
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
============================================================
ဒီနေ့ အခုနောက်ဆုံး ကိုဗစ်အခြေအနေကို ပြည်သူလူထုကို တင်ပြဖို့ ဖြစ်ပါ တယ်။ နောက်ဆုံးအခြေအနေဟာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကိုဗစ်ရောဂါ ရှိတဲ့သူတွေ တွေ့ရှိနှုန်းက ချက်ချင်းတော့ မကျသေးပါဘူး။ အဲဒါဟာလည်း မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်တဲ့ Test Kit တွေရှိလို့လည်း ဖြစ်ပါတယ်။ အခုဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို စမ်းသပ်နေနိုင်ပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်လိုက်တဲ့အခါ ဘာတွေ့ရလဲဆိုတော့ လုံးဝ ရောဂါလက္ခဏာ မရှိတဲ့သူတွေမှာ ရောဂါရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ ကျွန်မတို့ အစကတည်းက သတိပေးနေတာပါ။ နှစ်လ၊ သုံးလလောက် ကတည်းက ၇၀ ရာခိုင်နှုန်း နီးပါးလောက် ရောဂါရှိတဲ့လူတွေဟာ ရောဂါလက္ခဏာမပြပါဘူးဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲဒါလည်း တစ်ခါမက ပေါ့နော်၊ တစ်ကြိမ်မက သတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အများက သိပ်ပြီး သတိမပြုမိဘူးလား မသိဘူး။ အခုကျမှ ပကတိကျန်းမာတဲ့ ပုံစံနဲ့ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါရှိတယ်ဆိုတာတွေ့ရလို့ အံ့အားသင့်ကြပါတယ်။ ဒါပေမယ့် ဒီလိုရောဂါလက္ခဏာမပြတဲ့ ပုဂ္ဂိုလ်တွေဆီကနေ ကူးစက်မှုကတော့ ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက စိတ်ချလက်ချနဲ့ သူတို့နဲ့ ထိတွေ့မှုရှိရင်တော့ ရောဂါဖြစ်မှာမဟုတ်ဘူးလို့ ထင်ကြတယ်။
o ရှေ့ဖုံးမှ
ဒါကြောင့် အားလုံးကိုတော့ တစ်ယောက်နဲ့ တစ်ယောက်ကနေ ဘယ်သူမဆို ရောဂါရှိနိုင်တယ်ဆိုတဲ့ အမြင်နဲ့တော့မြင်ရမှာပဲ။ ဒီလိုပြောခြင်းဟာ သံသယ မျက်စိနဲ့ကြည့်ဖို့ မဟုတ်ပါဘူး။ သတိနဲ့ကြည့်ဖို့ဆိုလိုတာ ပါ။ အခုဆိုရင် ပိုပိုပြီးတော့ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘာလုပ်ရမလဲဆိုတာ မြင်လာပါတယ်။ မြင်လာတဲ့ တစ်ချိန်တည်းမှာပဲ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်စရာတွေဟာလည်း တွေ့လာရတာပေါ့။ ဥပမာဆိုရင် ကုန်တင်ကားတွေနဲ့ပတ်သက်လို့ ကျွန်မတို့မှာ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကြားမှာ သဘောတူညီမှုတွေယူဖို့ လိုလာပြီဆိုတာကို သတိပြုမိပါတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့ အခါကျတော့ တစ်နေရာကနေ တစ်နေရာသွားတဲ့ ကုန်တင်ယာဉ်တွေကိုမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်မောင်းအဖော်တွေနဲ့ အဲဒီကနေတစ်ဆင့် ရောဂါ ကူးမှာကို အများကလည်း ကြောက်ကြတယ်။ ကူးတာ လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို စမ်းသပ်လိုက်တဲ့အခါမှာ တချို့တွေက ရောဂါပိုးရှိနေ တယ်ဆိုတာကို တွေ့ရပါတယ်။
ဒါပေမယ့်လည်း ကျွန်မတို့ ပြည်သူတွေကို သတိပြု စေချင်တာကတော့ ရောဂါရပြီဆိုတာနဲ့ သိပ်ပြီးတော့ စိုးရိမ်မှုမလွန်ပါနဲ့။ စိုးရိမ်လွန်ရင် ကိုယ်ခံစွမ်းအားကျနိုင် ပါတယ်လို့ ပြောချင်ပါတယ်။ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ မနေ့တုန်းက ကိုဗစ် ရောဂါဖြစ်ပြီး ပြန်ကောင်းသွားတဲ့ပုဂ္ဂိုလ်နဲ့ ဆွေးနွေးပါ တယ်။ ရောဂါဖြစ်တဲ့လူက အသက်လည်းမငယ်ပါဘူး။ ၆၆ နှစ် ရှိပါပြီ။ နောက်ပြီးတော့ အခံရောဂါတွေလည်း ရှိပါတယ်။ ဆီးချိုလည်းရှိတယ်၊ သွေးချိုလည်းရှိတယ်။ ကျောက်ကပ်လည်း သိပ်မကောင်းဘူး။ အဲဒီတော့ အခြေခံကျန်းမာရေးကလည်း ကောင်းတာမဟုတ်ဘူး။ အသက်ကလည်း ငယ်တာမဟုတ်ဘူး။ အဘက်ဘက်က ကြည့်ရင် ကိုဗစ်ရောဂါရရင် အင်မတန် အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း မြန်မြန်ဆန်ဆန်နဲ့ ကောင်းသွားတယ်။ အေးအေး ဆေးဆေးပဲ။ ကျွန်မကမေးတယ်။ ရောဂါဖြစ်တုန်းက ဒါကိုဘယ်လိုရင်ဆိုင်ခဲ့လဲ၊ ဘယ်လိုကျော်လွှားခဲ့လဲ ဆိုတာ။ အဖြေကို ကျွန်မသဘောကျလွန်းလို့။ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ယူပါတယ်။ ဒီဟာကိုပေါ့နော် ရောဂါဖြစ်ပြီဆိုရင် စိတ်ထားတတ်ဖို့၊ နေတတ်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာပေါ့။ အဲဒါနဲ့ ဒီအဖြေကို သဘောလည်းကျတယ်။ နောက်ပြီး စိတ်လည်းဝင်စားလို့ အခု ပြည်သူလူထုကို ကိုဗစ်ရောဂါ နဲ့ပတ်သက်လို့ ပညာပေးအစီအစဉ်တွေ နည်းနည်းလေး ပြောင်းလိုက်ဖို့ စဉ်းစားထားပါတယ်။ အခုဆိုရင် တစ်ပတ်မှာ သုံးကြိမ်ပေါ့။ သမားတော်ကြီးများ၊ ဆရာဝန် ကြီးများနဲ့ ကျန်းမာရေးအမေးအဖြေ အစီအစဉ်တွေ လုပ်နေတာကို နောက်အပတ်မှာဆိုရင် နှစ်ကြိမ်လုပ်ပြီး တစ်ကြိမ်ကိုတော့ ကိုဗစ်ရောဂါရပြီး ပြန်ကောင်းလာတဲ့ ကျွန်မတို့ပြည်သူတွေနဲ့ ဆွေးနွေးခန်းပေါ့။
ဘယ်လို သူတို့တွေ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့လဲ။ ဘယ်လို ကျော်လွှားခဲ့လဲ။ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ကျော်လွှား ခြင်းဟာ အကောင်းဆုံးလဲဆိုတာကို ပြည်သူတွေသိထားတဲ့ အခါကျတော့ ကိုယ့်ရဲ့မိသားစုတွေ၊ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဒီကိုဗစ်ရောဂါရပြီဆိုရင် စိုးရိမ် ကြောင့်ကြမှု မလွန်အောင်လို့ပေါ့။ ဘာပဲပြောပြော ကိုယ်နေတတ်ထိုင်တတ်မယ်ဆိုရင် ဒီရောဂါကို ပထမဦးဆုံး တော့ သတ်မှတ်ထားတဲ့ စည်းကမ်းတကျ နေမယ်ထိုင်မယ် ဆိုရင် ရောဂါဝင်လို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် ရောဂါရသွားပြီဆိုရင် အဲဒီဟာကိုလည်း ကျော်လွှားနိုင်တဲ့နည်းတွေ ရှိပါတယ်။ ကျန်းမာရေးဌာန ကနေတစ်ဆင့် နိုင်ငံတော်က လုပ်ပေးနေတဲ့ဟာတွေ မကဘဲ ကိုယ့်ဘာသာကို လုပ်နိုင်တဲ့နည်းတွေရှိပါတယ်။ အဲဒါလည်း သိစေချင်လို့ ဒီအစီအစဉ်လေးလုပ်ဖို့ ကျွန်မတို့ စဉ်းစားထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့လည်း ရောဂါရပြီးတော့ ပြန်ကောင်းလာတဲ့ ပြည်သူတွေအနေနဲ့ ကူညီနိုင်တာတစ်ခုက ဘာလဲဆိုတော့ အခုဆိုရင် ကုသနည်းတစ်ခုက ရောဂါရပြီးသားပုဂ္ဂိုလ်များရဲ့ သွေးရည် ကြည်ကနေတစ်ဆင့် ကုသတဲ့နည်းပါ။ အဲဒါကိုတော့ လှူဖို့ဟာ ရောဂါရပြီးသား ပြည်သူပြည်သားတွေက လှူမှ ဖြစ်မှာပါ။ သွေးလှူတဲ့ သဘောမျိုးပေါ့။ အဲဒါ လုပ်နိုင်မယ် ဆိုရင် ကိုယ်ရောဂါရခဲ့ခြင်းဟာ အများအတွက်တောင်မှ အကျိုးပြုနိုင်မယ့် အခြေအနေရောက်သွားနိုင်တယ်ဆိုတဲ့ အမြင်လည်း ရနိုင်ပါတယ်။ ဒါကြောင့် ကူနိုင်တဲ့ဘက်ကနေ ကူပါ။
လှူနိုင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် ကျန်းမာရုံတင် မက တခြားသူလည်း ကျန်းမာသွားအောင်လို့ လုပ်ပေးနိုင် တယ်ဆိုတဲ့ အသိစိတ်နဲ့ အများကြီးစိတ်ကျေနပ်မှုရမယ်လို့ ကျွန်မထင်ပါတယ်။ အဲဒါကြောင့် ဒါလည်း ကူနိုင်တဲ့နေရာ ကို ကူပါ။ နိုင်ငံတော်ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ ဂရုစိုက်တယ်ဆိုရင် နည်းနည်းကြွားသလိုဖြစ်ပေမယ့် ပြောရမယ်ဆိုရင် ကျွန်မတို့ကနေပြီးတော့ အခု အမေရိကန်သမ္မတအတွက် သုံးနေတယ်ဆိုတဲ့ဆေးကို တတ်နိုင်သမျှ ကျွန်မတို့ ပြည်သူ တွေအတွက် သုံးနေပါတယ်။ အဲဒီဆေးနာမည်ကိုလည်း ကျွန်မပါးစပ်ထဲကပြောရတာ တော်တော်ခက်တယ်။ Remdesivir လို့ အသံထွက်တယ်လို့ ထင်ပါတယ်။ အဲဒီဆေးကို ကျွန်မတို့ အိန္ဒိယကနေ ဝယ်ထားတာရှိပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ လှူထားတာတွေလည်း ရှိပါ တယ်။ ဒါဟာ ရောဂါအခြေအနေ နည်းနည်းပြင်းထန်တဲ့ လူနာတွေကို သုံးပါတယ်။ အားလုံးအတွက် သုံးနိုင်တဲ့အခြေ အနေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ပိုပိုပြီးတော့ ကျွန်မတို့ ထပ်ပြီးတော့ ဝယ်ယူပါ့မယ်။ ထပ်ပြီးတော့ သုံးသင့်သုံးထိုက်တဲ့ လူနာတွေအတွက် သုံးသွားမှာဖြစ်ပါ တယ်။
အဲဒီတော့ ရောဂါကို ထိန်းချုပ်ဖို့၊ ကုသဖို့ လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးအရ ကုသမှုတွေကိုလည်း ကျွန်မတို့ လုပ်ရပါတယ်။ ထိန်းချုပ်မှု၊ ကုသမှုပေါ့။ စီးပွားရေး အရ ထိခိုက်မှုတွေသိပ်မရှိအောင်၊ ရှိတဲ့ထိခိုက်မှုတွေကို ကုသနိုင်အောင်ဆိုပြီးတော့ ဒီဟာတွေလည်း လုပ်ရပါတယ်။ အဲဒီတော့ အခုဆိုရင် ဥပမာအားဖြင့် အလုပ်ရုံ၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့ ဒါတွေလည်း ကျွန်မတို့ စဉ်းစားပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံ၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့ ဆိုတာ ဒီစက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အတွက်တင် မဟုတ်ပါဘူး။ နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးတာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အစကတည်းက ကျွန်မတို့ သတ်မှတ်ထားတဲ့ ကိုဗစ်ကာလ မှာဆိုရင် ဦးစားပေးပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေရှိပါ တယ်။ ဥပမာဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ကျွန်မတို့ တစိုက်မတ်မတ် အားပေးနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာဟာ ရေရှည်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ဖြစ်မြောက် စေတယ်။ နောက်ပြီးတော့ ဒီအခြေအနေမှာလည်း ကျွန်မတို့ ပြည်သူတွေကို အလုပ်ပေးတယ်။ နောက်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီအောင် လုပ်နိုင်ဖို့လည်း တခြား လုပ်ငန်းတွေနဲ့စာရင် လွယ်ကူမှုရှိတယ်လို့ ပြောလို့ရပါတယ်။ နောက်ဆုံးကျတော့ စည်းမျဉ်းစည်းကမ်းပဲ။ ဘာမဆို စည်းမျဉ်းစည်းကမ်းပါ။ ဒီစည်းမျဉ်းစည်းကမ်းဘောင်ထဲ ကနေ၊ အတွင်းထဲကနေ လုပ်သွားရင် ကျွန်မတို့ ကာကွယ်နိုင် မယ်။ ထိန်းချုပ်နိုင်မယ်။
ဒီတော့ အခုအချိန်မှာဆိုရင် ရန်ကုန်တိုင်းဒေသကြီး ကတော့ အများဆုံးပါ။ အားလုံးသိပြီးသားပါ။ ရန်ကုန်တိုင်း ဒေသကြီးက လူဦးရေလည်း ထူထပ်တယ်။ ပြန့်ပွားမှုက လည်း နည်းနည်းများနေတယ်။ တခြားတိုင်းဒေသကြီး တွေမှာလည်း ပြန့်ပွားမှုများတဲ့ မြို့နယ်တွေရှိတယ်။ ဒါပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးကို ကြည့်လိုက်မယ်ဆိုရင် မြို့နယ်အများစုကတော့ အခြေအနေကောင်းပါတယ်။ ကိုဗစ် ရောဂါမရှိဘူး မဟုတ် ဘူး။ ရှိတယ်။ သိပ်မများပါဘူး။ ကျွန်မတို့ ထိန်းချုပ်ထား နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒါကို ဆက်လက်ပြီး တော့ ထိန်းချုပ်ထားဖို့ အရေးကြီးပါတယ်။
ကျွန်မအရင်တစ်ခါ တင်ပြတုန်းက ပြောခဲ့ပါတယ်။ အခုအချိန်က အထွေထွေရွေးကောက်ပွဲအချိန်ရောက်နေ ပြီ။ အထွေထွေရွေးကောက်ပွဲဟာ စပြီပေါ့။ နိုင်ငံခြားမှာ ဆိုရင် ကျွန်မတို့ရဲ့ ပြည်ပရောက် နိုင်ငံသူ၊ နိုင်ငံသားများ စပြီးတော့ မဲပေးနေပါပြီ။ နိုင်ငံခြားရေးရုံးကရတဲ့ ကိန်းဂဏန်းတွေအရဆိုရင် နိုင်ငံခြားမှာရောက်နေပြီး မဲပေးပိုင်ခွင့်ရဖို့အတွက် ပုံစံ-၁၅ နဲ့ တင်ပြထားတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဆိုရင် ၁၀၉၄၇၀ ရှိပါ တယ်။ အဲဒီအထဲကဆိုရင် ဒီနေ့အထိ မဲပေးလို့ပြီးတာ ၂၇၉၁၇ ယောက် ရှိပါတယ်။ ဆက်ပြီးတော့ မဲပေးဦးမှာပါ။ အထူးသဖြင့် အခု စနေ၊ တနင်္ဂနွေ မှာဆိုရင် တချို့နိုင်ငံ တွေက သံရုံးတွေမှာ ရုံးပိတ်ရက်တွေဖြစ်လို့ မဲပေးတာတွေ စမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာတွေက ချောချော မွေ့မွေ့နဲ့ ဖြစ်နေပါတယ်။ တစ်ခါတလေတော့ အထစ် အငေါ့လေးတွေ ရှိတာပေါ့။ ဒါပေမယ့် ဒါတွေကိုလည်း ကျွန်မတို့ တတ်နိုင်သမျှ ဖြေရှင်းပေးပါတယ်။
မဲပေးဖို့နေရာမှာ ပြည်ပရောက် နိုင်ငံသူ၊ နိုင်ငံသား များ မဲပေးတဲ့နေရာမှာ ကျွန်မတို့အနေနဲ့ ကျော်လွှားဖို့ ခက်ခဲတဲ့ ကိစ္စတစ်ခုကတော့ အဲဒီ သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါပဲ။ သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ အထူးသဖြင့် သံရုံးတွေမရှိတဲ့နေရာ မှာနေတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများ မဲပေးဖို့ အခက်အခဲလေးတွေ တွေ့ရပါတယ်။ အဲဒါလည်း တတ်နိုင်သမျှတော့ ကြိုးစားပြီးတော့ ဖြေရှင်းပေးပါတယ်။ သက်ဆိုင်ရာနိုင်ငံနဲ့ ညှိရပါတယ်။ ညှိတော့ တစ်ခါတလေ လည်း အဆင်ပြေတယ်။ တစ်ခါတလေလည်း အဆင် မပြေဘူး။ ဒါပေမယ့် တတ်နိုင်သမျှတော့ ပြည်သူတွေက ကိုယ့်မဲပေးပိုင်ခွင့်ကို သုံးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစား ပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြည်ပတင်မကဘူး။ ပြည်တွင်းမှာ ဒီရွေးကောက်ပွဲမှာ ပြည်သူများ လွတ်လွတ် လပ်လပ်နဲ့ စိတ်လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ဆိုတဲ့ အစီအစဉ် တွေလည်း အများကြီးလုပ်နေပါတယ်။ နောက်ဆုံး ကတော့ ရွေးကောက်ပွဲကော်မရှင်က တင်ပြထားတဲ့ အစီအစဉ်တစ်ခုဟာ ပြည်သူတွေအတွက်လည်း စိတ်လည်းလုံခြုံမှုရမယ်။ ကျေနပ်မှုလည်းရမယ်လို့လည်း ကျွန်မတို့ထင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပထမ အစမှာတော့ Stay at Home မြို့နယ်တွေကို ကိုဗစ်ရောဂါ ကူးစက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ များတယ်ဆိုပြီး သတ်မှတ်ထားတဲ့ Stay at Home မြို့နယ်တွေမှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲပေးနိုင်မယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွန်မတို့မှာ ကောင်းကျိုးနှစ်ခုရှိပါ တယ်။ တစ်ခုကတော့ အသက် ၆၀ ကျော်တွေဆိုတာ ဟာ အသက်ကြီးတာနဲ့အမျှ၊ အသက် ၆၀ ကျော်လာတာနဲ့ အမျှ ကိုဗစ်ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ် ရတဲ့ အခြေအနေမှာရှိပါတယ်။ စိုးရိမ်ရတဲ့အသက်အရွယ် တွေ လုံခြုံအောင်လို့ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ ကျွန်မတို့ အစီအစဉ်တွေ စပြီးတော့လုပ်ပါမယ်။
နောက်တစ်ခုက ဘာလဲဆိုရင် ဒီလို အသက် ၆၀ ကျော်တွေက ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲ နေ့မှာ မဲရုံတွေမှာသွားပြီးတော့ မဲပေးမယ့်လူတွေရဲ့ အရေ အတွက်ပါ ကျသွားမယ်။ အရေအတွက် ကျဆင်းသွားတဲ့ အခါကျတော့ လိုအပ်တဲ့ကွာခြားမှုဖြစ်တဲ့ ခြောက်ပေကွာ ခြားပြီး လုပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှု နည်းအောင် စည်းကမ်းတွေကို အကောင်အထည်ဖော်တာ လုပ်နိုင်တဲ့အခါကျတော့ ပိုပြီးတော့ အားလုံးလုံခြုံမှု ဖြစ်ပါတယ်။ ပြည်သူတွေ လုံခြုံမှုအတွက် လိုအပ်တဲ့ Mask တို့၊ Faceshield တို့ကိုလည်း နိုင်ငံတော်က တာဝန်ယူပြီးတော့
»» စာမျက်နှာ ၃ မှ
လုပ်ပေးပါမယ်။ အဲဒီဟာအပြင် အခုနောက်ဆုံး စဉ်းစား ထားတာကတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း ဒါကို သဘောတူပါတယ်။ Stay at Home မြို့နယ်တွေမှာဆိုရင် အသက် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့် ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေ တွေ ပိုပြီးတော့ကောင်းသွားမယ်။ ကျန်းမာရေးအရလည်း အသက် ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မလည်း ကြိုတင်မဲပေးလို့ ရတာပေါ့။ ဒီအပြင် Stay at Home မြို့နယ်တွေအပြင် လူဦးရေများတဲ့ မြို့နယ်တွေကိုပါ ဒီလိုအစီအစဉ်၊ အသက် ၆၀ ကျော်တွေကို ကြိုတင်မဲပေးနိုင်မယ့် အစီအစဉ်တွေလုပ်ဖို့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ ဘယ်လိုသတ်မှတ်မလဲ ဆိုတာတော့ ကျွန်မတို့ဆုံးဖြတ်ရမှာပါ။ လူဦးရေများတယ် ဆိုတာကို ဘယ်လိုအတိုင်းအတာ၊ ဘယ်လိုအတိုင်းအဆနဲ့ သတ်မှတ်မလဲဆိုတာကို ကျွန်မတို့ တိတိကျကျ မဆုံးဖြတ်ရ သေးပါဘူး။ ဆုံးဖြတ်ပြီးတာနဲ့ ပြည်သူတွေကို ကျွန်မတို့ အသိပေးမှာဖြစ်ပါတယ်။
ဒီတော့ အဘက်ဘက်က နိုင်ငံတစ်နိုင်ငံ လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ လုပ်ငန်းတွေအားလုံးကို ဆက်ပြီးတော့ ချောချောမွေ့မွေ့၊ ရှောရှောရှူရှူနဲ့ လုပ်သွားနိုင်ဖို့ ကြိုးစား နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပြောတိုင်းပြောတိုင်း မဖြစ်မနေ ကျွန်မတို့ ကျေးဇူးတင်သင့် တာက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဟာ သိပ်ပြီးတော့ ရောဂါပြန့်ပွားမှုများတဲ့ နေရာတွေမှာဆိုရင် မလုံလောက်တဲ့ အခါကျတော့ တခြား တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ။ ရောဂါအခြေအနေ ကောင်းတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက ခေါ်ယူ ရပါတယ်။ အားလုံးလာပြီး ကူညီပေးတဲ့ဝန်ထမ်းတွေ ကိုလည်း ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ရောဂါပြန့်ပွားမှု များတဲ့ နေရာတွေမှာ တစိုက်မတ်မတ်လုပ်ခဲ့ရတဲ့၊ လုပ်နေ ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အများကြီး ကျေးဇူး တင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းအချို့ ရောဂါကူးစက်မှု ရှိတယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူတွေ သိထားပြီးသား ပါ။ အဲဒီဝန်ထမ်းတွေလည်း မြန်မြန်ဆန်ဆန် ကျန်းမာကြပါ စေလို့ ကျွန်မအနေနဲ့ ဆုတောင်းပါတယ်။ ပြည်သူတွေ အားလုံးကလည်း ဝိုင်းဝန်းပြီးတော့ ဒီအတိုင်းပဲ ဆုတောင်း ကြမယ်လို့ ထင်ပါတယ်။ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်မ တို့ အခု လိုအပ်ချက်နဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပါမယ်။ လိုအပ်ချက်မရှိတော့ဘူးဆိုတာနဲ့ ကျွန်မ တို့ ပြန်ပြီးရုပ်သိမ်းပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစည်းမျဉ်းစည်းကမ်းတွေက ပြည်သူတွေရဲ့ လွတ်လွတ် လပ်လပ် သွားလာနေထိုင်မှုကို ချုပ်ချယ်ချင်လို့ မဟုတ်ပါ ဘူး။ ရောဂါကို ချုပ်ချယ်ချင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ရောဂါနဲ့ပတ်သက်လို့ စိတ်ချရတယ်ဆိုတဲ့ အနေအထား ရှိလာရင်၊ ဥပမာ စောစောက ကျွန်မပြောသလို အလုပ်ရုံ၊ စက်ရုံတွေ ပြန်ပြီးတော့ လည်ပတ်လာနိုင်အောင်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေးပါမယ်။ စစ်ဆေးပြီးတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုယ်ညီတယ်ဆိုရင် မြန်မြန် ဆန်ဆန်ပြန်ပြီးတော့ လည်ပတ်နိုင်အောင်လို့ ကျွန်မတို့ စီစဉ်မှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ ပြည်သူတွေက အဓိကအားဖြင့် တော့ စိတ်ခိုင်ခိုင်ထားပါ။ သတိနဲ့တော့ အမြဲနေပါ။ စိုးရိမ် ကြောင့်ကြမှု မလွန်ပါနဲ့။ နောက်ပြီး ရောဂါရသည့်တိုင် အောင် ဒီရောဂါကို ကျော်လွှားနိုင်မယ်ဆိုတာကို ယုံကြည် စေချင်ပါတယ်။ နောက်အပတ်စမယ့် အစီအစဉ်မှာဆိုရင် လည်း ကိုယ်တိုင်ကိုယ်ကျ ဒီရောဂါကိုရင်ဆိုင်ပြီး ကျော်လွှားခဲ့တဲ့ ကျွန်မတို့ ပြည်သူတွေရဲ့အသံကို ကြားရ ပြီးတော့ သူတို့ဘယ်လိုလုပ်ခဲ့တယ်။ ဘယ်လို ဒီရောဂါကို ရင်ဆိုင်ခဲ့တယ်။ ဒီစိန်ခေါ်မှုကြီးကို အနိုင်ယူခဲ့တယ်ဆိုတာ ကြားရရင် ရောဂါရမှာ စိုးရိမ်နေတဲ့ ပြည်သူတွေ၊ ရောဂါ ရနေတဲ့ ပြည်သူတွေ၊ နောက်ပြီးတော့ ကိုယ်ရဲ့ဆွေမျိုး၊ မိတ်သင်္ဂဟတွေကြားမှာ ရောဂါဖြစ်နေတဲ့ ပြည်သူတွေ အတွက်လည်း စိတ်သက်သာရာရတဲ့အပြင် လက်တွေ့ ကျကျနဲ့ အထောက်အကူပြုဖြစ်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ ထပ်လောင်းပြောရမယ်ဆိုရင် စိုးရိမ် မလွန်ပါနဲ့။ သတိတော့ကြီးစွာရှိပါ။ ကျွန်မတို့ နေ့တိုင်း၊ နေ့တိုင်း အဆက်မပြတ်တစ်ချိန်လုံး ဒီရောဂါနဲ့ပတ်သက် ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အမြဲတမ်းစဉ်းစား နေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ဆိုင်ပါတယ်။ လိုအပ် ချက်အသီးသီးအားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်ဆိုတာ ပြောချင်ပါတယ်။
အားလုံးကျန်းမာချမ်းသာအောင်မြင်နိုင်ကြပါစေ။