
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
===================================================================================================================================================================
ဒီနေ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ အခြေအနေတွေကို တင်ပြတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ပြန့်ပွားမှုနည်း သွားတယ်လို့ ပြောလို့မရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေအနေနဲ့၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး မှာရှိတဲ့ ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ဖို့ ကျွန်မထပ်ပြီး သတိပေးချင်ပါတယ်။ အထူးသဖြင့်ဆိုရင် လူစုစုဝေးဝေးနေရတဲ့ နေရာတွေမှာ ဒီလိုရောဂါမျိုးက ပြန့်ပွား တတ်ပါတယ်။ ဒါကြောင့် ဥပမာဆိုရင် စာသင် ကျောင်းတွေကို ပိတ်ထားတာဖြစ်ပါ တယ်။ သင်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ စသဖြင့် စုစုဝေးဝေး နေရတဲ့နေရာတွေမှာဆိုရင် ဖြစ်ပွားမှုများ ပါတယ်။
အခု ပြန့်ပွားမှုဟာ ဘယ်လိုနေရာတွေ မှာ ဖြစ်နေသလဲ၊ ဘယ်လိုအခြေအနေ တွေမှာ ဖြစ်နေသလဲလို့ ကြည့်လိုက်တဲ့ အခါကျတော့ ရပ်ထဲရွာထဲမှာ ပြန့်ပွားနေတဲ့ အခြေအနေတွေကိုပဲ ပြောရမှာပေါ့။ အထူး သဖြင့် သွားလာနေတဲ့ ပုဂ္ဂိုလ်များကြားထဲမှာ ပြန့်ပွားတာပေါ့။ အဝေးပြေးယာဉ်တွေ မောင်းတဲ့ ယာဉ်မောင်းတွေကို အခုဆိုရင် စစ်ဆေးနိုင်တဲ့အခြေအနေရှိတဲ့ အခါကျ တော့ စစ်ဆေးတဲ့အခါမှာ သန်သန်မာမာလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တွေက တကယ်တော့ ရောဂါပိုးရှိနေတယ်ဆိုတာ တွေ့ရပါတယ်။
ဒါကြောင့် ထပ်ပြီးတော့လည်း ပြောပါရစေ။ အကြိမ်နှစ်ရာတော့ မကတော့ ဘူးထင်တယ်။ ဒါပေမယ့်ထပ်တော့ပြောပါရစေ။ ရောဂါလက္ခဏာမမြင်ရတဲ့ သူတွေ အများကြီးရှိပါတယ်။ ရောဂါရှိနေတယ်၊ ရောဂါလက္ခဏာမမြင်ရဘူး။ အခြေခံကျန်းမာရေးကောင်းလို့ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီလို အခြေခံ ကျန်းမာရေးကောင်းတဲ့သူတွေဆီကနေ တခြားအခြေခံကျန်းမာရေးမကောင်း တဲ့သူတွေ ဆီကိုကူးသွားရင် အင်မတန်မှ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်တစ်ယောက်တည်းအတွက်သာ စဉ်းစားဖို့မဟုတ်ဘဲ အများအတွက်၊ ပတ်ဝန်းကျင်အတွက် စဉ်းစားဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။
ကျွန်မတို့ ပတ်ဝန်းကျင်အတွက် စဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောတဲ့ နေရာမှာ ရောဂါကူးပြီးတဲ့အခါ စိုးရိမ်ရသလားဆိုတော့ စိုးရိမ်သင့်သလောက် စိုးရိမ်ရပါတယ်။ ဘယ်လိုပဲပြောပြောပေါ့။ အခုဆိုရင် လူငယ်ပိုင်းကလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေ ရှိလာပါတယ်။ အဲဒီတော့ လူငယ်ပိုင်း ဆိုပေမယ့်လည်း အသက်နဲ့မဆိုင်ဘူးပေါ့။ အခြေခံကျန်းမာရေးကောင်းတာ၊ မကောင်းတာဆိုတာ အသက်နဲ့မဆိုင်ပါဘူး။ တစ်ခါတလေလည်း ရောဂါ ကြီးကြီးမားမားမဟုတ်လို့ အခြေခံရောဂါရှိတယ်ဆိုတာ မပေါ်ပေမယ့်လည်း အခြေခံတစ်ခုခု အားနည်းချက်ရှိနေတဲ့အခါကျတော့ ရောဂါပိုးဝင်တဲ့အခါ ကျရင် မခံနိုင်တဲ့အခြေအနေတွေကို ရောက်သွားနိုင်ပါတယ်။
ကျွန်မ အရင်တစ်ခါပြောတုန်းက ပြောဖူးပါတယ်။ ကျွန်မတို့အနေနဲ့ အကောင်းဆုံး ဆေးတွေရအောင်လို့ ပြည်သူတွေအတွက် စီစဉ်ပါတယ်။ နောက်ပြီးတော့ ပြောရခက်တဲ့ Remdesivir ပေါ့။ အဲဒီဆေးဟာဆိုရင် တတ်နိုင် သလောက် ဒီရောဂါကိုပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ပြည်သူတွေအတွက် သုံးပါတယ်။ သို့သော်လည်း အများကြီးမရှိပါဘူးဆိုတာတော့ ပြောပါရစေ။ အခုဆိုရင် ကျွန်မတို့မှာ ရှိတဲ့နှုန်းဟာ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင် မှာဖြစ်ပါတယ်။ ထောင်ဂဏန်းလောက်အတွက်ပဲ သုံးနိုင်မယ်ဆိုတော့ ထပ်ပြီး တော့လည်းတတ်နိုင်သမျှ ကျွန်မတို့ရအောင်လို့လုပ်ပါမယ်။ အိန္ဒိယနိုင်ငံ ကလည်း လှူခဲ့တာတွေလည်းရှိပါတယ်။ ပြည်သူတွေရဲ့ကျန်းမာရေးအတွက် တတ်နိုင်သမျှလုပ်ပေမယ့် အရင်းခံအားဖြင့်တော့ ပြည်သူတွေကိုယ်တိုင်က ကျန်းမာအောင်နေတတ်ဖို့က အဓိကပါပဲ။ အဲဒီတော့ ကုသပေးတဲ့အခါကျရင် ဒီဆေးနဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်း အာမခံတယ်လို့လည်း ပြောလို့မရပါဘူး။ ဒီဆေးက ဘယ်လိုပဲစွမ်းစွမ်း ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိပါဘူး။ နောက်ပြီး တော့ အခုအခြေအနေမှာတော့ ရောဂါကူးစက်သူတွေ ၁၀ဝ ရာခိုင်နှုန်းအတွက် သုံးပေးနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။ တတ်နိုင်သမျှတော့ လုပ်ပေး နေပါတယ်။ ထပ်ပြီးတော့လည်း ရအောင်လုပ်ပါမယ်။ နောက်ဆုံးကျတော့ ပြည်သူတွေက ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့အဓိကပဲဖြစ်ပါတယ်။ ထပ်ပြီးသတိပေးချင်တာကတော့ စိုးရိမ်လည်း မလွန်ပါနဲ့။ စိုးရိမ်လွန်ရင် ကိုယ်ခံစွမ်းအားကျပါတယ်လို့ ပြောချင်ပါတယ်။
အခုအချိန်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေကို လည်ပတ်နိုင်တဲ့အခြေ အနေရှိရင် လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လည်ပတ်နိုင်တဲ့အခြေ အနေဆိုတာ ဘယ်လိုပြောတာလဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ၊ စံနှုန်းတွေအရ ဖွင့်နိုင်ခြေရှိတဲ့ A အဆင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေပါ။ A အဆင့်ဆိုတာ လုံခြုံတယ်၊ စိတ်ချရတယ်ဆိုတဲ့ သဘောပါ။ အဲဒီစက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခုရေတိုတင်မကပါဘူး၊ ရေရှည်ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့ လုပ်ရပါတယ်။
ဒီလိုအချိန်မှာ စက်ရုံတွေ၊ အလုပ်ရုံတွေ အထူးသဖြင့် နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့စက်ရုံ၊ အလုပ်ရုံတွေက ကြာကြာရပ်သွားရတယ်ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံမှုတွေက ဆက်ပြီးရချင်မှရမှာပါ။ အဲဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားရတယ်ဆိုရင် ရေရှည်မှာ ကျွန်မတို့ရဲ့စီးပွားရေး၊ ကျွန်မတို့ အလုပ် သမားများရဲ့ဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများကို မြန်မြန်ဆန်ဆန်ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်။ ဒီလိုလည်ပတ်နိုင်ဖို့ အဓိကကျတာကတော့ အလုပ်သမားများဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ နေရမှာဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေမှာလည်း တာဝန်ရှိသလို အလုပ်သမားတွေ တစ်ဦးချင်း တစ်ဦးချင်းမှာလည်း တာဝန်ရှိပါ တယ်။ စက်ရုံ၊ အလုပ်ရုံအတွင်းမှာ ဘယ်လိုအခြေအနေရှိသင့်သလဲဆိုတာကို အားလုံးသိအောင်လို့ ကျွန်မတို့ ကြေညာထားပြီးသားဖြစ်ပါတယ်။ ဒီအချက် အလက်တွေနဲ့ ကိုက်ညီစွာနေမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှု ရှိမှာပါ။ နောက်ဆုံးတော့လည်း ဒါပါပဲ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ အင်မတန်မှ ရိုးရှင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျနဲ့ တကယ့်ကို ခိုင်ခိုင်လုံလုံလိုက်နာနိုင်မယ်ဆိုရင် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် သွားနိုင်မှာ ဖြစ်ပါတယ်။
ရောဂါပြန့်ပွားမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ ပညာပေးအစီအစဉ်တွေ လုပ်နေ တယ်ဆိုတာ ပြည်သူတွေလည်း သိပြီးသားဖြစ်ပါတယ်။ ဖြစ်နိုင်ရင်နားထောင်ပါ။ နားထောင်တဲ့အခါကျမှ အခြေအနေကိုလည်း သိရမယ်။ မလိုအပ်တဲ့ကိစ္စတွေ ကိုလည်း မစိုးရိမ်ရဘူးပေါ့။ တချို့ကျတော့ မလိုအပ်ဘဲနဲ့ စိုးရိမ်ကြောင့်ကြမှု များနေတာလည်း ရှိပါတယ်။ ဒါပေမယ့် သတိဆိုတာလည်း လွန်ကဲတယ်လို့ မရှိဘူးဆိုတာကိုလည်း သဘောပေါက်အောင်လို့ ကျွန်မတို့ ဒီလိုဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အတန်တန်ပြောနေတဲ့အတိုင်းပဲပေါ့။ ခုအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက စိန်ခေါ်မှုကြီး(၂)ရပ်ကို ရင်ဆိုင်နေရတယ်။ အထွေထွေ ရွေးကောက်ပွဲများကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့နဲ့ ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ပဲဖြစ်ပါတယ်။
ကိုဗစ်ရောဂါကို ဘယ်လောက်ကြာကြာ လုပ်ရဦးမှာလဲဆိုတော့ ကျွန်မတို့ နားလည်သလောက်ကတော့ပေါ့။ ပညာရှင်များရဲ့အမြင်မှာတော့ ကာကွယ်ဆေး ဆိုတာ သိပ်ပြီးတော့မကြာတော့တဲ့ ကာလမှာ ဖြစ်နိုင်မယ်။ ပေါ်တော့မယ်။ သုံးနိုင်တဲ့ အခြေအနေရောက်မယ်လို့ ပြောကြပါတယ်။ ဒါလည်း ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးအချိန်ကို ရောက်နေပြီ လို့ တချို့၊ တချို့ဆိုတာ တော်တော်များများပေါ့။ ကျန်းမာရေးအမြင်ပိုင်းဆိုင်ရာ ပညာရှင်များက သတ်မှတ်ပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေ ရောက်တဲ့ အထိကို အားလုံးဟာ ရောဂါကူးစက်ဖို့ အန္တရာယ်ရှိနေသေးတယ်ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ ရောဂါရပြီး ပြန်ပြီးတော့ကောင်းလာလို့ ဆေးရုံက ဆင်းလာတဲ့သူတွေအတွက်လည်း အန္တရာယ်ရှိပါသေးတယ်။ အခုထက်ထိ ဒီရောဂါက (၂)ကြိမ်မကူးနိုင်ဘူးဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့် သတိထားကြပါ။
ဆေးရုံကဆင်းဖို့နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကျန်းမာရေးအဖွဲ့ အစည်းကြီးက သတ်မှတ်ထားတဲ့ စံနှုန်းစံထားအရ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဆင်းနိုင်ဖို့အတွက် လုပ်ပါတယ်။ ဒီစံနှုန်းတွေအောက်ကို မကျအောင်၊ ဒါပေမယ့် မြန်မြန်ဆန်ဆန်ဆင်းစေချင်တယ်ဆိုတာကတော့ ကျွန်မတို့အနေနဲ့ ရောဂါ ရပြီးတဲ့ ပြည်သူတွေကို ကုသစောင့်ရှောက်မှုများများ မပေးချင်လို့မဟုတ်ပါဘူး။ နောင်တက်လာမယ့်သူတွေကို ပိုပြီးတော့ စောင့်ရှောက်နိုင်တဲ့ အခြေအနေရှိ အောင်လို့ပြောနေတာ ဖြစ်ပါတယ်။ ခုထက်ထိရောဂါကလည်း ပြန့်ပွား နေတုန်းပဲ ရှိသေးတယ်။ နောင်လာမယ့် လူနာတွေအတွက်၊ ရောဂါသည်တွေ အတွက် ဆေးရုံတွေမှာ လုံလုံလောက်လောက် နေရာတွေရှိရမယ်။ နောက်ပြီး တော့ အင်မတန်မှ ကျေးဇူးတင်ရမှာဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လည်း ပိုပြီးတော့ အလုပ်အကိုင်ကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်မယ့်အခြေအနေ ဖြစ်ပါတယ်။ ရောဂါကူးစက်သူ များလာတာတဲ့အမျှ ကျန်းမာရေး ဝန်ထမ်းတွေ ဦးရေကများလာတာ မဟုတ်ပါဘူး။ များလာတဲ့လူနာဦးရေကို ရှိပြီးသား ကျန်းမာရေးဝန်ထမ်းတွေက တတ်နိုင်သမျှ ပီပီပြင်ပြင် စောင့်ရှောက်နိုင်အောင် လို့ ကြိုးစားနေတာဖြစ်ပါတယ်။
စောစောကပြောသလို အထွေထွေရွေးကောက်ပွဲဟာလည်း ဒီအချိန်မှာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ စိန်ခေါ်မှုကြီးတစ်ခုဆိုပေမယ့်လည်း ဒါကို လည်း ပြည်သူလူထုအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်တယ်လို့ ကျွန်မ ပြောချင်ပါတယ်။ နိုင်ငံခြားမှာတော့ စတင်ပြီးကြိုတင်မဲတွေပေးနေပြီဆိုတာ ပြည်သူတွေသိပြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် မဲပေးချင်တဲ့စာရင်းဝင်ထားသူ ၁၀၉၄၇၀ ထဲကဆိုရင် ၅၀၅၂၀ ဟာမဲပေးပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း နိုင်ငံတကာသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ မဲပေးစရာရှိပါသေးတယ်။ နိုင်ငံခြားမှာတော့ ရွေးကောက်ပွဲက စနေပါပြီ။ ဒီနိုင်ငံမှာလည်း မကြာခင် စပါတော့မယ်။ ပြည်သူများသိတဲ့အတိုင်းပဲ ပိုပြီးတော့ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့် စုံစုံ မဲပေးနိုင်ဖို့အတွက် အသက် ၆၀ ကျော်တွေကို အထူးအခွင့်အရေး တစ်ခု အနေနဲ့၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နောက်ပြီးတော့လည်း မဲရုံတွေမှာ သိပ်ပြီးတော့ လူစုလူဝေး မဖြစ်ဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သွားနိုင်လာနိုင် ကျန်းကျန်းမာမာရှိတဲ့ ပုဂ္ဂိုလ် များဟာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားပြီးတော့ ကြိုတင်မဲပေးလို့ရပါ တယ်။
အကယ်၍ ကျန်းမာရေးကြောင့်မသွားနိုင်ဘူး၊ မလာနိုင်ဘူးဆိုရင်လည်း အိမ်မှာ လာပြီးတော့ ကြိုတင်မဲလာယူပေးဖို့ စီစဉ်ပေးလို့ရပါတယ်။ ကြိုတင်မဲ တွေနဲ့ပတ်သက်လို့ဆိုရင် ဆေးရုံတွေမှာ၊ Quarantine Center တွေမှာလည်း ပြည်သူတွေက အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကြိုတင်မဲတွေပေးနိုင်ဖို့အတွက် စီစဉ်ထားတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်တွေကို အဟောသိကံ မဖြစ်ရအောင် ပြည်သူပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိသူများအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့အနာဂတ် အတွက် အင်မတန်မှအရေးကြီးပါတယ်။ ကိုဗစ်ကလည်း ကျွန်မတို့နိုင်ငံရဲ့ အခုလောလောဆယ် အခြေအနေအတွက် အရေးကြီးပါတယ်။ နောက်ပြီးတော့ သိပ်ရှည်ရှည်ကြီးမဟုတ်ရင်တောင်မှ နောင် ၁ နှစ်၊ ၂ နှစ်အတွက် စီးပွားရေး ကိုလည်း မထိခိုက်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေသလို ပြည်သူပြည်သား တွေကလည်း ဝိုင်းပြီးတော့ ကြိုးပမ်းတဲ့အနေနဲ့ ရောဂါမရဖို့အတွက် ကျန်းကျန်းမာမာရှိအောင်နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကျန်းကျန်းမာမာဖြစ်အောင် နေနိုင်ပါစေ။ အားလုံးကိုကျေးဇူး တင်ပါတယ်။