လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် မြို့ပြများ ဖွံ့ဖြိုးလာခဲ့သလို စီးပွားရေးတိုးတက်မှုနှင့် စက်မှု ကုန်ထုတ်လုပ်ငန်းများလည်း လျင်လျင်မြန်မြန် တိုးတက် ဖြစ်ထွန်းလာခဲ့သည်။ ယင်းတိုးတက်ဖြစ်ထွန်းမှုများနှင့် အတူ ဟန်ချက်ညီသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမှာမူ ဖွံ့ဖြိုး မလာဘဲ စိန်ခေါ်မှုများအဖြစ်သာ ကြုံတွေ့လာကြရသည်။
မြို့တော်နှင့်တကွ မြို့ကြီးများ၊ မြို့နယ်အဆင့် စည်ပင် သာယာရေးအဖွဲ့များတွင် စွန့်ပစ်ပစ္စည်းဆိုင်ရာ စနစ်ကျ သည့် စီမံခန့်ခွဲမှုများမရှိဘဲ အထိန်းအကွပ်မဲ့ စွန့်ပစ်ကြခြင်း အားဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ လဟာပြင်များတွင်ပါ စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့ကို မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာသည့် ညစ်ညမ်းမှုများ၊ လေထု၊ ရေထု၊ မြေပြင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ စွန့်ပစ်ပစ္စည်း ဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက်များက မြို့ရွာပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့်အပြင် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးတို့အပေါ်တွင် လည်းကောင်း၊ ခရီးသွားလုပ်ငန်းကဲ့သို့သော စီးပွားရေးကဏ္ဍများအပေါ် တွင် လည်းကောင်း ထိခိုက်စေသည်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကောင်းမွန်မှန်ကန်သည်နှင့်အမျှ ပြည်သူ့ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အစားအစာနှင့် သောက်သုံးရေ အရင်းအမြစ်များ ဘေးကင်းလုံခြုံရေး၊ စဉ်ဆက်မပြတ်ထုတ်လုပ်ရေး စသည်ဖြင့် အဘက်ဘက်မှ ကောင်းကျိုးရလဒ်များ ဖြစ်ထွန်းလာနိုင်သည်ဖြစ်ရာ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အဓိကအကျဆုံးမှာ ပြည်သူများပင်ဖြစ်ပြီး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွင် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားကောင်းလာသည်နှင့်အမျှ အောင်မြင် အကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး ထွက်ပေါ်လာသည့်ကောင်းကျိုး ရလဒ်များကို ပြန်လည်ခံစားကြရမည့်သူများမှာ ပြည်သူ များပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအလေ့အကျင့် လွန်စွာအားနည်းလျက်ရှိခြင်းနှင့်အတူ အဆိုပါ အားနည်း ချက်၏ သက်ရောက်မှုများကို မြို့ရွာဒေသ အများအပြား တွင် မျက်မြင်တွေ့ရှိနိုင်သည်။ နည်းစနစ် မှန်ကန်သော စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှု ၊ သယ်ဆောင်မှု၊ စွန့်ပစ်မှုများ မရှိခြင်းကြောင့် မြို့ရွာများ၏ အနီးဝန်းကျင်များနှင့် မြစ်၊ ချောင်းများတွင် မြင်ကွင်းအနေနှင့်ရော ရေထု၊ လေထု၊ မြေထုများတွင်ပါ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ရေရှည်ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲ မှုတွင် R သုံးလုံးဖြစ်သည့် စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို လျှော့ချခြင်း(Reduce) ၊ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle) ဟူသည့် နည်းလမ်း သုံးရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်ရန်ပင် ဖြစ်သည်။ ဥပမာအားဖြင့် လူတိုင်း နေ့စဉ် အလွယ်တကူ သုံးစွဲနေကြသည့် ကြွပ်ကြွပ်အိတ်၊ ဖော့ဘူး စသည့် ပစ္စည်းများ သုံးစွဲမှုကို ထိန်းချုပ်သည့် နည်းလမ်းအသီး သီးဖြင့် လျှော့ချခြင်း၊ သုံးစွဲပြီးသည့် ပစ္စည်းကို နောက် ထပ်မံသုံးစွဲခြင်း၊ သုံးစွဲပြီး ကြွပ်ကြွပ်အိတ်နှင့် ဖော့ဘူး အဟောင်းများကို ပြုပြင်ထုတ်လုပ်သည့်နည်းလမ်းများ ဖြင့် အခြားအသုံးပြုနိုင်သည့်ပစ္စည်းများ ပြန်လည် ထုတ်လုပ်သုံးစွဲခြင်းတို့ပင် ဖြစ်သည်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပါဝင်ကြသူများမှာ နိုင်ငံသား ပြည်သူများ၊ စက်ရုံ အလုပ်ရုံများ၊ လူမှုအဖွဲ့အစည်းများ၊ စည်ပင်သာယာအဖွဲ့အစည်းများ၊ ဆက်စပ်နေသည့် ဌာန ဆိုင်ရာများဖြစ်ရာ ကဏ္ဍကိုယ်စီတွင် ပါဝင်သူများက ကျရာတာဝန်ကျေပွန်ကြခြင်းဖြင့် မြို့ကြီးပြကြီးများနှင့် တကွ မြို့နယ် ရွာငယ်များပါမကျန် စွန့်ပစ်ပစ္စည်းကင်းစင် ကာ သန့်ရှင်းလှပသည့် ပတ်ဝန်းကျင်များ ထူထောင်နိုင် ကြပါစေကြောင်း။ ။
Remark Type