
နေပြည်တော် နိုဝင်ဘာ ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် အောင်အေးလှိုင်(ခ)ဂျော့ မောင်းနှင်ပြီး ကျော်ကျော်(ခ)ကုလားလေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို သိမ်းဆည်းရမိခဲ့သသည်။
ထို့ပြင် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲတွင် တောင်ကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် စိုင်းသုတဆက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပင်လောင်းမြို့နယ် မှော်ဘီ - ကျောက်တလုံးကြီး ကားလမ်းတွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာ သည့် ဆိုင်ကယ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးပြီး ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၅၉၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက်နေ မနန်းစမ်ဖောင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ငွေကျပ် ၁၆၁၀ ဒသမ ၀၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀၊ အက်တက်ဆီ ဆေးပြား ၃၉၂၀၊ အဆင့်နိမ့် ဘိန်း ၀ ဒသမ ၀၁၅ ကီလို၊ ကျည်မျိုးစုံ ၈၉ တောင့်၊ ကျည် အိမ်တစ်ခုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား