် ထိန်ပင်အမှိုက်ပုံမီးလောင်သည့် ပြဿနာ သည်  အနာဂတ်ဖွံ့ဖြိုးရေးအတွက်  အချက်ပေးခေါင်းလောင်းသံဟု မှတ်ယူနိုင်သည်။ 


အမှိုက်မြို့တော် ဖြစ်မလာစေရန်

 


ရန်ကုန်မြို့တော်နေ   လူဦးရေ   ခုနစ်သန်းခန့်မှ တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန်ချိန်ပေါင်း ၂၅ဝဝ ခန့် ထွက်ရှိနေရာ အလွယ်တကူ ဆွေးမြည့်သွားခြင်းမရှိသော ပလတ်စတစ်အမှိုက်များက ပြဿနာ ဖြစ်စေခြင်းဖြစ်သည်။ ထိန်ပင်အမှိုက်ပုံကို ၂၀၀၁ ခုနှစ်က စတင်အသုံး ပြုခဲ့ပြီး  ယင်းမတိုင်ခင်က  အလုံနှင့်  မအူကုန်း  အမှိုက်ပုံများသည် အလိုအလျောက်  ဆွေးမြည့်သွားခဲ့ခြင်းကြောင့်   ယခုအခါ   လူနေ ရပ်ကွက်များအဖြစ် ဖန်တီး၍ရခြင်းဖြစ်သည်။


ပလတ်စတစ်အမှိုက်များကို    လျှော့ချနိုင်ရန်အတွက်   ၁၉၇ဝ၊ ၁၉၈၀ ပြည့်နှစ် ကာလများကကဲ့သို့ ပစ္စည်းများထုပ်ပိုးရာတွင် စက္ကူ၊ အင်ဖက်၊ ကြာဖက်များ အသုံးပြုခြင်းကို ပြန်လည်အားပေးရန် လိုအပ် သည်။ စားသုတ်သုတ်၊ သွားသုတ်သုတ်ဖြစ်သော ရန်ကုန်၊ မန္တလေးလို မြို့ကြီးများတွင် အခက်အခဲရှိနိုင်သော်လည်း မြို့နယ်များနှင့် နယ်များ တွင် ထိုအလေ့အကျင့်ကို ပြန်လည်ပျိုးထောင်၍ ရနိုင်ပါသေးသည်။ ကားကောင်းကားသန့်များကို    စီးနေကြသည့်   အမျိုးကောင်းသား၊ အမျိုးကောင်းသမီး၊ မြို့ကြီးသူ မြို့ကြီးသားများကလည်း မိမိတို့စီးနေ သည့်ကားကိုမှ အားမနာ ကားပေါ်မှ အမှိုက်ပစ်ချတတ်ကြသည်။ ဘတ်စ်ကားယာဉ်မောင်းများက  ကွမ်းစားပြီးလျှင်   ကွမ်းတံတွေးကို ပလတ်စတစ်အိတ်ကလေးဖြင့်ခံ၍ ထွေးကြသော်လည်း အငှားယာဉ် မောင်းအချို့ကမူ  မီးပွိုင့်တွင်ရပ်နေစဉ်  ကားတံခါးလေး  အသာဖွင့်၍ ကွမ်းတံတွေး ထွေးကြပြန်သေးသည်။


ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ပိုများလာသည်က အမှန်ဖြစ်သကဲ့သို့ ယခုကဲ့သို့ မိုးရာသီတွင် ရေမြောင်းများ ပိတ်ဆို့ကာ ဒုက္ခရောက်ကြရခြင်းမှာလည်း  အမှိုက်များကြောင့်  အများစုဖြစ်ရာ ပြည်သူများနှင့် ဆွေးနွေးအဖြေရှာကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့တော်အား အမှိုက်မြို့တော်ဖြစ်လာမည့် အရေးမှ   အချိန်မီကယ်တင်နိုင်ကြရန်   လိုအပ်ပါကြောင်း   တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။